ဒီမိုကရေစီပြုရေးကို ကျားကန်မည့်အပြန်အလှန် ထိန်းကျောင်းမှု

မြန်မာ့ခြေလှမ်းများသည်  ဒီမိုကရေစီခယောင်း လမ်းထက်တွင် လျှောက်လှမ်းနေရဆဲဖြစ်သည်။ စိန်ခေါ်မှုများ၊ အကျပ်အတည်းများ၊ ထိလွယ်ရှလွယ် အလားအလာများ၊ ပူးသတ်ခံရမည့် ကိန်းများ၊ အဆင်းဘီးတပ်မည့် အပြင်အဆင်များအကြားတွင် ရုန်းနေကန်နေရဆဲ ဖြစ်သည်။ အင်စတီကျူးရှင်းနှင့် အတိုက်အခံအား မကောင်းလျှင် ဒီမိုကရေစီပြုရေးသည် ဒူးနှင့် မျက်ရည်သုတ် ရကိန်း ရှိနေသည်။ မဏ္ဍိုင်ကြီး  သုံးရပ်အကြား အပြန်အလှန်ထိန်း ကျောင်းမှုေ၀၀ါးထွေပြားပြန်လျှင် ဒီမိုကရေစီက ယိုင်နဲ့ဦးမည် ဖြစ်သည်။ ၂၁ ရာစုခေတ်ပြိုင်ဒီမိုကရေစီပြုရေးတွင် မဏ္ဍိုင်သုံးရပ်ထက် မဏ္ဍိုင်ခြောက်ရပ်က ပိုအရေးပါသည်ထက် အရေးပါလာ နေသည်။

မျက်မှောက်ခေတ်ဒီမိုကရေစီပြုရေးတွင် မဏ္ဍိုင်ခြောက်ရပ်အကြားအပြန်အလှန်ထိန်းကျောင်းမှုသည် သော့ချက်ကျလာသည်။ အစိုးရ၊ လွှတ်တော်၊ တရားရုံး၊သတင်းမီဒီယာ၊ အရပ်ဘက်အဖွဲ့အစည်း နှင့် လူမှုကွန်ရက်စာမျက်နှာဟူသည့် မဏ္ဍိုင်ခြောက်ရပ်သာမက နိုင်ငံရေးပါတီများသည် ဒီမိုကရေစီစပ်ကူးမပ်ကူးတွင် အရေးပါသည့်အင်စတီကျူးရှင်းများဖြစ်သည်။ အင်စတီကျူးရှင်းများ အားကောင်းပြီး ထိထိရောက် ရောက် အပြန်အလှန်ထိန်း ကျောင်းနိုင်မှသာ ဒီမိုကရေစီပြုရေးသည် ဆောလျင်စွာ လူလားမြောက်မည်ဖြစ်သည်။ မြန်မာ့ဒီမိုကရေစီခယောင်းလမ်းရှည်ကြီးထက်တွင် မဏ္ဍိုင်ခြောက်ရပ်အကြား အပြန်အလှန် ထိန်းကျောင်းနိုင်လေ လေ၊ အမှားအယွင်း၊ အလွဲအချော် နည်းလေလေဖြစ်သည်။ မဏ္ဍိုင်ကြီးများအကြား အပြန်အလှန်ထိန်းကျောင်းမှု လျော့ရဲလာမည်ဆိုလျှင် အကွပ်မရှိသည့်ကြမ်း ပမာ ပရမ်းပတာဖြစ်သွားနိုင်ခြေ ကလည်း ရှိနေသည်။


 သတင်းမီဒီယာများနှင့် အရပ်ဘက်အဖွဲ့အစည်းများသည် တိုင်းပြည်၏နားနှင့်မျက်စိဖြစ်ပြီး  ပြည်သူလူထု၏အသံနှင့်ဆန္ဒကို တတ်အားသရွေ့ ကိုယ်စားပြုနေ သည်။ အစိုးရ၊ လွှတ်တော်နှင့် အာဏာရပါတီတို့သည် သတင်းမီဒီယာများနှင့်အရပ်ဘက်အဖွဲ့အစည်းများကို ပြဿနာရှာသူများ၊ ကန့်လန့်တိုက်သူများ၊ အတိုက်အခံလုပ်သူများဟု ရှုမြင်မည်ဆိုလျှင် ဒီမိုကရေစီရှေ့ခရီးက ပို၍ရှည်သည်ထက် ရှည်ဦးမည်ဟုသုံးသပ်သံများကြားနေရသည်။ အစိုးရ၊ လွှတ်တော်နှင့် အာဏာရပါတီတို့အနေဖြင့် ပြည်သူကိုမျက်နှာမူဖို့ဆိုလျှင် သတင်းမီဒီယာများနှင့် အရပ်ဘက်အဖွဲ့အ စည်းများကို နီးနီးကပ်ကပ် ဆက်ဆံရမည်ဖြစ်သည်။ ပြည်သူနှင့် အတူ ပြည်သူကိုမျက်နှာမူလျက် ဟု ဆိုသည့်အတိုင်း အပြောနှင့် အလုပ်တစ်ထပ်တည်းကျဖို့ အစိုးရ၊ လွှတ်တော်နှင့် အာဏာရပါတီတို့သည် အချက်အချာပင် ဖြစ် သည်။

