NCA လက်မှတ်ထိုးအဖွဲ့တိုးလာ၍ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီကို ပြင်ဆင်ဖွဲ့စည်းမည်

ဖေဖော်ဝါရီ ၁၃ ရက်ပြုလုပ်မည့် NCA လက်မှတ်ထိုးပွဲသို့ နိုင်ဟံသာမတက်ဟုဆို

တစ်နိုင်ငံလုံးပစ် ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တိုးလာ၍ နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပရာတွင် အဓိကတာဝန်ယူ ဆောင်ရွက်ရသော ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) ကို ပြင်ဆင် ဖွဲ့စည်းမည်ဖြစ်ကြောင်း UPDJC ကိုယ်စားလှယ်များက ပြောကြား သည်။


မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တစ်အ စည်းအရုံး (LDU) တို့သည် ဖေဖော်ဝါရီ ၁၃ ရက်တွင် NCA လက်မှတ် ရေးထိုးမည်ဖြစ်၍ UPDJC ပြင်ဆင်ဖွဲ့စည်းရေး အ စည်းအဝေးများကို ဖေဖော်ဝါရီ ၁၄ ရက်၊ ၁၅ ရက်၌ ပြုလုပ်ရန် စီစဉ်နေကြောင်း NCA လက်မှတ် ထိုး ပအိုဝ်းအဖွဲ့ (PNLO)ဦး ဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

‘‘ဒီလက်မှတ်ထိုးပွဲပြီးတာနဲ့ UPDJC ကို တိုးချဲ့ဖို့၊ အဖွဲ့သစ် တွေကို ထည့်သွင်းဖို့ တစ်ခါတည်း ဆက်တိုက်သွားမယ်ထင်တယ်။ ၁၄၊ ၁၅ ရက်တွေမှာပေါ့’’ဟု ၎င်း က ဆိုသည်။

UPDJC ကို အစိုးရ၊ လွှတ် တော်၊ တပ်မတော် အစုအဖွဲ့ ကိုယ်စားလှယ် ၁၆ ဦး၊ NCA လက်မှတ်ထိုးတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ် ၁၆ ဦး၊ နိုင်ငံရေးပါတီ ကိုယ်စားလှယ် ၁၆ ဦး စုစုပေါင်း ၄၈ ဦးဖြင့် ဖွဲ့စည်းထားရာ လက်ရှိ UPDJC ဥက္ကဋ္ဌသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်ဖြစ်သည်။ နိုင်ငံရေးပါတီနှင့် တိုင်းရင်းသားလက်နက်ကိုင် အစုဖွဲ့တို့မှ ဒုဥက္ကဋ္ဌတစ်ဦးစီ တာဝန်ယူထားသည်။ UPDJC တွင် အစုအဖွဲ့အသီးသီးမှ ကိုယ်စား လှယ်များပါဝင်သော အတွင်းရေး မှူးအဖွဲ့ကိုလည်း ဖွဲ့စည်းထား သည်။

UPDJC ပြင်ဆင်ဖွဲ့စည်း မည့် အခြေအနေနှင့်ပတ်သက်၍ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ‘‘အရင် တုန်းက မူကတော့ ၁၆ ဦးပဲ။ လူ သစ်တိုးရင်လည်း ၁၆ ဦးထဲမှာ တချို့အဖွဲ့က နှစ်ယောက်ဖြစ်နေ ရင် တစ်ယောက်ပြန်ထွက်ပြီး တော့ အဖွဲ့သစ်ကို ထည့်ပေါ့ဗျာ။ အဲဒါက မူလက စဉ်းစားချက်ပေါ့။ ဒါပေမဲ့ အခုက တိုးရင်လည်း ၁၈ ဖြစ်လာမလား။ အဲဒီလို စဉ်စား တာလည်း ရှိတယ်။ အဲဒါကိုတော့ ကျွန်တော်တို့ ညှိရဦးမှာပေါ့’’ဟု ပြောသည်။

ယခင်က NCA လက်မှတ် ထိုး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ရှစ်ဖွဲ့ရှိရာ တစ်ဖွဲ့လျှင် နှစ် ဦးနှုန်းဖြင့် UPDJC တိုင်းရင်းသား လက်နက်ကိုင်အစုဖွဲ့ကို ၁၆ ဦး ဖြင့် ဖွဲ့စည်းထားသည်။ ယခု လက်မှတ်ထိုးမည့် NMSP နှင့် LDU တို့အနက် LDU သည် UPDJCတွင် ပါဝင်ခွင့် ရှိ၊ မရှိမသေချာ သေးပေ။ ယင်းအဖွဲ့ကို ယခင် အစိုးရလက်ထက်က NCA ၌ ပါဝင်လက်မှတ်ထိုးခြင်းကိုပင် အသိအမှတ်မပြုခဲ့ပေ။

ထို့အပြင် အစိုးရနှင့် မွန် ပြည်သစ်ပါတီ (NMSP)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့အကြား ဖေဖော်ဝါရီ ၁၃ ရက်တွင် ပြုလုပ်မည့် တစ် နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ် စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးပွဲသို့ NMSP ဒုဥက္ကဋ္ဌ နိုင်ဟံသာ တက်ရောက် နိုင်မည်မဟုတ်ကြောင်း NMSPဗဟိုကော်မတီဝင် နိုင်အောင်မ ငေးက ပြောသည်။

‘‘သူ (နိုင်ဟံသာ)မတက် ဘူး။ သူ UNFC အစည်းအဝေးမှာ သွားဦးဆောင်ရမယ်ဆိုတော့ သူ ရယ်၊ စီအီးစီက သုံးယောက် အဲဒီ အစည်းအဝေး သွားတက်ကြ မယ်’’ဟု နိုင်အောင်မငေးက ဆို သည်။

မွန်ပြည်သစ်ပါတီ ဒုဥက္ကဋ္ဌ နိုင်ဟံသာသည် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက် ဒရယ်ကောင်စီ (UNFC) ဥက္ကဋ္ဌအ ဖြစ် တာဝန်ယူထားသူဖြစ်သည်။

NMSP နှင့် LDU တို့ NCA လက်မှတ်ထိုးရန် ဆုံးဖြတ်ခြင်း အပါအဝင် UNFC ၏ စုဖွဲ့မှုဆက် ရှိ၊ မရှိ ဆွေးနွေးရန် UNFC ကောင်စီအစည်းအဝေးကို ဖေဖော်ဝါရီ ၁၀ ရက်တွင် ထိုင်းနိုင်ငံချင်းမိုင်မြို့ ၌ စတင်ကျင်းပမည်ဖြစ်သည်။