သေဒဏ်အပြစ်ပေးမှု ရှိသင့်၊ မရှိသင့်နှင့် ပြည်သူ့အသံ

လူသတ်မုဒိမ်း သက်ငယ်မုဒိမ်းမှုများကို သေဒဏ်ပေးရန် လှုပ်ရှားမှုတွင် ပါဝင်နေသူတစ်ဦးအား တွေ့ရစဉ်(ဓာတ်ပုံ − စိုင်းဇော်)

၂၀၁၈ သို့ဝင်ရောက်လာသည်မှာ နှစ်လပင်သေချာစွာမပြည့်သေးသော်လည်း ထိတ်လန့်ဖွယ်မှုခင်းကြီးများက ပြည်သူများအကြားစိုးရိမ်ပူပန်မှုများကို မြင့်တက်စေခဲ့သည်။ အထူးသဖြင့် FDA ၀န်ထမ်းအမျိုးသမီး အဓမ္မပြုကျင့်အသတ်ခံရခြင်း၊ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ရန်ကုန်မြို့တစ်မြို့တည်း နှစ်ရက်ဆက်တိုက် သက်ငယ်မုဒိမ်းနှစ်မှုဖြစ်ပွားခဲ့ပြီး မကွေးတိုင်းတွင် HIV ရောဂါပိုးရှိသူက (၆)နှစ်အရွယ်မိန်းကလေးငယ်ကို အဓမ္မပြုကျင့်မှုတို့က ဆက်တိုက်ဆိုသလိုသတင်းများ ဖော်ပြလာပြီး လူထုကြားမုဒိမ်းကောင်များအား သေဒဏ်ပေးရေးလှုပ်ရှားမှုများကို အမျိုးသမီးအဖွဲ့အချို့က ဦးဆောင်လှုပ်ရှားလာရာ မြန်မာနိုင်ငံတွင် သေဒဏ်ပြစ်ဒဏ်ပေးမှုရှိသော်လည်း အမှန်တကယ်ချမှတ်မှုနည်းပါးနေသည့်အပေါ် သေဒဏ်အပြစ်ပေးမှုရှိသင့်၊ မရှိသင့်နှင့်ပတ် သက်၍ ပြည်သူများ၏အသံကို စုစည်းဖော်ပြလိုက်ပါသည်။


