MyTel က ဆင်းမ်ကတ်များ စရောင်းချိန်တွင် အခမဲ့ပေးရန် ဆက်သွယ်ရေးဦးစီးဌာနနှင့် ညှိနှိုင်းနေဟုဆို

စတုတ္ထမြောက် ဆက်သွယ်ရေး အော်ပရေတာ MyTel က ဆင်းမ်ကတ်များ စတင်ရောင်းချချိန်တွင် သုံးစွဲသူများကို အခမဲ့ပေးရန် ဆက်သွယ်ရေးညွှန် ကြားမှု ဦးစီးဌာနနှင့် ညှိနှိုင်းနေ ကြောင်း MyTel ပြောရေးဆိုခွင့်ရှိသူ ဦးဇော်မင်းဦးက ပြောသည်။

‘‘ဆင်းမ်ကတ်နှုန်းထားက တော့ အလကားကိုပေးချင်တာ။ ခုချိန်မှာ ၁,၅၀၀ ဆိုတာမျိုးတော့ မဖြစ်သင့်ဘူးပေါ့။ ဆက်သွယ် ရေး ညွှန်ကြားမှု ဦးစီးဌာနနဲ့တော့ ညှိရဦးမှာပေါ့။ အဆင်ပြေတယ် ဆိုရင်တော့ အခမဲ့ပေးသွားမှာပါ’’ ဟု ဦးဇော်မင်းဦးက ပြောသည်။

MyTel အနေဖြင့် ပထမဆုံး ဆင်းမ်ကတ်များစတင်ရောင်းချမှု ကို ဖေဖော်ဝါရီလကုန်တွင် နေ ပြည်တော်နှင့် မြို့နယ်အချို့တွင် ပြုလုပ်မည်ဖြစ်သည်။ မတ်လအ တွင်း  ပြည်နယ်နှင့် တိုင်းအားလုံးတွင် ရောင်းချပေးရန် စီစဉ်ထားကာ လက်ရှိ၌ ဈေးကွက်အတွင်းသို့ဖြန့်ဝေရန် ဦးစီးဌာနနှင့် လိုအပ်သည့်ညှိနှိုင်းမှုအချို့  ပြုလုပ်နေကြောင်း ၎င်းကပြောသည်။

‘‘စပြီး သုံးတဲ့အချိန်မှာ သုံးစွဲ သူတွေက အဆင်ပြေအောင် Data အသုံးပြုခွင့်နဲ့ ဖုန်းပြောခွင့် လေးတွေကို ပမာဏတစ်ခု သတ်မှတ်ပြီး အခမဲ့ပေးဖို့ခွင့်တောင်းထားတယ်။ ယှဉ်ပြိုင်မှု ဥပဒေလည်းရှိတဲ့အတွက် ဦးစီးဌာနက ခွင့်ပြုပေးဖို့တော့ လိုအပ်တာပေါ့နော်’’ ဟု ဦးဇော်မင်းဦးက ပြောသည်။

MyTel အနေဖြင့် ဝန်ဆောင် မှုစပေးချိန်တွင် 2G နှင့် 4G ကွန်ရက်တို့ကို တစ်ပြိုင်တည်း  အသုံးပြုနိုင်ရန်စီစဉ်ထားပြီး နိုင်ငံတစ်ဝန်းရှိ အသုံးပြုသူများထံသို့ ရောင်းချနိုင်ရန် သန်းနှင့်ချီ၍ ဆင်းမ်ကတ်များ အသင့်ပြင်ဆင်ထားကြောင်း ၎င်းက ပြောသည်။