ပန်းတိုင်သည် ဖက်ဒရယ်၊ ဖက်ဒရယ်သည် ပန်းတိုင်

ပြည်ထောင်စုနေ့ကို ကျင်းပလာ တာ  ယခုနှစ်ပါဆို (၇၁)နှစ် ရှိခဲ့ပါပြီ။ ပြည်ထောင်စုသားတိုင်းရင်းသား တွေရဲ့ ရင်ထဲမှာ ပြည်ထောင်စုစိတ်ဓာတ်တွေ ရင့်သန်နေပြီလို့ ပြောနိုင်ပါပြီ။ လူဆိုတာ တစ်ဦး တည်း နေလို့မရပါ။ လူ့ပင်ကိုဗီဇ အရကို စုပေါင်းနေထိုင်လိုစိတ် ဆိုတာ ရှိပါတယ်။ မြန်မာနိုင်ငံမှာ လည်း တိုင်းရင်းသား ၁၃၅ မျိုး အတူတကွ စုပေါင်းနေထိုင်လျက် ရှိကြတယ်။ ပြည်ထောင်စုနေ့ကို နှစ်စဉ်ကျင်းပနေတဲ့ ရည်ရွယ်ချက်က ပြည်ထောင်စုစိတ်ဓာတ် ပိုမို ခိုင်မြဲအောင်၊ ပြည်ထောင်စုအ ကျိုးကြိုးပမ်းနိုင်အောင်၊ ပြည် ထောင်စုကြီး စည်းလုံးညီညွတ် အောင် စသည်တို့ဖြစ်တယ်လို့ ယုံ ကြည်ပါတယ်။

မြန်မာ့ဒီမိုကရေစီသမိုင်းက တော့ အားလုံးသိတဲ့အတိုင်းပဲ။ ခရီးတာရှည်လွန်းခဲ့ပါတယ်။ ပြည်သူတွေမှာ နှစ်ပေါင်းများစွာ မျက် စိမှိတ်၊ နားပိတ်ဘဝတွေ ဖြစ်ခဲ့ရ တယ်။ ဖက်ဒရယ်ပြည်ထောင်စု ဆိုတာနဲ့ပတ်သက်ပြီး ပေါ်ပေါ် တင်တင် ပြောခွင့်ရတာ သိပ်မ ကြာသေးပါဘူး။ မှတ်မှတ်ရရ ၂၀၁၅ ရွေးကောက်ပွဲကြိုကာလ တွေကျမှ အသံထွက်လာခဲ့တာ ပါ။ အရင်အစိုးရအဆက်ဆက် ဖက်ဒရယ်ဆိုတာကြီးကို မစား ကောင်းတဲ့အသီးလိုလို အဓိပ္ပာယ် ဖွင့်ဆိုချက်အမှားတွေနဲ့ ပုံဖျက်ခဲ့ ကြတယ်။ ဒီချုပ်ပါတီအနေနဲ့ ရွေး ကောက်ပွဲဝင်ပြိုင်မယ်လို့ ဆုံးဖြတ်လိုက်တဲ့အချိန်မှာ ပထမဆုံးကြား ရတဲ့အသံက သူတို့ပါတီအနိုင်ရ ရင် ဒီမိုကရေစီဖက်ဒရယ်ပြည် ထောင်စုဖြစ်အောင် ဖော်ဆောင် ပေးမယ်ဆိုတဲ့ စကားပါ။ အားရမိ တယ်။ တိုင်းရင်းသားပြည်သူတွေ အနှစ်နှစ်အလလ လိုလားတောင့် တလာခဲ့တဲ့အရာအတွက် ရောင်နီ ပျိုးလာခဲ့ခြင်းပါ။

ဝေါဟာရစကားလုံးနဲ့ပတ် သက်ပြီး ဝိဝါဒနည်းနည်းကွဲပြား နေတဲ့အသံခပ်သဲ့သဲ့ကြားနေရ တယ်။ ဖက်ဒရယ်ဒီမိုကရေစီနဲ့ ဒီမိုကရေစီဖက်ဒရယ်ပါ။ ပထမ တစ်ခုက ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ပြီးမှ ဒီမိုကရေစီ စနစ်ပိုရှင်သန်အောင် လုပ်မယ် ဆိုတဲ့သဘော။ ဒုတိယဝေါဟာရ ကတော့ ဒီမိုကရေစီစနစ်ရင့်သန် ပြီးမှ ဖက်ဒရယ်ပြည်ထောင်စုကို သွားမယ်ဆိုတဲ့သဘော။ ဘယ်လို ပဲ သွားသွားပါ၊ တိုင်းရင်းသား ပြည်သူတွေရဲ့ ရည်မှန်းချက်ပန်း တိုင်ကတော့ ဖက်ဒရယ်ပြည် ထောင်စုပါပဲ။ ဖက်ဒရယ် ပြည် ထောင်စု မြန်မြန်ဖြစ်လေ ပို ကောင်းလေလေပါပဲ။