ဦးမိုးဟိန်း (တရားလွှတ်တော်ရှေ့နေ)
သေဒဏ်ချမှတ်ပေးဖို့ တောင်းဆိုနေကြတာနဲ့ပတ်သက်ပြီး မြန်မာ နိုင်ငံဗုဒ္ဓဘာသာကိုးကွယ်မှုအနေအရဆိုရင် လူတစ်ဦးကြောင့်တခြားလူ တစ်ဦးကို သေဒဏ်ထိုက်စေတယ်ဆိုတာမဖြစ်သင့်ပါဘူး။ ဒါပေမဲ့ လူမှု ရေးရှုထောင့်ကကြည့်ရင် လူတစ်ဦးရဲ့ပြုလုပ်မှုကြောင့် တခြားလူတစ်ဦး (သို့မဟုတ်)နစ်နာတဲ့မိသားစုမှာ ရရှိသွားတဲ့ဆုံးရှုံးနစ်နာမှုက ပြုလုပ်သူ သေသွားသည့်တိုင်အောင် ပြန်လည်ကုစားမရနိုင်တဲ့အထိ နစ်နာဆုံးရှုံးမှု မျိုးဖြစ်နေတတ်ပါတယ်။ ဥပဒေရှုထောင့်ကကြည့်ရမယ်ဆိုရင်တော့ ခေတ်နဲ့လျော်ညီမှုမရှိတဲ့ဥပဒေတွေ၊ ပြစ်ဒဏ်တွေကို အမြန်ဆုံးပြင်ဆင်သင့်ပါတယ်။ လက်ရှိကျွန်တော်တို့ နိုင်ငံက လူတချို့ကပြစ်မှုကျူးလွန်ရမှာ ၀န်မလေးကြပါဘူး။ ဒေါသကြောင့်ဖြစ်စေ၊ ရန်ငြိုးကြောင့်ဖြစ်စေ၊ ဘာကြောင့်ပဲဖြစ်ပါစေ၊ လူတစ်ယောက်ကြောင့်ဖြစ်စေ၊ လူတစ်စုကြောင့်ဖြစ်စေ၊ တခြားလူတစ်စု၊ တစ် ယောက်ကို အစားထိုးမရနိုင်တဲ့ဆုံးရှုံးနစ်နာမှု ဥပမာ မုဒိမ်း၊ လူသတ်မှုလိုအမှုမျိုးမှာ ကျူးလွန်တဲ့သူကိုထိုက် သင့်တဲ့ပြစ်ဒဏ်ပေးရမှာမှန်သော်လည်း နောင်အလားတူပြစ်မှုမျိုးမဖြစ်ပွားအောင်(တစ်နည်းပြောရရင် နည်း လာအောင်၊ ဖြစ်ပွားမှုနနှုန်းကျဆင်းလာအောင်)ထိရောက်တဲ့ ပြစ်ဒဏ်မျိုးပေးရမှာအမှန်ပါပဲ။ နောက်တစ်ခု က သေဒဏ်ချမှတ်တာနဲ့ပတ်သက်ပြီး မည်ကဲ့သို့သောပြစ်မှုမျိုးကျူးလွန်ခဲ့တယ်ဆိုတာ ဆုံးဖြတ်ရမှာဖြစ်ပါ တယ်။ လက်ရှိပြဋ္ဌာန်းထားတဲ့ဥပဒေတချို့မှာ တစ်သက်တစ်ကျွန်း ဒါမှမဟုတ် သေဒဏ်ထိုက်တဲ့အမှုမျိုးနဲ့ လက်ရှိမျက်မှောက်ကာလမှာ ဖြစ်ပွားနေတဲ့ပြစ်မှုတွေကိုယှဉ်တွဲပြီး သေဒဏ်ထိုက်တဲ့ဥပဒေအသစ်တွေရေး ဆွဲပြီး ပြဋ္ဌာန်းလိုက်မယ်ဆိုရင်၊ ပြဋ္ဌာန်းချက်အတိုင်းထိထိရောက်ရောက်အရေးယူဆောင်ရွက်မယ်ဆိုရင် နိုင်ငံတစ်ဝန်းမှာ ပြစ်မှုကြီးတွေဖြစ်ပွားနှုန်းသေချာပေါက်ကျဆင်းလာမှာဖြစ်ပါတယ်။ ဒါဆိုရင် အငြင်းပွား ဖွယ်မရှိတဲ့ ပြစ်မှုတွေကျူးလွန်မယ်ဆိုရင် ထိရောက်တဲ့ပြစ်ဒဏ်ရှိနေတဲ့အတွက် အေးချမ်းလာမယ်လို့ယူဆ မိပါတယ်။ အဲဒီသေဒဏ်ထိုက်စေတဲ့ဥပဒေကို နည်းဥပဒေနဲ့အတူပြန်ဋ္ဌာန်းသင့်တယ်လို့ထပ်မံအကြံပြုလို ပါတယ်။

ထားထက်ထက်(အလှမယ်)
အဲဒါတွေကိုတော့ အားပေးတယ်။ အရင်ကထောင်သုံးနှစ်လောက် ပဲကျတယ်။ ထားထက်တို့လည်း ပွဲတွေလုပ်တယ်။ ဆုတောင်းပွဲတွေ လုပ်တယ်။ အဲဒီအခါကျတော့ အကုန်လုံးကသတိထားမိလာပြီး ပြစ်ဒဏ် ပိုကြီးလာတယ်။ အဲဒါကထိရောက်မှုရှိတယ်။ ပွဲလေးတွေလုပ်ပေးတာ၊ ပြည်သူလူထုကို အသိပေးတာမျိုးလုပ်ပေးမှ ဒါမျိုးတွေအများကြီးရှိနေ တာဆိုပြီး သတိထားမိကြတယ်။ စာထဲမှာဖတ်လိုက်ရတာကတော့ သေ ဒဏ်ဆိုပေမယ့် သေဒဏ်မပေးဘူး။ ပြီးရင် အဲဒီလူတွေမှာ တချို့လူတွေ က ခြောက်နှစ်၊ ခုနစ်နှစ်နဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့လွတ်လာကြတယ်။ အဲဒီလိုမျိုးထက်စာရင် ထောင်ဒဏ်နှစ် နှစ်ဆယ်၊ သုံးဆယ်ကိုလွတ်ငြိမ်းချမ်းသာခွင့်မပေးဘဲ အကြီးဆုံးပြစ်ဒဏ်ချမှတ်တာမျိုးလိုချင်တယ်။ ဘာဖြစ် လို့လဲဆိုတော့ အထဲဝင်သွားပြီး ပြန်ထွက်လာရင်အဲဒီလူတွေက နောက်တစ်ကြိမ်ထပ်မလုပ်ဘူးလို့ပြောလို့မရဘူး။