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယအ ကြိမ်လွှတ်တော်(၂)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို နေပြည်တော် လွှတ်တော်ဝင်း ထမင်းစားခန်းမကြီး၌ ကျင်းပခဲ့ပြီး နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။ လွှတ်တော် (၂)နှစ်ပြည့်အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းတို့နှင့်အတူ လွှတ်တော်ဥက္ကဋ္ဌ ဟောင်းများဖြစ်သော သူရဦးရွှေမန်းနှင့် ဦးခင်အောင် မြင့်တို့လည်း တက်ရောက်ခဲ့သည်။ ၂၀၁၁ နှစ်ဆန်းပိုင်းတွင် ခြေ လှမ်းစခဲ့သည့် လွှတ်တော်များ သည် ၂၀၁၈ ၌ ခုနစ်နှစ်၊ ခုနစ်မိုး တိုင်ခဲ့ပြီ ဖြစ်သည်။

လွှတ်တော်(၂)နှစ်ပြည့်အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်မိန့်ကြားသကဲ့သို့ တရားဥပဒေစိုးမိုးရေးသည် မြန်မာနိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီပြုရေးတွင် အသက်သွေးကြောပင် ဖြစ်သည်။ သမ္မတမှသည်သူဆင်းရဲ၊ လူမွဲအထိအားလုံးသည် ဥပဒေ၏ရှေ့မှောက် တွင် တန်းတူရည်တူ၊ သာတူညီမျှရှိမှသာ တရားဥပဒေစိုးမိုးမည် ဖြစ်သည်။ သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အပါအ၀င် အစိုးရ၊ လွှတ်တော်နှင့် တရားစီရင်ရေး မဏ္ဍိုင်ရှိ ကြီး၊ ငယ်၊လတ်ပုဂ္ဂိုလ်အားလုံး သူတို့၏မိသားစုဝင်များ၊ ဆွေမျိုးအသိုင်းအ ၀ိုင်းများသည် အခွင့်ထူးခံများ၊ အထူးအခွင့်အရေးရသူများ လုံးဝဖြစ်မနေမှသာ တရားဥပဒေစိုးမိုးရေးကို ဖော်ဆောင်ရာ၌ ထင်တိုင်းပေါက်မည်ဖြစ်သည်။ ငွေများတရားနိုင်စနစ်သည် တရားဥပဒေစိုး မိုးရေးကို ဖျက်ဆီးပစ်နိုင်သကဲ့သို့ အမိန့်အာဏာနှင့်အုပ်ချုပ်နေသ ရွေ့ တရားဥပဒေစိုးမိုးရေးသည် သဲနှင့်ဆောက်သော အိမ်သက်သက်ဖြစ်နေဖွယ် ရှိသည်။