ပြည်တွင်းစစ်ချုပ်ငြိမ်းခြင်း ကလည်း ဖက်ဒရယ်နဲ့ အပြန်အ လှန်အားဖြင့် ဆက်စပ်မှုရှိနေ တယ်။ ၂၁ ရာစုပင်လုံညီလာခံက အဖြေတစ်ခုဖြစ်လိမ့်မယ်လို့ မျှော် လင့်ပါတယ်။ ယခုဆို အပစ်အ ခတ်ရပ်စဲရေးလက်မှတ်ထိုးတဲ့ အဖွဲ့တွေ ပိုများလာပါပြီ။ ကျန်တဲ့ လက်နက်ကိုင်တပ်ဖွဲ့အားလုံး ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်လာ ဖို့ မျှော်လင့်မိပါတယ်။ ဟိုဘက် ဒီဘက် အပြန်အလှန်သဘောထား ကြီးမှုတွေနဲ့အတူ ငြိမ်းချမ်းရေးကို အမြန်ဆုံးတည်ဆောက်ယူနိုင်ဖို့ အရေးကြီးနေပါပြီ။ ပြည်သူတွေ ရဲ့မျက်နှာကိုပဲ ကြည့်ပေးကြပါ၊ မိမိတို့အတ္တကို ရှေ့တန်းမတင်ဘဲ အများပြည်သူအကျိုးကို ဦးစား ပေးကြပါ၊ ငြိမ်းချမ်းရေးမြန်မြန် တည်ဆောက်ကြပါလို့ အားလုံး ကို မေတ္တာရပ်ခံချင်ပါတယ်။

တစ်ချိန်တုန်းကတော့ ပင်လုံ စာချုပ်ပါကတိကဝတ်တွေကို အ ပြည့်အဝ မခံစားရတဲ့အတွက် တိုင်းရင်းသားတွေဘက်က မကျေ နပ်မှုတွေ ကြီးထွားလာခဲ့တယ်။ (နိုင်ငံတော်အတိုင်ပင်ခံပြောဖူး တယ်။ ဗမာကလည်း တိုင်းရင်း သားပါပဲတဲ့)။ ပြောရရင်တော့ အာဏာရှင်တွေက တိုင်းပြည်ကို လိုသလို ခြယ်လှယ်ခဲ့ကြတယ်။ ဗဟိုအစိုးရနဲ့ အလှမ်းဝေးတဲ့ ဒေ သတွေမှာ ဖိနှိပ်မှုတွေ ပိုခံစားခဲ့ရ တယ်။ ဒါတွေဟာ အမှန်တရား တွေ၊ အရှိတရားတွေ ဖြစ်တယ်။ အာဏာရှင်စနစ်ရဲ့ဒုက္ခတွေကို တစ်နိုင်ငံလုံးတန်းတူခံစားခဲ့ကြရ တယ်။ ဒီမိုကရေစီကို လိုလားတဲ့ ရဟန်းရှင်လူပြည်သူတိုင်းရင်း သားအားလုံးက အာဏာရှင်စနစ် ချုပ်ငြိမ်းအောင် ကြိုးစားခဲ့ကြတယ်။ သွေးချွေးတွေ ပေးဆပ်ခဲ့ ကြတယ်။ တူတူတန်တန်ဘဝတွေ ပိုင်ဆိုင်ကြဖို့ ကြိုးပမ်းကြတယ်။ အခုလောလောဆယ်မှာတော့ အ သင့်တော်ဆုံး အစိုးရတစ်ရပ်ကို ရထားပါပြီ။ ယုံကြည်ပါတယ်။ မ ကြာတော့တဲ့ အချိန်ကောင်းတစ် ခုမှာ တစ်နိုင်ငံလုံးလိုချင်တဲ့ အခြေ အနေကောင်းတစ်ခု ရောက်လာ ပါတော့မယ်။ စည်းလုံးညီညွတ် ကြဖို့သာ အထူးလိုအပ်ပါတယ်။