ဒေါက်တာမြင့်လွင် (ကလေးအထူးကုဆရာဝန်ကြီး)
သက်ငယ်မုဒိမ်းမှုနဲ့ပတ်သက်ပြီး သေဒဏ်ပေးတာကောင်းပါတယ်။ တစ်ခုရှိတာက သေချာဖို့တော့လိုတယ်။ တချို့တွေကျဥပဒေကပြင်း ထန်ပြီးတော့ ခုတုံးလုပ်တာမျိုးရှိနိုင်တယ်။ အဲဒီနှစ်ခုကို Balance ဖြစ် အောင်လုပ်ပြီး တကယ်သေချာတယ်ဆိုရင် သေဒဏ်၊ ဒါမှမဟုတ် ပြင်း ထန်တဲ့အရေးယူမှုမျိုးပြုလုပ်သင့်တယ်။ ဒါမှလည်း လူတွေကမှတ်မှာ ပေါ့။ ဒီလိုသေဒဏ်ပေးတာက လတ်တလောပြစ်ဒဏ်ပေါ့။ ရေရှည် (long term)ကတော့ အဓိကပညာပေးတာပေါ့။ လူတွေရဲ့စိတ်ပိုင်းဆိုင် ရာချွတ်ယွင်းချက်၊ တွေးခေါ်စဉ်းစားနိုင်တဲ့အသိဉာဏ်တွေမြှင့်ပေးရမှာပေါ့။ မူးယစ်ဆေးစွဲတဲ့ပြဿနာတွေ ကလည်း ဆက်နွှယ်နေတာပေါ့။ လူတစ်ဦးချင်းရဲ့ အသိဉာဏ်ကြွယ်ဝမှုလည်းပါတာပေါ့။ လူတိုင်းမဖြစ်အောင် ကာကွယ်ဖို့က ပညာပေးမှုအပိုင်းလိုသလို လူတွေတစ်ဦးချင်းရဲ့အသိဉာဏ်၊ ကိုယ်ချင်းစာတရား၊ ခံယူချက်၊ စိတ်ဓာတ်ရေးရာကောင်းမွန်အောင် မြှင့်တင်ပေးတာတွေလုပ်ပေးဖို့ လိုအပ်တယ်လို့မြင်ပါတယ်။