 ‘‘အတိုက်အခံပါတီဆိုတာ ဟာ ကျွန်မတစ်ခါတလေ ပြောပါတယ်။ အတိုက်အခံ၊ အတိုက်အ ခံဆိုတဲ့ စကားလုံးကို ကျွန်မမကြိုက်ဘူး။ တိုက်မလား၊ ခံမလားဆိုတဲ့ သဘောရှိတယ်။ တကယ်တော့ အတိုက်အခံဆိုတာဟာဒီလိုမဖြစ်သင့်ပါဘူး။ အတိုက်အခံဆိုတာ နိုင်ငံ့အကျိုးကို ကြည့်ပြီးတော့ ကူညီသင့်တဲ့အခါမှာကူညီရမယ်။ အတူလက်တွဲသင့်တဲ့ အခါမှာ လက်တွဲရမယ်။ ထောက်ပြသင့်တဲ့အခါမှာ ထောက်ပြရမယ်။ ဝေဖန်သင့်တဲ့ အခါမှာဝေဖန်ရ မယ်။ အတိုက်အခံမို့လို့ ရန်သူဆိုပြီးတော့ ဒီလိုသဘောမျိုးမထား သင့်ဘူး။ အတိုက်အခံများသည် ရန်သူဆိုတာ ဒီမိုကရေစီစိတ် ဓာတ် မဟုတ်ပါဘူး။ ဒီမိုကရေစီစိတ်ဓာတ်ဆိုတာ မတူကွဲပြားမှုကို လက်ခံလို့ကို အတိုက်အခံဆိုတာ ပြောရမယ်ဆိုရင် အတိုက်အခံဆိုတဲ့စကားလုံးကိုသုံးတာ အတိုက်အခံပါတီပါ။ ကိုယ်နဲ့မတူတဲ့ ပါတီတွေ၊ အစုအဖွဲ့တွေနဲ့ ရန်သူဖြစ်ဖို့မလိုပါဘူး။ အမြင်ချင်းမတူပေမယ့်လည်း၊ မတူကွဲပြားမှုတွေရှိ ပေမယ့်လည်း စုစည်းနိုင်တယ်၊ မတူကွဲပြားမှုအပေါ်မှာအခြေခံတဲ့ ညီညွတ်မှုကို ထူထောင်နိုင်တယ်ဆိုတာ တကယ့်စစ်မှန်တဲ့ ဒီမိုကရေစီစိတ်ဓာတ် ဖြစ်ပါတယ်။ ဒီမိုကရေစီရဲ့အခြေခံလည်း ဖြစ်ပါတယ်’’ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော် (၂)နှစ်ပြည့် အခမ်းအနား၌ ပြောကြားခဲ့သည်။

ဒီမိုကရေစီနိုင်ငံရေးနှင့် အာဏာရှင်နိုင်ငံရေးအကြားသိသာ မြင်သာသော ခြားနားချက် တစ်ခုသည် အတိုက်အခံရှိခြင်း၊ မရှိခြင်း၊ အတိုက်အခံ ကိုအသိအမှတ်ပြုခြင်း၊ မပြုခြင်းပင်ဖြစ်သည်။ လွှတ်တော်တွင်း အတိုက်အခံနိုင် ငံရေး၊ အတိုက်အခံ ပါတီအားကောင်းမှသာ ဒီမိုကရေစီလွှတ် တော် နိုင်ငံရေးသည် အားကောင်းမည်ဖြစ်သည်။ အစိုးရနှင့်အာဏာရပါတီ၏ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ ပြည်သူကို မျက်နှာမူလျက် ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒ နှင့် အနီးစပ်ဆုံး တည့်မတ်၊ ထိန်းကျောင်းခြင်းသည် အတိုက်အခံနိုင်ငံရေးပင် ဖြစ်သည်။ ဒီမိုကရေစီထွန်းသစ်စ နိုင်ငံရေးတွင် အာဏာရပါတီသည် အမြော်အမြင်နည်းပြီး တစ်ကိုယ်ကောင်းဆန် မည်ဆိုလျှင် အတိုက်အခံနိုင်ငံရေး သည် ဗုန်းဗုန်းလဲမည်ဖြစ်သည်။ ထို့အပြင် အာဏာရပါတီသည် လွှတ်တော်နိုင်ငံရေးတွင် ရေများရေနိုင်၊ မီးများမီးနိုင်ထုံးကိုနှလုံးမူမည်ဆိုလျှင် အနည်းစုပါတီ၊ အတိုက်အခံပါတီများ၏ အဆိုများ၊ မေးခွန်းများ၊ ဥပဒေကြမ်းများသည် ခရီးတွင်နိုင်ခြေနည်းပါးပြီး အတိုက်အခံနိုင်ငံရေးသည် ခေါင်းထောင်နိုင်ဖို့ ခဲယဉ်းမည် ဖြစ်သည်။

