FDA ၀န်ထမ်းအမျိုးသမီးအသတ်ခံရမှု လုံခြုံရေးတင်းကျပ်စွာဖြင့် ရုံးထုတ်ရမန်ယူ

FDA ဒုတိယကြီးကြပ်ရေးမှူး မရွှေရည်ဝင်းကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သော မျိုးဇော်ဦးကို ယမန်နေ့က ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တရားရုံးတွင် ရုံးထုတ်ရာ တရားရုံးအနီး မုဒိမ်းမှုကျူးလွန်သူများကို သေဒဏ်ပေးရန် အမျိုးသမီးအချို့က ဆန္ဒထုတ်ဖော်နေစဉ် (ဓာတ်ပုံ − စိုင်းဇော်)

FDA ၀န်ထမ်းအမျိုး သမီးကို အဓမ္မပြုကျင့်သတ်ခဲ့ကြောင်း စွပ်စွဲခံရသူ မျိုးဇော်ဦးကို ဒုတိယအကြိမ်ရုံးထုတ်ရာတွင် တရားရုံးရှေ့၌ လုံခြုံရေးတင်းကျပ်စွာချထားပြီး လာရောက်စောင့်ကြည့်သူများမသိအောင် စွပ်စွဲခံရသူကို ရမန်ရယူခဲ့သည်။

ဖေဖော်ဝါရီ ၈ ရက်၌ မျိုး ဇော်ဦးကို ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ် တရားရုံး၌ ရုံးထုတ်ရမန်ယူမည်ဆိုသဖြင့် သတင်းထောက်များနှင့် ဒဂုံမြို့သစ်မြောက်ပိုင်းနေ ပြည်သူ တစ်ရာကျော်က တရားရုံးရှေ့နှင့် အနီးဝန်းကျင်တွင် နံနက် ၈ နာရီကစ၍  စောင့်ကြည့်ခဲ့ကြသည်။

ထို့ပြင် FDA ၀န်ထမ်းအမျိုး သမီး မရွှေရည်ဝင်းသေဆုံးရခြင်း နှင့် ပတ်သက်၍ မုဒိမ်းမှုများကို သေဒဏ်ပေးရန်နှင့် လျှော့ရက်မရှိထိရောက်သည့် ပြစ်ဒဏ်ပေးရန် ဆန္ဒပြသူ ၂၀ ကျော်ကလည်း တရားရုံးအနီး  မ၀တလမ်းဆုံတွင် သက်ဆိုင်ရာခွင့်ပြုချက်ဖြင့် ဆန္ဒပြခဲ့သည်။

နံနက် ၁၀ နာရီတွင် သတင်းထောက်များက တရားရုံးထဲသို့ ၀င်ရောက်စုံစမ်းရာ ၉ နာရီ ၁၅ မိနစ်ခန့်ကပင် ရုံးထုတ်ကာချုပ်ရက်ယမန်ယူသွားပြီဖြစ်ပြီး စခန်းမှူးကိုယ်တိုင်ခေါ်လာခြင်း ဖြစ်ကြောင်း တရားရုံးတာဝန်ရှိသူက ဆိုသည်။

တရားရုံးရှေ့၌ ရဲတပ်ဖွဲ့ဝင် ၃၀ ခန့် လုံခြုံရေးတင်းကျပ်စွာ ချထားပြီး စွပ်စွဲခံရသူ မျိုးဇော်ဦး ကို လာရောက်စောင့်ကြည့်သူများ မသိရှိမီ စခန်းမှူးကိုယ်တိုင်တရား ရုံးခေါ်ဆောင်၍ ချုပ်ရက်ရမန်ရ ယူခဲ့ပြီး အင်းစိန်ထောင်သို့ ပြန် လည်ပို့ဆောင်ခဲ့သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ 7Day Daily သတင်းစာက ဒဂုံမြို့ သစ်မြောက်ပိုင်း ရဲစခန်းမှူးသို့ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းသော် လည်း စစ်ဆေးဆဲအမှုများရှိနေ၍ မဖြေကြားနိုင်ကြောင်း ဆိုသည်။

မြောက်ဒဂုံမြို့နယ် မ၀တ လမ်းဆုံတွင် ဆန္ဒပြနေသည့် အဖွဲ့ မှ မနှင်းရည်အေးက ၎င်းတို့ကို တရားရုံးအနီးတွင် ဆန္ဒမပြဘဲ ကိုက် ၁၀၀ အကွာရှိ မ၀တလမ်းဆုံ၌ ဆန္ဒပြရန်နှင့် မျိုးဇော်ဦးပါသည့် အချုပ်ကားသည် မ၀တလမ်းဆုံဘက်မှလာမည်ဟု တာဝန်ရှိသူများက ပြောထားကြောင်း ဆိုသည်။

‘‘သူတို့ဘာကိုကြောက်လို့ ဒီလိုလုပ်တာလဲ ကျွန်မလည်း မသိနိုင်ဘူး။ သူတို့ပဲ သိမယ်’’ဟု မနှင်းရည်အေးက ပြောသည်။

အသက် (၂၆) နှစ်အရွယ် FDA ၀န်ထမ်းအမျိုးသမီးကို အဓမ္မကျင့်သတ်ခဲ့သည်ဟု စွပ်စွဲခံ ထားရသူ မျိုးဇော်ဦးကို ဖေဖော်ဝါ ရီ ၂၂ ရက်တွင် အရှေ့ပိုင်းခရိုင် တရားရုံး၌ ထပ်မံရုံးထုတ်မည်ဟု ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် တရားရုံးတာဝန်ရှိသူများက ပြောကြားသည်။