ဒေါ်လီလီနိုင်ကျော် (လူသတ်မုဒိမ်းနှင့် သက်ငယ်မုဒိမ်းသေဒဏ်ပေးရေး လက်မှတ်ကောက်ခံသည့်အဖွဲ့ ဦးဆောင်သူ)
သေဒဏ်ကပေးကိုပေးသင့်ပါတယ်။ တစ်ယောက်စ နှစ်ယောက်စ သတ်ပြဖို့လိုပါလိမ့်မယ်။ ပြီးရင် သူတို့အင်မတန်ကြောက်သွားပါလိမ့် မယ်။ ဟိုး ပဒေသရာဇ်ခေတ်တွေမှာဆိုရင် သူခိုးကိုလက်ဖြတ်၊ရွှေခိုး ခိုးတဲ့ကောင်လက်ဖြတ်ဆိုရင် သူလုပ်တဲ့အပြစ်ကနည်းနည်းလေး၊ သူခံရ မှာအဆမတန်ဆို မလုပ်တော့ပါဘူး။ အဲဒီအတွက်လုပ်နေတာပါ။ ကျူး လွန်တဲ့အပြစ်ထက် မမျှတတဲ့အပြစ်ဒဏ်မျိုးကိုချရင် ဒီလူတွေကြောက် ပါလိမ့်မယ်။ လူ့အခွင့်အရေးဆိုတဲ့ခေါင်မိုးအောက်မှာ ကျွန်မတို့မိန်းမတွေကမ၀င်ရတော့ဘူးတဲ့လား။ လူ ချင်းတူတာတောင် ကျွန်မတို့မိန်းမသားတွေက အားနွဲ့တဲ့မိန်းမသားတွေ၊ အားနွဲ့တဲ့အတွက် ခွန်အားဗလကို အားကိုးပြီးတော့ လုပ်နေတဲ့ယောက်ျားသားတွေရှိနေတယ်။ တစ်မိုးအောက်မှာ လူ့အခွင့်အရေးဆိုတာတော့ လူတိုင်းရပ်တည်နေကြတာပေါ့။ အဲဒီရပ်တည်တဲ့အထဲမှာ ကျွန်မတို့မိန်းမသားတွေကကော မပါတော့ဘူး လား။ သေဒဏ်မပေးဘူးဆိုရင်သူတို့က  လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာတာတွေရှိတဲ့အတွက် မုဒိမ်း မှုတွေက ဒီထက်ဆထက်ပိုတိုးတိုးပြီးတော့ ဖြစ်လာနိုင်တယ်။ အင်ဒိုနီးရှားနိုင်ငံမှာ သေဒဏ်ပေးလိုက်တဲ့အ တွက် အစဖျောက်သတ်ပစ်လိုက်တဲ့အမှုတွေအရမ်းများတယ်လို့ သိထားပါတယ်။ သို့သော်လည်း အဲဒီလို မျိုး သေဒဏ်ကိုပြန်စဉ်းစားရတာရှိသလို အစ်မတို့အိမ်နီးချင်းနိုင်ငံတွေမှာလည်း အိန္ဒိယမှာဆို လူလယ်ကောင် သတ်ပစ်ဖို့အထိ အခွင့်အရေးရှိနေပါတယ်။ အစ်မတို့တိုင်းပြည်က ဆင်းရဲမွဲတေပါတယ်။ လူတွေကအင်မ တန်ထိတ်လန့်ကြောက်ရွံ့နေရတဲ့ဘ၀ ရောက်ကုန်ပြီ။ တိတိကျကျခိုင်မာတဲ့ဥပဒေအကာအကွယ်လိုအပ်ပါ တယ်။ ဒါပေမဲ့ မုဒိမ်းမှုတိုင်းကို သေဒဏ်တောင်းနေတာမဟုတ်ပါဘူး။ အကြမ်းဖက်ပြီးတော့ မုဒိမ်းကျင့်လူ သတ်တယ်၊ ကလေးလေးတွေကို မုဒိမ်းကျင့်နေတယ်။ အဲဒီကိစ္စကိုသေဒဏ်တောင်းတာပါ။ ကျန်တာကတော့ ခိုးရာလိုက်ပြီးတော့မှ မုဒိမ်းကျင့်ပါတယ်လို့ပြောတဲ့ဟာကိုတော့ သေချာစိစစ်ကြပေါ့။ မုဒိမ်းမှုတိုင်းတော့ သေဒဏ်မတောင်းဆိုပါဘူး။ ခွဲခြားတောင်းဆိုပါတယ်။

ဒေါ်ခိုင်ခိုင်လဲ့ (မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊တရားလွှတ်တော်ရှေ့နေ)
ကျွန်မတစ်ခုလောက်ရှင်းပြပါရစေ။ သေဒဏ်ကိုတရားရုံးကချမှတ် ပေမယ့် ဖွဲ့စည်းပုံအရ၊ ကျင့်ထုံးတွေအရ ခုနစ်ရက်အတွင်းသေဒဏ်ပယ် ဖျက်ခွင့်၊ အတည်ပြုခွင့်ကို သမ္မတဆီကနေ ဆုံးဖြတ်တာပါ။ နောက်ဆုံး သေဒဏ်အမိန့်ကို Confirm လုပ်တာသမ္မတပါ။ မြန်မာနိုင်ငံမှာ သေဒဏ် ကို ခွင့်မပြုတာမဟုတ်ပါဘူး။ တရားရုံးတွေက မသေမချင်းသတ်စေလို့ အမိန့်ချခဲ့တာတွေရှိပါတယ်။ မကြာသေးမီက အမှုတချို့ရှိခဲ့ပါတယ်။ ဒါပေမဲ့ သမ္မတဆီက Confirm တောင်းတဲ့အခါ တစ်ကျွန်းဖြစ်သွားတာမျိုးတွေပါပဲ။ တကယ်တော့ သေဒဏ် ကို ပြောင်းလဲပစ်နိုင်တဲ့ပါဝါက သမ္မတလက်ထဲမှာပါ။ ပြည်သူတွေ သေဒဏ်ကိုပေါ့ပေါ့လေးထင်မှာကြောက် ပါတယ်။ ကျွန်မတို့နိုင်ငံမှာ ကြိုးဒဏ်၊ ကြိုးမိန့်ရှိသေးတယ်။

