သူရဦးတင်ဦး စိတ်ခွန်အားဖြစ်စေရန် ဒီချုပ်အမတ်များ စုပေါင်းကန်တော့

ဒီချုပ်အမတ်များက နာယက သူရဦးတင်ဦးနှင့် ဇနီးအား ဂါရ၀ပြုကန်တော့နေစဉ် (ဓာတ်ပုံ − NLD/FB)

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယကကြီး  သူရဦးတင်ဦးစိတ်ခွန်အားရရှိစေရန် ဒီချုပ်ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်အမတ်များက ယမန်နေ့က စုပေါင်းကန်တော့ခဲ့သည်။ လွှတ်တော်အမတ်များနှင့် ပါတီဝင်များပါဝင်ပြီး ကန်တော့ငွေ ကျပ်လေးသိန်းကျော်ဖြင့် ဂါရ၀ပြုခဲ့သည်။ သူရဦးတင်ဦးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့်အတူအစဉ်တစိုက်ဖြတ်သန်းခဲ့ပြီး ၎င်း၏ ဦးဆောင်မှုသည် ပါတီ အတွက် လွန်စွာအရေးကြီးသဖြင့် ယခုကျန်းမာရေး မကောင်းချိန်တွင်စိတ်ခွန်အားဖြစ်စေရန် ကန်တော့ခြင်းဖြစ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဆွေ က ရှင်းပြသည်။


‘‘သူ့အနေနဲ့ စိတ်ဓာတ်ခွန် အားတွေ အပြည့်အ၀ရှိနေတယ် လို့ သုံးသပ်မိတယ်။ မျက်နှာလည်းကြည်နေတာ။ ဒါကြောင့် ဒီနေ့ တွေ့ရတာအားရှိပါတယ်။ ဒီ လောက်အချိန်တိုအတွင်းမှာ ပြင်း ပြင်းထန်ထန်ဖြစ်သွားတဲ့ ပုဂ္ဂိုလ် တစ်ဦး နာလန်ပြန်ထူဖို့ မလွယ်ဘူး လေ။ အခုဟာက အချိန်တိုအ တွင်း ဒီလောက်ကောင်းတယ်ဆို တာ အင်မတန်အားရစရာကောင်း ပါတယ်’’ဟု ၎င်းကပြောသည်။

ဦးနှောက်သွေးကြောပိတ်၍ လေဖြတ်ဝေဒနာခံစားခဲ့ရသည့် သူရဦးတင်ဦးသည် လက်ရှိ၌ စကားပီသစွာ မပြောနိုင်သေးသော် လည်း ကြိုးစား၍ စကားပြောနေပြီး ကျန်းမာရေးအခြေအနေယခင်ထက်များစွာတိုးတက်ကောင်းမွန်လာကြောင်း ၎င်းကဆိုသည်။

သူရဦးတင်ဦးသည် NLD ဌာနချုပ်သို့ သောကြာနေ့တိုင်း တစ်ပတ်တစ်ရက်ရုံးတက်ပြီး ယမန်နေ့တွင် ကိုယ်စားလှယ်များ၏ တောင်းဆိုမှုအရ ပါတီဌာနချုပ်တွင် ၎င်း၏ဇနီးနှင့်အတူ ကန်တော့ခံပြီး ဆုတောင်းမေတ္တာ ပို့ သပေးခဲ့ကြောင်း ပါတီက ထုတ်ပြန်သည်။ သူရဦးတင်ဦးသည် ယမန်နှစ်မေလ ၁၈ ရက်တွင် ရုတ်တရက်ဦးနှောက်သွေးကြောပိတ်၍ ဆေးရုံတက်ခဲ့ရပြီး ခုနစ်ရက်မြောက်နေ့ မေလ ၂၄ ရက်၌ အသက်အန္တရာယ် စိုးရိမ်ရသည့် အဆင့်ကို ကျော်လွန်ကာ အခြေအနေ တိုးတက်ကောင်းမွန်လာခဲ့သည်။

ဇွန်လ ၂ ရက်တွင် အစား စတင်စားလာနိုင်ပြီး ဇွန် လ ၁၁ရက်၌ မတ်တတ်ရပ်လမ်းလျှောက် နိုင်သည်အထိ တိုးတက်လာ သည်။ ဆေးကုသမှုခံယူအပြီး သုံးလအကြာ သြဂုတ် ၃၁ ရက်တွင်ဆေးရုံမှ ဆင်းနိုင်ခဲ့သည်။