မိုးကုတ် နှစ် (၈၀၀) ပြည့်ပွဲသို့ နိုင်ငံခြား ခရီးသည်များလွတ်လပ်စွာသွားလာခွင့် မန္တလေးတိုင်းဝန်ကြီးချုပ်ထံ တင်ပြထား

ဓာတ်ပုံ − မောင်တာ

 မိုးကုတ် နှစ် (၈၀၀) ပြည့်ပွဲတွင်  နိုင်ငံခြားခရီးသည်များ  လွတ်လပ်စွာ သွားလားခွင့်ပြု ရန် မန္တလေးတိုင်း ဝန်ကြီးချုပ်ထံ တင် ပြထားကြောင်း ပွဲကျင်းပရေး ကော်မတီ ပြန်ကြားရေးတာဝန်ခံ ဦးမင်းသူရက ပြောသည်။

‘‘နှစ် (၈၀၀) ပြည့်ပွဲမှာ လာ ချင်တဲ့ နိုင်ငံခြားသားတွေ လွတ် လွတ်လပ်လပ် သွားလာခွင့်ပြုဖို့ တောင်းဆိုထားတယ်။ တိုင်း ဒေသကြီးဝန်ကြီးချုပ်နဲ့ တွေ့ပြီး တင်ပြ ထားတာပါ၊ ပုံမှန်ကတော့ နိုင်ငံခြားသားတွေက ကျောက် မျက်နဲ့ပတ်သက်ပြီး လာတာ ရှိတယ်။ သံရုံးတွေနဲ့ ပတ်သက်ပြီး လာတာရှိတယ်။ ဟိုတယ်ခရီးနဲ့ ပတ်သက်ပြီး လာတာတွေရှိတယ်။ လွတ်လွတ်လပ်လပ်သွားလာခွင့်တော့မရှိသေးဘူး’’ ဟု ဦးမင်းသူရက ပြောသည်။

မိုးကုတ်နှစ် (၈၀၀) ပြည့်ပွဲ သို့ ခရီးသွားသုံးသောင်းခန့် လာ ရောက်ရန် ခန့်မှန်ထားပြီး ပွဲတော်ကာလတွင် မန္တလေး-မိုးကုတ် ယာဉ်လိုင်းများတိုးချဲ့ပြေးဆွဲရန် နှိုးဆော်ထားပြီး ခရီးသည်များ လည်ပတ်မှု အဆင်ပြေစေရန်  တိုင်းအစိုးရထံ ယခုလို တင်ပြထားကြောင်း၎င်းကပြောသည်။

‘‘ပုံမှန်ကတော့ မိုးကုတ်က နိုင်ငံခြားသားဆိုရင် ခွင့်ပြုချက် တင်ပြီးမှ သွားရောက်လည်ပတ် ခွင့်ရှိတဲ့ ဒေသတစ်ခုပါ၊ အခုနှစ် (၈၀၀) ပြည့်ပွဲကတော့ တိုင်းအစိုး ရနဲ့လည်း ပူးပေါင်းပြီးဆောင် ရွက်နေတဲ့အတွက် ပွဲတော်ကာ လအတွင်း သွားရောက်လည် ပတ်မှု အဆင်ပြေအောင်ဆောင် ရွက်ပေးမယ် ထင်ပါတယ် အတိ အကျတော့မသိရသေးပါဘူး’’ ဟု ဟိုတယ်နှင့်ခရီးသွားလာရေး ညွှန်ကြားမူးဦးစီးဌာန (မန္တလေး) ညွှန်ကြားရေးမှူး ဦးစန်းယုကပြော သည်။

 မိုးကုတ်မြို့တည် နှစ် (၈၀၀) ပြည့်ပွဲကို မတ်လ ၂၉၊ ၃၀၊ ၃၁ ရက်တွင်မိုးကုတ်မြို့ မုံကွင်း၌ ကျင်းပမည်ဖြစ်ပြီး  အား ကစားပြိုင်ပွဲ၊ တေးဂီတနှင့် ပျော် ပွဲရွင်ပွဲများ ပါဝင်မည်ဖြစ်သည်။

  နှစ် (၈၀၀) ပြည့်ပွဲကို ကျောက်မျက်ရတနာ နှင့် ခရီး သွားလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက် ရန်၊ မိုးကုတ်ဒေသ၏ အလှအပနှင့် မိုးကုတ်ဒေသတွင်းမှ တိုင်ရင်း သားများ၏ ရိုးရာယဉ်ကျေးမှု များကို ကမ္ဘာကပါသိရှိရန်နှင့် မျိုး ဆက်သစ်များအား သမိုင်းအမွေ လက်ဆင့်ကမ်းနိုင်ရန် ရည်ရွယ်ကျင်းပကြောင်း ပွဲကျင်းပရေး ကော်မတီမှ ဦးသန်းဝင်းက ပြောသည်။

မိုးကုတ်မြို့တွင် ဗမာ၊ လီ ဆူ၊ ရှမ်း၊ ပလောင်၊ ဂေါ်ရခါး စသည့်တိုင်းရင်းသားများ နေထိုင် ပြီး ကမ္ဘာကျော် ပတ္တမြားအပါ အဝင် အဖိုးတန်ကျောက်မျက် ရတနာမျိုးစုံ ထွက်ရှိမှုကြောင့် ထင်ရှားသည့်မြို့ ဖြစ်သည်။ တောတောင်များ ပတ်လည်ဝိုင်း ကာအေးမြ သော ရာသီဥတုနှင့် သမိုင်းဝင် စေတီပုထိုးမြောက် မြားစွာ တည်ရှိသည်။