ပြည်မြို့ အေးငြိမ်းရာသုသာန်တွင် အကျွတ်အလွတ်ပွဲ ပြုလုပ်မည်

ပြည်မြို့အေးငြိမ်းရာသုသာန်တွင် ပထမဆုံးအကြိမ် အကျွတ်အလွတ်ကျွေးမွေးရန် နေရာစီစဉ်နေစဉ် (ဓာတ်ပုံ − Soe Moe Naing FB)

 ပြည်မြို့ရှိ ဘာသာပေါင်းစုံ အေးငြိမ်းရာသုသာန်တွင် အထူး တရားပွဲနှင့် အကျွတ်အလွတ်ပွဲ ပထမဆုံးအကြိမ် ပြုလုပ်မည်ဟု ပွဲစီစဉ်သူအဖွဲ့မှ ဦးဇော်မင်းသူ က ပြောသည်။

အကျွတ်အလွတ်ပွဲကို အေး ငြိမ်းရာသုသာန် မီးသင်္ဂြိုဟ်စက် ကြီးကြပ်မှုကော်မတီက ကြီးမှူး ကျင်းပမည်ဖြစ်ကာ ဖေဖော်ဝါရီ ၁၁ မှ ၁၃ ရက်အထိ သုံးရက်ကြာပြုလုပ်မည်ဟု ၎င်းကပြောသည်။


‘‘အေးငြိမ်းရာ သုသာန်က ပြည်မြို့နယ်လုံးဆိုင်ရာ ဘာသာပေါင်းစုံ သုသာန်ပါ။ မကျွတ်မလွတ်တာတွေရှိရင် ကျွတ်လွတ်စေဖို့ ရည်ရွယ်ပါတယ်။ အလှူဒါန လုပ် အမျှပေးဝေကြမှာပါ’’ဟု ၎င်းကပြောသည်။

ဖေဖော်ဝါရီ ၁၁ နှင့် ၁၂ ရက်ညတွင် ဆရာတော် အရှင်နန္ဒ၀ံသ (ဒဲ့ဒိုးဆရာတော်)၏ အထူးတရားပွဲနှင့် ဖေဖော်ဝါရီ ၁၃ ရက် နံနက်တွင် သံဃာတော် အရှင်သူမြတ်များအား ဆွမ်းကပ်လှူဒါန်းခြင်း၊ ပရိတ်တရားများ ရွတ်ဖတ်ပူဇော်ခြင်းနှင့် ညပိုင်းတွင် အကျွတ်အလွတ် ကျွေးမွေးခြင်း ပြုလုပ်မည် ဖြစ်သည်။