ဦးကျော်ဇေယျ (ဧရာဝတီတိုင်းအတွင်း အမျိုးသမီးနှင့် ကလေးသူငယ် အရေး ဥပဒေအထောက်အကူပေး တရားလွှတ်တော်ရှေ့နေ)
မုဒိမ်းမှုတွေ သေဒဏ်ပေးမလားဆိုတော့ ကျွန်တော့်အနေနဲ့ကတော့ အဲဒါက အဟန့်အတားတစ်ခုအနေနဲ့ပဲ ဖြစ်လိမ့်မယ်။ အခုသက်ငယ်မုဒိမ်း တွေကို ပြစ်ဒဏ်နှစ် နှစ်ဆယ်ပေးနေတယ်။ သေဒဏ်သာပေးခဲ့မယ်ဆိုရင် အဲဒီတရားခံအနေနဲ့ သက်ငယ်မုဒိမ်းကို မုဒိမ်းကျင့်ပြီးတော့ တစ်ခါတည်း မသတ်ထားခဲ့နိုင်ဘူးလား။ အဲဒါမျိုးတွေ ကျွန်တော်တို့ဆွေးနွေးဖြစ်တယ်။ ကျွန်တော့်အတွေ့အကြုံအရဆို သက်ငယ်မုဒိမ်းက ဆင်းရဲမွဲတေမှု ကြောင့်လို့ပြောချင်တယ်။ အသိပညာများများပေးပြီး လူမှုအဆင့်အတန်းကို မြှင့်ဖို့လိုတယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေရဖို့နဲ့ မိသားစုဘ၀လုံခြုံအောင်လုပ်ပေးဖို့လိုတယ်။ သေဒဏ်ပေးလိုက်လို့ မုဒိမ်းမှုတွေ၊ သက်ငယ်မုဒိမ်းတွေ လျော့နည်းသွားမလားဆိုတာက ဒီဟာကို ကျွန်တော့်တစ်ယောက်တည်းအနေနဲ့က တော့ ဒါက Major (အဓိကလျော့ကျမယ်လို့တော့မထင်)ဖြစ်မှာမဟုတ်ဘူး။

ဦးအေးလှိုင်ဦး (မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊မင်းတုန်းမြို့နယ်)
သက်ငယ်မုဒိမ်းမှုတွေကို သေဒဏ်ပေးပါဆိုတာကိုမူအားဖြင့်လက် ခံတယ်လို့ပြောချင်ပါတယ်။ ဒီလှုပ်ရှားမှုကိုဦးဆောင်သူတွေက သက် ငယ်မုဒိမ်းမှုကျူးလွန်သူတွေကို ထိရောက်တဲ့ပြစ်ဒဏ်ကျခံစေချင်တာ ဖြစ်မယ်။ ဒါ့ထက်အဓိကကျတာကတော့ တရားစီရင်ရေးဆိုတဲ့အပိုင်းမှာ ဒီလိုသက်ငယ်မုဒိမ်းမှုတွေကို မြန်ဆန်တဲ့စစ်ဆေးမှု၊ ထိရောက်တဲ့ပြစ်ဒဏ် ချမှတ်မှုတွေကို ပိုဖြစ်စေချင်တယ်။ သေဒဏ်ရှိသင့်ပါတယ်။ တခြားနိုင်ငံ တွေမှာလည်း ရှိကြတာပဲ။ တချို့နိုင်ငံတွေဆိုရင် လူမြင်ကွင်းမှာသေဒဏ်ပေးတာမျိုးတောင်ရှိတယ်။ မြန်မာ နိုင်ငံကတော့ ဒီမိုကရေစီနိုင်ငံဖြစ်ပေမယ့် သေဒဏ်ကတော့ရှိနေသင့်သေးတယ်။ တခြားဒီမိုကရေစီနိုင်ငံတွေ မှာလည်း ရှိသေးတယ်။ ထိရောက်တဲ့ပြစ်ဒဏ်ရှိမှ တရားဥပဒေစိုးမိုးရေးဆိုတာဖြစ်လာမှာ။