 ဖက်ဒရယ်ဆိုတာ ပြည် ထောင်စုထဲက ခွဲထွက်မယ်ဆိုတဲ့ မှားယွင်းတဲ့ဖွင့်ဆိုချက်တွေနဲ့ တစ် သက်လုံး ယဉ်ပါးအောင် တချို့ တွေ ကြိုးစားခဲ့ကြတယ်။ အခု တော့ ပြည်သူတွေ မျက်စိပွင့်နား ပွင့်ဖြစ်ကြပြီ။ ပြည်သူအများစုက အကျိုးနဲ့အကြောင်းကို ကောင်း ကောင်းသိနေကြပါပြီ။ ဒါပေမဲ့ တချို့ဒေသက ခေါင်းဆောင်တချို့ကတော့ လတ်တလောထောက်ခံမှုရအောင် လွဲမှားစွာ ကြိုးစားနေကြတယ်။ ဒီပြည်နယ်ကို တိုးတက်လာအောင် ကြိုးစားပေးမယ်ဆိုတဲ့ စကားမပြောဘဲသည်းခြေကြိုက် စကားကိုပဲ တွင်တွင်ပြောနေကြတယ်။ ပြည်ထောင်စုကနေ ခွဲထွက်ပြီး သီးခြားနိုင်ငံထူထောင်မယ်ဆိုတဲ့ အတွေးအခေါ်မျိုးတွေ ရိုက်သွင်းကြတယ်။ အသိပညာကိုယ်ခံအား နည်းတဲ့ဒေသခံတွေမှာ ခေါင်းဆောင်ပြောသမျှ ယုံကြည်တော့တယ်။ ဖြစ်နိုင်၏၊ မဖြစ်နိုင်၏ မတွေးတတ်။ ခေါင်းတွဲကစ မှားပြီဆိုရင် နောက်တွဲတွေကလည်း တောက်လျှောက် မှားတတ်ပါတယ်။ စိတ်မကောင်းစရာပါ။

တချို့ကလည်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်စီမံခွင့်မရ နိုင်သေးတာကို ရည်ညွှန်းပြီး ပြော လာကြတယ်။ ဒီလိုတွေးတယ်ဆို ရင်လည်း ဒီမိုကရေစီမိတ်ဖက် တွေနဲ့အတူ ဖက်ဒရယ်ရအောင် ဝိုင်းဝန်းသင့်တာပေါ့။ လက်ရှိ ဒီမို ကရေစီအစိုးရကို ကန့်လန့်တော့ မတိုက်သင့်ပါဘူး။ လက်ရှိ ဒီမိုက ရေစီအစိုးရရဲ့လက်ရှိအခက်အခဲ တွေကို ပိုနားလည်ပေးသင့်တာ ပေါ့။ စကားကြုံလို့ ပြောလိုက်ရ ခြင်းပါ။ တစ်တိုင်းပြည်လုံးကို ခြုံ ကြည့်လိုက်ရင်တော့ အားရစရာ တွေ ရှိနေပါပြီ။

  ပြောရရင် အခုက ပြည် ထောင်စုစိတ်ဓာတ်နဲ့ ရှေ့ဆက် သွားရမယ့်အချိန်ပါ။ မြန်မာ့နိုင်ငံ ရေးအခင်းအကျင်းက အတော်လှ နေပြီ၊ ဖက်ဒရယ်ဒီမိုကရေစီလမ်း ကြောင်းကို လျှောက်နေပြီ။ အတူ ပူးပေါင်းပါဝင်ကြပါ။ ဖက်ဒရယ် ပြည်ထောင်စုကို အတားအဆီး ဖြစ်နေတာက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ။ လွှတ်တော်နိုင် ငံရေးလမ်းကြောင်းထဲကနေ ဒီဥပ ဒေကို ပြင်နိုင်ဖို့ ပထမအဆင့် ကြိုး စားနေကြတယ်။ ပြင်ပြီး ဖက်ဒရယ်ပြည်ထောင်စုဖြစ်ပြီဆိုရင် တော့ တိုင်းရင်းသားဒေသတွေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြီ။ ကိုယ် ပိုင်ပြဋ္ဌာန်းခွင့်ရပြီ။ ဖက်ဒရယ် ပြည်ထောင်စုဖြစ်ပြီ။

ပြည်သူတွေရဲ့နိုင်ငံရေးရေ ချိန်က အတော်မြင့်နေပြီ။ အာဏာ ရှင်တွေလက်အောက်က လွတ်ပြီး ဒီမိုကရေစီလမ်းကြောင်းကို သွား ချင်တဲ့အတွက် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ကို တစ်နိုင်ငံလုံး မဲ ပေးရွေးချယ်ကြတယ်။ အစိုးရက လည်း ဖက်ဒရယ်လမ်းကြောင်းက နေ သွေဖည်မှုမရှိ ခရီးဆက်နေ တယ်။ ပြည်သူအများစုရဲ့အတွေး က ဖက်ဒရယ်ပြည်ထောင်စုကို သွားနေကြတာဆိုတော့ နိုင်ငံအ တွက် အတော်အားရစရာဖြစ်နေ ပါပြီ။

ပြည်တွင်းငြိမ်းချမ်းရေးကို အမြန်ဆုံး တည်ဆောက်နိုင်ပါ စေ၊ ဖက်ဒရယ်ပြည်ထောင်စုကြီး အမြန်ပေါ်ပေါက်ပါစေ၊ တွဲလက် များခိုင်မာပြီး ကမ္ဘာ့အလယ် ဂုဏ် တင့်နိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။      ။

(ဖော်ပြပါ ဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)