နိုင်ငံရေးနှင့် လွှတ်တော်သတင်းတိုများ

သက်ငယ်မုဒိမ်း သေဒဏ်ပေးရေး ဥပဒေပြင်ဆင်ချက်အဆိုကို အင်္ဂလိပ်ဘာသာဖြင့် ပြန်ဆိုပေးနိုင်ရေး ရှေ့နေချုပ်ရုံးသို့ ပေးပို့ရန်စီစဉ်ထားကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောသည်။

ယင်းပြင်ဆင်ချက်အဆိုတွင် သက်ငယ်မုဒိမ်း (အသက် (၁၆)နှစ်အောက်မိန်းကလေးကို မတရားပြုကျင့်ခြင်း)ကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း (နှစ် ၂၀)သို့မဟုတ် သေဒဏ်ချမှတ်ရန် ပြစ်ဒဏ်တိုးမြှင့်ထားပြီး အုပ်စုလိုက် မုဒိမ်းမှုကျူးလွန်သူများ သေဒဏ်ကျခံရ မည်ဟု ပြင်ဆင်ထားသည်။

သို့သော် မူရင်းဥပဒေသည် အင်္ဂလိပ်ဘာသာဖြစ်နေသောကြောင့်မြန်မာဘာသာမှ အင်္ဂလိပ်ဘာသာပြန်ဆို၍ တင်သွင်းမှသာ စဉ်းစားပေးမည်ဟု ပြည်ထောင်စုတရားသူကြီးချုပ်က ပြန်လည်ဖြေကြားသည်။

‘‘အင်္ဂလိပ်လို ဥပဒေပြန်ထည့်ဖြည့်မယ်။ ကျွန်မတို့နိုင်ငံက သေဒဏ်ပေးတာ မရှိသလောက်ရှားတယ်။ ဒါပေမဲ့ တချို့နိုင်ငံတွေမှာ သေဒဏ်ပြန်လည်ချမှတ်ထားတယ်။ အခုဆိုရင် ကျွန်မအနေနဲ့ ဥပဒေပြင်ဆင်ဖို့ စုမိဆောင်းမိပါပြီ။ အဲဒီအတွက်ကြောင့် ကျွန်မအနေနဲ့ကတော့ ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ တင်သွင်းမယ်’’ ဟု ဒေါ်ခင်စောဝေက ပြောသည်။

လက်ရှိတွင် လူသတ်မုဒိမ်းမှုနှင့် သက်ငယ်မုဒိမ်းမှုတို့ကို သေဒဏ် ပေးရေး ပြည်သူ့လက်မှတ် သုံးသိန်းရရှိစေရန် အမျိုးသမီးလေးဦးအဖွဲ့ (4 Women's Voice) က ဆောင်ရွက်မည်ဖြစ်သည်။
 

NCA တွင် တိုင်းရင်းသားအင်အားစုများ ပါဝင်လက်မှတ်ရေးထိုး ခြင်းကို ဂုဏ်ပြုသောအားဖြင့် ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်မည့်(၇၁) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို ရှမ်းပြည်နယ်ပင်လုံမြို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ လူငယ်ညီလာခံမှ ရွေး ကောက်ခံလူငယ်များက ဦးစီးကျင်းပမည်ဖြစ်ကြောင်း ဗဟိုပြန်ကြားရေးကော်မတီအတွင်းရေးမှူး မုံရွာအောင်ရှင်ကပြောသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် အစိုးရနှင့် မွန်ပြည်သစ်ပါတီ (NMSP)၊ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU) စသည့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့သည် ဖေဖော်ဝါရီ ၁၃ (ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့) တွင် လက်မှတ်ရေးထိုးမည်ဖြစ်သည်။

‘‘ကျွန်တော်တို့ ဒီနှစ်တော့ အရင်ကလိုပုံစံမျိုးမဟုတ်ဘဲ နည်း နည်းထူးတာလေးတွေ လုပ်ထားတယ်။ ဒီနှစ်က ဒုတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို ကြိုဆိုတဲ့သဘောနဲ့ပေါ့။ NCA မှာတိုင်းရင်းသားအင်အားစုတွေ လက်မှတ်ထိုးတာတွေ ဂုဏ်ပြုတဲ့ သဘောပါပဲ’’ ဟု မုံရွာအောင်ရှင်က ပြောသည်။