မိအိမွန် (ကလေးမိခင်)
သက်ငယ်မုဒိမ်းသမားတွေကို စံပြအနေနဲ့သေဒဏ်ပေးခိုင်းစေချင် တယ်။ သေဒဏ်လို့ပြစ်ဒဏ်ထုတ်လိုက်မယ်ဆိုရင် လုပ်ချင်တဲ့စိတ်ရှိရင် တောင် လုပ်ဖို့ခက်သွားမယ်လေ။ ပြစ်ဒဏ်ကကြီးတာကိုး။ အခုက ထိ ထိရောက်ရောက်သေဒဏ်လည်းမပေးတော့ လူတွေက ကြောက်စိတ် မရှိတော့ လုပ်ရဲတာပေါ့။ အခုက ပွင့်လင်းမြင်သာတဲ့ခေတ်ရောက်လို့ သာ သက်ငယ်မုဒိမ်းမှုတွေလူတွေသိတာ။ အရင်ကဆို ကျွန်မတို့မုဒုံမြို့ နယ်မှာ ရော်ဘာခြံပိုင်ရှင်လူကြီးက သူတို့အိမ်မှာအငှားလုပ်တဲ့ (၁၆)နှစ် အရွယ်မိန်းကလေးကို သူ့အိမ်နောက်ဖေးမှာပဲ အခါခါအဓမ္မကျင့်တာ၊ ကောင်မလေးကိုယ်ဝန်ရပြီးတရားစွဲတာ တောင် ပိုက်ဆံရှိတော့ အကုန်ပိုက်ဆံနဲ့လိုက်ဖုံးလိုက်တော့ ဘာအရေးယူမှုမှတောင်မရှိလိုက်ဘူး။ အခုကျ တော့တော်တော်လေးပွင့်လင်းမြင်သာရှိလာတော့ မှုခင်းဖြစ်တာနဲ့ သတင်းပြန့်တော့ အရင်ကလိုတော့မဟုတ် ဘူးပေါ့။ ကျွန်မကတော့ သေဒဏ်ချခိုင်းစေချင်တယ်။ ကလေးတွေရှေ့ရေးအတွက်က အဲဒီလိုမှ စိတ်အေးနိုင် မှာ။ သက်ငယ်မုဒိမ်းနဲ့ လူသတ်မုဒိမ်းတွေကို သေဒဏ်ပေးဖို့ကမ်ပိန်းလုပ်ပြီးလက်မှတ်တွေလိုက်ကောက်နေ တာလည်း ကောက်သင့်တယ်။ အမှန်က လွှတ်တော်ကတောင် ဆုံးဖြတ်ပြီးတဲ့ကိစ္စဖြစ်ရမှာ။

မသန္တာဖြိုး (ကလေးမိခင်)
ကျွန်မအနေနဲ့ကတော့ သက်ငယ်မုဒိမ်းမှုတွေကို သေဒဏ်တကယ် ပေးသင့်တယ်လို့မြင်မိပါတယ်။ သေဒဏ်ပြစ်ဒဏ်ပေးရင်ဘယ်လိုသက် ရောက်မှုတွေရှိမလဲဆိုတော့ တတ်နိုင်သမျှအမှုတွေနည်းသွားမယ်လို့ တော့ မြင်မိပါတယ်။ သေဒဏ်ဟာ ပြဿနာတွေကိုတကယ်ပဲဖြေရှင်း နိုင်မယ့်နည်းလမ်းတစ်ခုလို့ ယုံကြည်လားဆိုရင်တော့ မလုပ်ကြည့်ရသေး တဲ့အရာတစ်ခုကို ဘယ်လိုမှတော့ တပ်အပ်ကြီးပြောလို့မရပါဘူး။ ဒီအ တိုင်းအမှုတစ်ခုကို ပြစ်ဒဏ်လျှော့ပေါ့ပေးတာထက်စာရင်ကြီးလေးတဲ့ ပြစ်ဒဏ်ချမှတ်တာက အမှုတွေလျော့နည်းသွားမယ်ဆိုတာအတွေးတော့ရှိတာပေါ့နော်။ ဒီလိုသေဒဏ်မှ မပေးရင် နောက်ပိုင်းပြစ်မှုတွေပိုများလာမယ်လို့တော့ မြင်မိပါတယ်။

