ဒေသတွင်း ခြောက်နိုင်ငံ စမတ်ဖုန်းအသုံးပြုမှု မြန်မာထိပ်ဆုံး၌ ရှိနေ

မိုဘိုင်းဖုန်းဖြင့် စကားပြောနေသူအချို့ကို ရန်ကုန်မြို့တစ်နေရာ၌ တွေ့ရစဉ်(ဓာတ်ပုံ − နစ်ကီ)

အာဆီယံဒေသတွင်း ခြောက်နိုင်ငံကို နှိုင်းယှဉ်ပါက စမတ်ဖုန်းအသုံးပြုမှုတွင် မြန်မာ နိုင်ငံက ထိပ်ဆုံးအဆင့်၌ရှိ ကြောင်း တယ်လီနော၏ စစ်တမ်း တစ်ခုတွင် ဖော်ပြသည်။

စင်ကာပူနိုင်ငံ၏ စမတ်ဖုန်း အသုံးပြုမှုသည် ဖုန်းအသုံးပြုမှု စုစုပေါင်း၏ ၇၈ ရာခိုင်နှုန်း၌ရှိ သော်လည်း မြန်မာနိုင်ငံ၏ စမတ်ဖုန်းအသုံးပြုမှုသည် ၈၀ ရာခိုင် နှုန်း ဖြစ်သည်။


မြန်မာ၊ ထိုင်း၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ မလေးရှားနှင့် ဗီယက် နမ်နိုင်ငံရှိ မိုဘိုင်းဖုန်းအသုံးပြုမူ ကို အခြေခံ၍ တယ်လီနောက ဖေဖော်ဝါရီ ၆ ရက်တွင် စစ်တမ်း ထုတ်ပြန်သည်။

‘‘ရန်ကုန်မှာ ခလုတ်ဖုန်းဝယ် တဲ့ အရေအတွက် ၃ ရာခိုင်နှုန်း လောက်ပဲ ရှိတော့တယ်။ စမတ် ဖုန်းကိုတော့ ကျပ်တစ်သိန်းနဲ့ သုံး သိန်းကြားမှာ အ၀ယ်များတယ်’’ ဟု D Mobile ဟန်းဆက်ဆိုင်ပိုင် ရှင် ဦးဇော်မင်းထွန်းက ပြောသည်။

မိုဘိုင်းဖုန်းအသုံးပြုမှုတွင် ဆင်းမ်ကတ်အသုံးပြုသူ ၁၉ သန်း အနက် ဟွာဝေးဟန်းဆက်အသုံး ပြုသူ လေးသန်းခွဲကျော်ရှိပြီး ဆမ် ဆောင်းဟန်းဆက်  အသုံးပြုသူ နှစ်သန်းခွဲခန့်ရှိကြောင်း တယ်လီ နောစစ်တမ်းတွင် ဖော်ပြသည်။

 စမတ်ဖုန်းအသုံးပြုမှုတွင် အိမ်နီးချင်းထိုင်းနိုင်ငံက ၅၉ ရာခိုင်နှုန်းသာ ရှိသည်။