 ခေတ်ပြိုင်ဒီမိုကရေစီနိုင်ငံရေးတွင် အစိုးရများ၊ လွှတ်တော်များနှင့် အာဏာရအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တို့အနေဖြင့် အတိုက်အခံနိုင်ငံရေး၏အ ခန်းကဏ္ဍကို လမ်းဖွင့်ပေးပြီး မတူကွဲပြားခြားနားသည့် အမြင်သ ဘောထားများ၊ အသံများကို အလေးအနက် နားထောင်နိုင်ရန်၊ စုစည်းနိုင်ရန် ပဓာနကျမည်ဖြစ်သည်။ မတူကွဲပြားမှုများ ရှိနေလင့်ကစား ညီညွတ်မှုကို ထူထောင်နိုင်မည်ဆိုလျှင် စစ်မှန်သော ဒီမိုကရေစီစိတ်ဓာတ်၊ ဒီမိုကရေစီ အခြေခံပင်ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။ မတူကွဲပြားမှု အပေါ်အခြေခံသည့် ညီညွတ်မှုဟု ဆိုရာတွင် လက်ဝါးချင်းရိုက်သည့် သဘောမဖြစ်ရန် ပဓာနကျသည်။ အစိုးရများ၊ လွှတ်တော်များနှင့်အာဏာရပါတီတို့အနေဖြင့် အတိုက်အခံပါတီများနှင့် နိုင်ငံရေးသမားများကို ပြဿနာရှာသူများ၊ ကန့်လန့်တိုက်သူများ၊ ပူးပေါင်းဆောင်ရွက်ရန် ပျက်ကွက်သူများအဖြစ် ကောက်ချက်ချနေသရွေ့ ဒီမိုကရေစီနိုင်ငံရေးသည် လမ်း လွဲနေဦးမည်ဖြစ်သည်။

‘‘ကျွန်မတို့နိုင်ငံဟာစိန်ခေါ်မှုအမျိုးမျိုးနဲ့ ရင်ဆိုင်ရတယ်။ စိန်ခေါ်မှုအမျိုးမျိုးနဲ့ ရင်ဆိုင်ရတဲ့အခါမှာ ကျွန်မတို့ဟာရုပ်ပိုင်း ဆိုင်ရာအရ အင်အားသိပ်ကြီး တဲ့နိုင်ငံတစ်ခု မဟုတ်ပါဘူး။ ရုပ်ပိုင်းဆိုင်ရာအင်အားသိပ်မကြီးတဲ့ နိုင်ငံမို့လို့ ကျွန်မတို့က စိတ်ပိုင်းဆိုင်ရာ အင်အားနဲ့ စုစည်းပြီးတော့ ညီညီညွတ်ညွတ်နဲ့ ကျွန်မတို့နိုင်ငံအတွက်ရပ်တည်ဖို့ အင်မတန်မှ အရေးကြီးတယ်ဆိုတာကို ကျွန်မသတိပေးချင်ပါတယ်’’ဟု ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြော ကြားခဲ့သည်။ စိန်ခေါ်မှုများ၊ အကျပ်အတည်းများအကြား မြန်မာနိုင်ငံအနေဖြင့် ညီညီညွတ်ညွတ် ရပ်တည်နိုင်ဖို့ဆိုလျှင် အစိုးရ၊ တပ်မတော်နှင့်  တိုင်းရင်းသားအကြား အလုပ်ဖြစ်မည့် သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲများက အက္ခရာ ကျလာမည်ဖြစ်သည်။ ညီညီညွတ်ညွတ် ရပ်တည်နိုင်ရေး ကို အပြောမဟုတ်၊ အလုပ်နှင့်သက်သေပြ၊ ဖော်ဆောင်နိုင်ရန် လိုအပ်နေဆဲ ဖြစ်သည်မှာ ငြင်းမရသော အချက်ပင်ဖြစ်သည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်ကလည်း ‘‘အချုပ်အ ခြာအာဏာရဲ့ မူလပိုင်ရှင်ဖြစ်တဲ့ ပြည်သူလူထုရဲ့ ကိုယ်စားလှယ်များနဲ့ ဖွဲ့စည်း ထားတဲ့လွှတ်တော် များ ခိုင်မာတောင့်တင်းနေသရွေ့ ဒီမိုကရေစီရှင်သန်နေမှာပဲဖြစ်ပါတယ်။ ဒါကြောင့် ယခုလိုကျင်းပ တဲ့ လွှတ်တော်နှစ်ပတ်လည်နေ့ အခမ်းအနားများကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး တည်တံ့ခိုင်မြဲနေသရွေ့ ကျင်းပပြုလုပ်နိုင်ပါစေကြောင်း အလေးအနက် ဆုမွန်ကောင်း တောင်းရင်း နိဂုံးချုပ်ပါတယ်ခင်ဗျား’’ဟု ပြောကြားခဲ့သည်။