စိုးပြည့်ပြည့်စံ (သရုပ်ဆောင်၊ အဆိုတော်)
လတ်တလောမုဒိမ်းမှုနဲ့ပတ်သက်ပြီး အမျိုးသမီးတွေရော၊ အစ်ကို တွေ၊ မောင်တွေရော ဦးဆောင်လှုပ်ရှားနေတာကိုတွေ့တယ်။ အဲဒီအ တွက် အရမ်းဝမ်းသာတယ်။ စိုးပြည့်ကိုယ်တိုင်လည်း မိန်းကလေးဖြစ်တဲ့ အတွက် ဒီကိစ္စနဲ့ပတ်သက်ပြီးအားလုံးတောင်းဆိုနေတာကို ကျေနပ် တယ်။ သေဒဏ်ပေးတဲ့အခါကျရင် ဘယ်လိုသက်ရောက်မှုရှိမလဲဆိုတော့ စမ်းသပ်ချင်တဲ့သူတွေရှိတယ်။ အများစုက အခြေခံလူတန်းစားမှာဖြစ် နေတဲ့အတွက် သူတို့တွေပိုဒုက္ခရောက်တယ်။ သေဒဏ်မပေးရင် ဒီလို ကိစ္စတွေကြုံရတာ အရမ်းများလာမယ်။ ထောင်ထဲဝင်လည်း ခုနစ်နှစ်လား၊ ဘယ်နှနှစ်လဲ။ ကျပြီးရင် ပြန် ထွက်လာမှာပဲဆိုတဲ့ စိတ်နဲ့ ပညာမတတ်၊ ဦးနှောက်မရှိတဲ့ တဏှာရူးနှာဘူးတွေအရမ်းများတယ်။ အဲဒီတော့ ထိထိရောက်ရောက်အပြစ်ပေးတာရယ်၊ သေဒဏ်ပေးတာရယ်ကိုတောင်းဆိုချင်တယ်။ သေဒဏ်ပြစ်ဒဏ်မရှိ ရင် ဒီကိစ္စက တစ်သက်လုံးပြီးတော့မှာမဟုတ်ဘူး။ သေဒဏ်ပေးတာက ပြဿနာကိုဖြေရှင်းနိုင်မယ့်နည်း လမ်းကောင်းလို့ယုံကြည်တယ်။ အကယ်၍အဲဒီသေဒဏ်မရှိရင်တော့ တစ်နိုင်ငံလုံးမှာရှိတဲ့မိန်းကလေးတွေ ဘ၀က လုံးဝလုံခြုံမှုရှိမှာမဟုတ်ဘူး။ သေဒဏ်ပေးမှ အားလုံးကမလုပ်ရဲမှာ။

မနောင်းနောင် (ကလေးမိခင်)
သေဒဏ်ပြစ်ဒဏ်ကအတိုင်းအတာတစ်ခုအထိ သက်ရောက်နိုင် မယ်လို့ထင်ပါတယ်။ သေဒဏ်ရှိပြီးတကယ်ပဲကျင့်သုံးမယ်ဆိုရင်တော့ ပြစ်မှုကျူးလွန်သူတွေအတွက် ကြီးမားတဲ့အဟန့်အတားတစ်ခုတော့ ဖြစ် သွားနိုင်ပါတယ်။ ဒါပေမဲ့ အလုံးစုံပပျောက်ဖို့ဆိုရင်တော့ တခြားအချက် တွေလည်းရှိဖို့ လိုဦးမယ်ထင်ပါတယ်။ ပြီးတော့ သေဒဏ်ပြစ်ဒဏ်ထားရှိ တာက သက်ဆိုင်ရာနိုင်ငံအခြေအနေ၊ မှုခင်းဖြစ်ပွားမှုအခြေအနေအပေါ် မူတည်မယ်လို့ထင်ပါတယ်။ မှုခင်းနည်းပါးတဲ့နိုင်ငံမှာတော့ မလိုအပ်ပေ မယ့် မှုခင်းမြင့်မားတဲ့နိုင်ငံအတွက်တော့ လိုအပ်တယ်လို့ထင်ပါတယ်။ ကိုယ့်တစ်ဦးတည်းအမြင်ပြောရရင် တော့ ဒီမှာတော့ သေဒဏ်ပြစ်ဒဏ်ရှိသင့်သေးတယ်လို့မြင်ပါတယ်။ သေဒဏ်ဟာပြဿနာတွေကို အပြည့်အ၀ဖြေရှင်းပေးနိုင်မယ့်နည်းလမ်းလို့တော့မထင်မိပါဘူး။ ဘာလို့လဲဆိုတော့ ဒီလိုမှုခင်းဖြစ်နေရတာဟာ ပညာရေးအဆင့်အတန်း၊ နိုင်ငံရဲ့ဆင်းရဲချမ်းသာအခြေအနေ၊ ယဉ်ကျေးမှုအဆင့်အတန်း၊ ဘာသာရေးအဆုံးအမ စတာတွေနဲ့လည်း ပတ်သက်နေလိမ့်မယ်လို့မြင်ပါတယ်။ ဒီလို (သက်ငယ်မုဒိမ်း၊ လူသတ်မုဒိမ်း)မှုခင်းတွေကျဆင်းပပျောက်ဖို့ဆိုရင် ကမ္ဘာ့နိုင်ငံတွေမှာ ကျင့်သုံးတဲ့ဥပဒေတွေကိုလည်းလေ့လာပြီးကိုယ့်နိုင်ငံနဲ့ ကိုက်ညီတာတွေကို ပြဋ္ဌာန်းကျင့်သုံးသင့်ပါတယ်။ ဒါက ကျွမ်းကျင်သူတွေ၊ တာဝန်ရှိသူတွေလုပ်ကြဖို့ မျှော်လင့်ပါတယ်။

