တာဝန်ဝါးခြမ်း

ခေတ်စမ်း စာရေးဆရာကြီး သိပ္ပံမောင်ဝရဲ့ စာတစ်ပုဒ်မှာ ဇာတ်ဆောင် မောင်လူအေး ငယ်ငယ်က အအိပ်ကြီးတဲ့ ဂုဏ်ထူးဝိသေသကို အခုလိုရေးသီခဲ့ပါတယ်။ မောင်လူအေး လေး၊ ငါး၊ ခြောက်တန်းတုန်းက ဘွားဒွေးကြီးက ဝါးခြမ်းဖြင့် ဆော်မှ အိပ်ရာထခဲ့ကြောင်း၊ ငယ်ငယ်က ဘွားဒွေး ကြီးရဲ့ ဝါးခြမ်းကို ကြောက်လို့ အိပ်ရာမှ စောစောထခဲ့ရပြီး နိုင်ငံ့ ဝန်ထမ်းဘဝတွင်မူ ဘွားဒွေးကြီး ရဲ့ ဝါးခြမ်းထက် အဆတစ်ရာ မက တန်ခိုးကြီးသော၊ အိပ်မော ကျနေရင်းပင် ဆတ်ခနဲ လန့်၍ နိုးအောင်တတ်နိုင်သော ‘တာဝန် ဝါးခြမ်း’ ကို ကြောက်၍ အိပ်ရာမှ စောစောထရကြောင်းတို့ပင် ဖြစ် ပါတယ်။

ဟုတ်ပါပေတယ်။ စာရေး သူကိုယ်တိုင် ပညာရေးဝန်ထမ်း ဖြစ်ပြီး နှစ်ချိန်တက်ကျောင်းတွင် တာဝန်ကျသူဖြစ်ရာ ကျောင်းကို မနက်ပိုင်း ၆ နာရီခွဲအရောက်သွား ဖို့ ပြင်ဆင်ရပါတယ်။ မနက် ၄ နာရီခွဲ နှိုးစက်ပေးပြီး ချက်ပြုတ် ပြင်ဆင်ရသူ ဖြစ်ပါတယ်။ နှိုးစက် သံကြားတိုင်း အိပ်ရာမှ မထချင် ထချင်နဲ့ လူးလဲထရတဲ့အခါ နှိုး စက်သံကို ကြောက်မိပါတယ်။ ကျောင်းပိတ်ရက်မှာ ကျောင်းက တာဝန်တွေ၊ ပြင်ပလူမှုရေးကိစ္စ တွေ မရှိရင်တော့ မိုးလင်းအောင် အိပ်ခွင့်ရခဲ့ပါတယ်။


ကျောင်းဖွင့်ရက်ဆို ည ၉ နာရီနောက်ပိုင်း ဇာတ်လမ်းတွေ မကြည့်နိုင်သလို ဖေ့စ်ဘွတ်ခ် လည်း မသုံးဖြစ်တော့ပါဘူး။ ဒါတောင် စာရေးသူက အိမ်နဲ့ ကျောင်းနဲ့ တစ်မှတ်တိုင်ပဲဝေးလို့ ၆ နာရီကျော်မှ အိမ်ကထွက်လည်း ကျောင်းချိန်အမီ ရောက်ပေမယ့် အိမ်နဲ့ဝေးတဲ့ ဆရာမတွေခမျာ အိမ်ထောင်သည်တွေဖြစ်ရင် မိ သားစုအားလုံးအတွက် စီမံချက် ပြုတ်ရင်း ကျောင်းကို ၇ နာရီထိုး ရောက်ဖို့ အသည်းအသန်လုပ်ရ ပါတယ်။ နေထိုင်မကောင်းတဲ့ ရက်မှာတောင် ကျောင်းတစ်ရက် ပျက်ရင် ကိုယ့်အစား တာဝန်ယူရ မယ့် ဆရာတွေကို အားနာရပါ တယ်။ အတန်းပိုင်ဆရာမဖြစ်ရင် ကိုယ်မရှိတုန်း ကလေးတွေ ဝရုန်း သုန်းကား ပြဿနာဖြစ်မှာလည်း ပူပန်ရတော့ ကျောင်းပျက်ဖို့ဆို တာ အတော်ဝန်လေးလှပါတယ်။

အဲဒီလိုနဲ့ ကျောင်းပိတ်ရက် ရောက်တဲ့အခါ အိပ်ရေးဝအောင် အိပ်မဟဲ့လို့ အားခဲထားသော် လည်း အကျင့်ပါနေတဲ့ မျက်လုံး က ဆက်အိပ်ခွင့်မပေးတော့တဲ့အ ပြင် လျှော်ရေး ဖွပ်ရေး၊ လူမှုရေး ကိစ္စအဝဝနဲ့ စောစောထရပြန်တာ ပါပဲ။ (တစ်ခါတလေ ကျောင်းတာ ဝန်က ပိတ်ရက်လည်း ပါလာ တတ်ပါသေးတယ်။)

တာဝန်ဆိုတာ ပေါ့ပေါ့တွေး ရင် မလေးလံလှပေမယ့် ကိုယ်က ကိုယ့်တာဝန်ကို မလစ်ဟင်းချင် တဲ့သူဆိုရင် ဝါးခြမ်းနဲ့တူတဲ့ စည်း ကမ်းကိုတော့ လေးစားကြောက် ရွံ့ရမှာ ဖြစ်ပါတယ်။ ‘စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ’ ဆိုတာ ကျောင်းသားတွေနဲ့ပဲ သက်ဆိုင်တာမ ဟုတ်ပါဘူး။ အနာဂတ်ကို ပုံဖော် နေတဲ့ သူတွေအတွက် ပိုလို့အရေး ကြီးပါတယ်။

