မုံရွာမြို့ပေါ် ဆေးဆိုင်များတွင် တရားမ၀င်ဆေးဝါးများ ရောင်းချမှုရှိ၊ မရှိ စစ်ဆေး

မုံရွာမြို့ပေါ်ရှိဆေးဆိုင်များတွင် တရားမဝင် ဆေးဝါးရောင်းချမှု ရှိ၊ မရှိ ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးနေစဉ် (ဓာတ်ပုံ − Sagaing Regional FDA)

 မုံရွာမြို့ပေါ်ရှိ ဆေးဆိုင် များတွင် တရားမ၀င်ဆေးဝါးများ ရောင်းချမှု ရှိ၊ မရှိ ပူးပေါင်းအဖွဲ့ ဖြင့် စစ်ဆေးခဲ့ကြောင်း စစ်ကိုင်း တိုင်းဒေသကြီး အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးစီးဌာန ဦးစီးအရာရှိ တာဝန်ခံဒေါက်တာ လ၀န်းရွှေက ပြောသည်။

ဆေးဝါးအရောင်းဆိုင် ၁၂ ဆိုင်ကို ဖေဖော်ဝါရီ ၇ ရက်နှင့် ၈ ရက်တွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့ နယ်စည်ပင်သာယာရေးကော်မ တီ၊ ရဲတပ်ဖွဲ့၊ CID စသည့် အဖွဲ့ များဖြင့် ပူးပေါင်းစစ်ဆေးခဲ့သည်။

‘‘ဆေးဆိုင်တွေမှာ တရားမ ၀င်ဆေးဝါးများ ရောင်းချခြင်းရှိ၊ မရှိ နေပြည်တော်က လမ်းညွှန်မှု နဲ့ သွားရောက်စစ်ဆေးတာပါ။ သက်တမ်းလွန်ဆေးဝါးတချို့ တော့ တွေ့တယ်။ ထိုးဆေးတွေ များတယ်။ သောက်ဆေးတော့ နည်းတယ်။ တရားမ၀င်ဆေးဝါး ရောင်းချမှုတော့ မတွေ့ပါဘူး’’ ဟု ဒေါက်တာလ၀န်းရွှေက ပြော သည်။

ထိုသို့ စစ်ဆေးရာတွင် ဆေး အရောင်းဆိုင်ပိုင်ရှင်များ ဆေးဆိုင်လိုင်စင် လျှောက်ထားမှုကို ရှင်းလင်းပြောကြားပြီး သက်တမ်းလွန်ဆေးဝါးများကို ရောင်းချမည့် ဆေးများနှင့် ခွဲခြား၍ သီးခြားထားရှိရန် ပူးပေါင်းအဖွဲ့က မှာကြားကြောင်း ၎င်းကဆိုသည်။

‘‘သက်တမ်းလွန်ဆေးဝါးက အာနိသင်လျော့သွားတဲ့အတွက် သုံးလို့မရတော့ဘူးပေါ့။ သုံးစွဲမိ ရင် လူတွေအန္တရာယ်ရှိနိုင်တယ်။ ဆေးနဲ့မတည့်တာလည်း ဖြစ်နိုင် တယ်။ ကျန်းမာရေးဌာနကတော့ သက်တမ်းလွန်ဆေးဝါးနဲ့ တရားမ ၀င်ဆေးဝါးတွေ သုံးစွဲတာလုံးဝမ ရှိပါဘူး’’ဟု မုံရွာမြို့ခံ ဆရာဝန် တစ်ဦးက ပြောသည်။

၂၀၁၆ ဖေဖော်ဝါရီအတွင်း သက်တမ်းလွန်ဆေးဝါးနှင့် စား သုံးရန်မသင့်သော အစားအစာ  ကာလတန်ဖိုး ကျပ် ၄၃ သိန်းကျော်ရှိ ပစ္စည်းများကို မုံရွာမြို့တွင် ပထမဆုံးအကြိမ် မီးရှို့ဖျက်ဆီး ခဲ့သည်။ ထို့ပြင် ၂၀၁၇ အတွင်းသိမ်းဆည်းမိသော သက်တမ်း လွန်ဆေးဝါး ၉၅၅ မျိုးနှင့် စား သုံးရန်မသင့်သည့် အစားစာများ ကာလတန်ဖိုး ၃၁၂ သိန်းရှိ ပစ္စည်းများကို ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၂၃ ရက်က ဒုတိယအကြိမ် မီးရှို့ ဖျက်ဆီးခဲ့ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနရုံး မှတ်တမ်းများ၌ ဖော်ပြထားသည်။