မင်းဘူးရှိ နေစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံမှ တစ်ယူနစ် ကျပ် ၁၆၀ ခန့်ဖြင့် ဝယ်ယူရဟုဆို

ကမ္ဘာ့နိုင်ငံအများစုတွင် တစ်ယူနစ် ၅၃ ကျပ်ခန့်သာရှိဟု သဘာဝပတ်ဝန်းကျင်ပညာရှင်ပြော

 မင်းဘူးမြို့နယ်တွင် ထိုင်းနိုင်ငံမှ BOT စနစ်ဖြင့် အကောင်အထည်ဖော်ထားသည့် မြန်မာ့ပထမဆုံး နေစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံမှ လျှပ်စစ်တစ်ယူနစ်လျှင် ကန်ဒေါ်လာ ၁၂ ဆင့် (ကျပ် ၁၆၀ ခန့်) ဖြင့် ဝယ်ယူရကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးမင်းမင်းဦးက ပြောသည်။

ယခင် အစိုးရလက်ထက်က သဘောတူစာချုပ်ချုပ်ခဲ့၍ အဆို ပါဈေးနှုန်းဖြင့် ဝယ်ယူရခြင်းဖြစ် ကြောင်း ဆိုသည်။

‘‘ဟိုးအရင် ချုပ်ခဲ့တဲ့ စာချုပ် အရသွားတာ။ အရင်တစ်နှစ်၊ ၂ နှစ်လောက်ကတည်းက စာချုပ်ခဲ့ တယ်။ အဲဒီအတိုင်း သွားတာ’’ဟု ဦးမင်းမင်းဦးက ပြောသည်။

အဆိုပါ လျှပ်စစ်ဓာတ်အား ပေးစက်ရုံနှင့်ပတ်သက်၍ သဘာ ဝပတ်ဝန်းကျင်ပညာရှင် ဦးဝင်း မျိုးသူက ‘‘ဒီနေရောင်ခြည်သုံး ဓာတ်အားပေးစက်ရုံက တစ်ယူ နစ် ၁၂ ဆင့် (၁၆၀ ကျပ်)နဲ့ စာ ချုပ်ချုပ်ခဲ့တာလို့ ကြားတာပဲ။ ကမ္ဘာ့နိုင်ငံအတော်များများမှာ နေ ရောင်ခြည်စွမ်းအင်က လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုက တစ်ယူ နစ် လေးဆင့်(၅၃ ကျပ်) ပတ်လည် လောက်ပဲရှိတာမို့ ဒီစက်ရုံနဲ့ ပြန်လည်ညှိနှိုင်းလို့ ရ၊ မရ သိချင် တယ်။ မြန်မာပြည်အနေအထားနဲ့ တစ်ယူနစ် ရှစ်ဆင့် (၁၀၇ ကျပ်) လောက်ဆို မဆိုးဘူး’’ဟု ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဖော် ပြထားသည်။

အမေရိကန် ဆိုလာဆဲလ်စင် တာ၏ စာရင်းများအရ နေရောင် ခြည်သုံး လျှပ်စစ်ဓာတ်အားကို တစ်ယူနစ်လျှင် ကန်ဒေါ်လာ ၈ ဒသမ ၄၇ ဆင့် (၁၁၂ ကျပ်)သာ အများဆုံးရှိသည်ဟု ဆိုထား သည်။ မဂ္ဂါဝပ် ၁၇၀ ထုတ်လုပ်မည့် နေစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို ထိုင်းနိုင်ငံ Green Earth (Myanmar) ကုမ္ပဏီက အကောင်အထည်ဖော်ပြီး တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အား ယူနစ် သန်း ၃၅၀ (ကီလိုဝပ် နာရီ) ထုတ်လုပ်ပေးနိုင်သည်။

အကြမ်းဖျင်းအားဖြင့် တစ် နှစ်လျှင် လျှပ်စစ်ထုတ်လုပ်ရေးအ တွက် ကန်ဒေါ်လာ ၄၂ သန်းပေး ချေရမည်ဖြစ်သည်။

ယခင်အစိုးရ လျှပ်စစ်စွမ်း အားဝန်ကြီးဌာနနှင့် ထိုင်းကုမ္ပဏီ တို့ ၂၀၁၃ တွင် လက်မှတ်ရေးထိုး ခဲ့ပြီး ကန်ဒေါ်လာသန်း ၂၀၀ ကျော် ရင်းနှီးမြှုပ်နှံကာ မြေဧက ၇၅၀ ခန့် သုံးစွဲမည်ဟု ထိုင်း ကုမ္ပဏီက ဆိုထားသည်။

ထို့အတူ လျှပ်စစ်နှင့် စွမ်း အင်ဝန်ကြီးဌာနသည် ပြည်တွင်း လျှပ်စစ်ဓာတ်အား လိုအပ်ချက် ဖြည့်တင်းရန် LNG (သဘာဝ ဓာတ်ငွေ့ရည်)ဖြင့် လျှပ်စစ်ဓာတ် အား စက်ရုံလေးရုံကို လုပ်ငန်း လုပ်ကိုင်ခွင့်ပေးခဲ့သည်။

ထိုစက်ရုံလေးရုံမှ မဂ္ဂါဝပ် ၃,၀၀၀ ထုတ်လုပ်ရန် စီစဉ်ထား ပြီး လျှပ်စစ်တစ်ယူနစ်လျှင် မည် သည့်နှုန်းဖြင့် ဝယ်ယူမည်ကို သဘောတူထားခြင်း မရှိသေးကြောင်း ဦးမင်းမင်းဦးက ပြောသည်။

 ထို့အတူ လာအိုနိုင်ငံနှင့် လျှပ်စစ်ကဏ္ဍ ပူးပေါင်းဆောင် ရွက်ရေး စာချုပ်ချုပ်ဆိုထားပြီး လက်ရှိအချိန်ထိ မည်သည့်နှုန်း ဖြင့် လျှပ်စစ်ဝယ်ယူမည်ကိုလည်း မဆွေးနွေးရသေးကြောင်း ၎င်းက ဆက်လက်ပြောသည်။