တချို့သော အစိုးရဌာနဝန် ထမ်းတွေဟာ စိတ်ဓာတ်ရေးရာ မပြည့်ဝ၊ မရင့်ကျက်တာတွေရှိနေ ဆဲဖြစ်ပါတယ်။ ဥပမာပြောရရင် ဝန်ထမ်းအားလုံး တန်းတူညီမျှရ ထားတဲ့ ပြက္ခဒိန်နှစ်တစ်နှစ်မှာ ရှောင်တခင် ခွင့်ဆယ်ရက်ဖြစ်ပါ တယ်။ ဒီခွင့်ရက်တွေဟာ မလွှဲမ ရှောင်သာတဲ့ ကျန်းမာရေး၊ လူမှု ရေး၊ သာရေးနာရေး ကိစ္စတွေ အ မှန်တကယ်ရှိမှသာ ယူရတဲ့ ခွင့်အ မျိုးအစားဖြစ်ပါတယ်။ ကိစ္စကြီး ငယ်မရှိဘဲ ယူမိရင် အလုပ်တာဝန်ရပ်ဆိုင်းတဲ့အထိ အပြစ်ကြီးလေး ပါတယ်။ တချို့သော ဝန်ထမ်း တွေအနေနဲ့ အကြောင်းကြီးငယ် မရှိဘဲ ခွင့်တွေယူပြီး မိမိခွင့်ရက် ဆယ်ရက်ကုန်အောင် ဖြုန်းပစ်ကြ ပါတယ်။ ကျောင်းတွေမှာဆိုရင် ဒီဇင်ဘာလဟာ ကျောင်းပိတ်ရက် အများဆုံးလ ဖြစ်ပေမယ့် ဆရာ တွေ ခွင့်အယူဆုံးလဖြစ်လို့ သူတို့ ပြောတဲ့ စကားက ‘ခွင့်ဖြိုတယ်’ ဆိုပဲ။ အဲဒီလိုဆရာတွေကို ‘အင်မ တန်ညံ့ဖျင်းတဲ့ စိတ်ဓာတ်ရှိတဲ့သူ တွေ’ လို့ အငြိမ်းစားယူသွားတဲ့ အစ်မတော် ဆရာမတစ်ယောက် က ရှုတ်ချခဲ့ပါတယ်။

 ခွင့်ရက်တွေ ဆယ်ရက် ကျော်အောင် ယူခဲ့ပေမယ့် အရေး ယူတဲ့ စည်းကမ်း တင်းကျပ်တဲ့ ကျောင်းအုပ်နဲ့ မတွေ့ရင် တချို့ကပျော်ပျော်ကြီး ယူပစ်ကြပါတယ်။ ဒါဟာလည်း နိုင်ငံကြီးသား မပီသတဲ့ ဝန်ထမ်းဆိုး၊ ဝန်ထမ်းညံ့တွေရဲ့ ရေသာခိုနည်းတစ်မျိုးပါပဲ။  

 စာရေးသူတို့ တစ်တွေဟာ လူသားအရင်းအမြစ်တွေကို ပြုစု ပျိုးထောင်ပေးရတဲ့ ဆရာ၊ ဆရာမတွေဖြစ်ပါတယ်။ တစ်နည်းအား ဖြင့် အနာဂတ်ကို တည်ဆောက် ပေးနေကြတာ ဖြစ်ပါတယ်။ ဥယျာဉ်မှူးတွေလို့လည်း တင်စား ခံရပါတယ်။ အနာဂတ်ကို ပြုစုပျိုး ထောင် တည်ဆောက်နေတဲ့သူ တွေ ဖြစ်တာနဲ့အညီ ကျောင်းသား ကျောင်းသူတွေကို ပညာရပ်တွေ သာမက ကျောင်းမှန်မှန်တက်ဖို့၊ စိတ်ဓာတ်၊ စည်းကမ်းကောင်းဖို့ ဆုံးမသွန်သင်ပေးနိုင်မှ ဆရာတာ ဝန်ကျေပွန်ကြမှာ ဖြစ်ပါတယ်။ ကိုယ်တိုင်က အဲဒီလို မလိုက်နာ မကျင့်သုံးနိုင်ရင် တပည့်တွေ ကျောင်းမှန်မှန်တက်ဖို့၊ စည်းကမ်း ရှိဖို့ ဘယ်လိုဆုံးမသွန်သင်ကြမှာ လဲ. . . ။

တာဝန်ဆိုတဲ့ ဝါးခြမ်းဟာ စာရေးသူတို့ရဲ့ တာဝန်သိစိတ်၊ တာဝန်ယူစိတ်ကို အမြဲတမ်း လှုံ့ ဆော်ပေးနေတာ ဖြစ်ပါတယ်။ အိပ်မောကျရင် ဆတ်ခနဲ လန့်နိုး အောင် လှုပ်နှိုးပေးနေတာဖြစ်ပါ တယ်။ နိုင်ငံ့တာဝန်၊ အဖွဲ့အစည်း တာဝန် စတဲ့ တာဝန်အသီးသီးကို ထမ်းဆောင်နေတဲ့ သူတိုင်း မလွဲ မသွေ လေးစားလိုက်နာကြရမယ့် ဝါးခြမ်းကြီးပင် ဖြစ်ပါပေတယ် ရှင်. . .။

(ဖော်ပြပါဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)