‘‘ဥပဒေပြုလွှတ်တော် အားကောင်းမှသာ ဒီမိုကရေစီအားကောင်းမှာပဲဖြစ်လို့ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်များမှလည်း စွမ်းရည်မြင့်မားအောင် အစဉ်ကြိုးစားနေကြရမှာပဲ ဖြစ်ပါတယ်။ သို့မှသာ ဒီမိုကရေစီ ရှင်သန်ခိုင်မြဲစေပြီး လွှတ်တော်များစွမ်းရည် ပိုမိုမြင့်မားစေမှာပဲ ဖြစ်ပါတယ်။ မိမိတို့နိုင်ငံဟာ ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးလျက်ရှိ ရာ နိုင်ငံတော်ရဲ့ ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်းနှင့် အချင်းချင်းအပြန်အလှန်ထိန်းကျောင်းလျက်ရှိပါတယ်’’ဟု ပြည်ထောင်စု လွှတ်တော်နာယကနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင် သန်းက ပြောကြားခဲ့သည်။

အုပ်ချုပ်ရေး၊ ဥပဒေပြုရေး နှင့် တရားစီရင်ရေးမဏ္ဍိုင်ကြီးသုံးရပ်အကြား အပြန်အလှန်ထိန်း ကျောင်းသည်ဟု ဆိုရာတွင် ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒနှင့်အညီ ပြည်သူကိုမျက်နှာမူလျက် တတ်အားသရွေ့ အပြန်အလှန်ထိန်း ကျောင်းနိုင်ရန် အရေးကြီးသည်။ မဏ္ဍိုင်တစ်ခုနှင့် တစ်ခုအကြား ချီးမွမ်းခန်းဖွင့်နေမည်၊ လက်ဝါး ချင်းရိုက်နေမည်၊ မျက်ရိပ်မျက် ခြည်ပြအလုပ်လုပ်နေမည်၊ ကျီးဘုတ်မြှောက်၊ ဘုတ်ကျီးမြှောက်လုပ်နေမည်ဆိုလျှင် အပြန်အလှန်ထိန်းကျောင်းမှုသည် ဟန်ပြသက်သက် ဖြစ်သွားနိုင်သည့်အခြေအ နေများလည်း ရှိနေသည်။ ဟန်ပြသက်သက်၊ ဟန်ရေးပြရုံသက် သက် မဏ္ဍိုင်သုံးရပ်အကြားအပြန်အလှန်ထိန်းကျောင်းမှုသည် ဟန်ပြဒီမိုကရေစီ၊ ဒီမိုကရေစီ ပြောင်းပြန်၊ ဒီမိုကရေစီလက်တစ်လုံးခြားနှင့်အာဏာရှင်အငွေ့ အသက်မကင်းသည့် ၀န်းကျင်ကိုသာ ကျားကန်ပေးရာရောက် မည် ဖြစ်သည်။

 အချုပ်အားဖြင့်ဆိုသော် မြန်မာ့ဒီမိုကရေစီပြုရေး အောင်မြင်အထမြောက်ဖို့ ဆိုရာတွင်အပြန်အလှန် ထိန်းကျောင်းမှုသည် သော့ချက်ခြေလှမ်းပင်ဖြစ်သည်။ အပြန်အလှန်ထိန်းကျောင်းမှု အားကောင်းလေလေ၊ ဒီမိုကရေစီခရီးတွင်လေလေဖြစ်သည်။ ခေတ်သစ်နိုင်ငံရေးတွင် အပြန်အလှန် ထိန်းကျောင်းမှုသည် မဏ္ဍိုင်ကြီးသုံးရပ်သာမက မဏ္ဍိုင်ကြီးခြောက်ရပ်အထိ ချဲ့ထွင် သက်ရောက်နေပြီ ဖြစ်သည်။ သို့ပါ၍မြန်မာ့ဒီမိုကရေစီ ရှေ့ခရီးတွင် အစိုးရ၊ လွှတ်တော်၊ တရားရုံး၊ သတင်းမီဒီယာ၊ အရပ်ဘက်အဖွဲ့အစည်းနှင့် ဖေ့စ်ဘွတ်ခ်၊ တွစ်တာလူမှုကွန်ရက် စာမျက်နှာ တို့အကြား ထိထိရောက်ရောက် ကျယ်ကျယ်ပြန့်ပြန့် ဗျူဟာ မြောက် အပြန်အလှန်ထိန်းကျောင်းနိုင်ရေးကို အပြောသက်သက်မဟုတ် အလုပ်နှင့် သက်သေပြမျက် မှောက်ပြုနိုင်ရေး ပြိုင်တူတွန်း သင့်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။  ။

(ဖော်ပြပါ ဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)