ဦးအောင်မျိုးမင်း (အမှုဆောင်ဒါရိုက်တာ၊ Equality Myanmar)
သေဒဏ်ထက်စာရင် လျှော့ရက်မရှိအမြင့်ဆုံးပြစ်ဒဏ်ဆိုရင်ပို ကောင်းပါမယ်။ သေဒဏ်ပေးခြင်းကိုလက်မခံသင့်ဘူး။ လူတစ်ယောက် ရဲ့အသက်ကို တရားဥပဒေအရဖြစ်စေ သတ်ဖြတ်ခြင်းမပြုသင့်ဘူး၊ လူ သားဖြစ်တဲ့အတွက် ပြစ်မှုကျူးလွန်သည့်တိုင်အောင် သေဒဏ်မပေးသင့် ဘူးဆိုပြီး အယူအဆတွေအားကောင်းလာနေပါပြီ။ တစ်ဖက်မှာကြည့် တော့လည်း ဒီလိုသက်ငယ်မုဒိမ်းတွေက ဆိုးရွားတဲ့ပြစ်မှု၊ ပြစ်ဒဏ်တွေ ဖြစ်တဲ့အတွက် ပြင်းပြင်းထန်ထန်အရေးယူသင့်တယ်ဆိုတဲ့ခံစားချက် တွေကို နားလည်ပါတယ်။ မြန်မာနိုင်ငံဟာ လက်ရှိမှာတော့ ICCPR မထိုးသေးဘူး။ နောက်ဆက်တွဲသေဒဏ် ပေးမှုဖျက်သိမ်းရေးစာချုပ်ကိုလည်း မထိုးသေးပါဘူး။ ကျွန်တော်တို့ဆီမှာ အားနည်းတာက သေဒဏ်ပေး သည့်တိုင်အောင် လျှော့ရက်တွေလျှော့ပေးတာတွေရှိတယ်။ လွတ်ငြိမ်းချမ်းသာခွင့်တွေရှိတယ်။ ဒီတော့ သေဒဏ်ပေးခံရတဲ့သူတွေက စောစောလွတ်လာကြတယ်။ ပြင်းပြင်းထန်ထန်မခံကြရဘူး။ ဒါကြောင့်တစ် ဖက်ကလည်း သေဒဏ်မပေးပေမယ့် အမြင့်ဆုံးပြစ်ဒဏ်ပေးသင့်တယ်။ ဒါပေမဲ့ လွတ်ငြိမ်းချမ်းသာခွင့်၊ လျှော့ ရက်ခံစားခွင့်လုံးဝမခံစားရဘူးဆိုရင် အဆင်ပြေမယ်ထင်တယ်။ အခုသက်ငယ်မုဒိမ်း၊လူသတ်မုဒိမ်းတွေသေ ဒဏ်ပေးရေးလှုပ်ရှားမှုတွေက ခံစားချက်တွေအခြေခံပြီးပေါ်လာတာကို နားလည်သဘောပေါက်ပါတယ်။ ဒါပေမဲ့တစ်ဖက်မှာလည်း ကိုယ်ပေးလိုက်တဲ့ပြစ်ဒဏ်ကြောင့် တခြားလူအပြစ်တင်တာမခံရအောင်သတိ ထားဖို့လည်း လိုအပ်ပါတယ်။

ဒေါ်ခင်စောဝေ (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ရခိုင်အမျိုးသားပါတီ)
လူမမည်လေးတွေကို ရက်ရက်စက်စက်အဲဒီလို(မုဒိမ်းကျင့်)လုပ် တာတွေကိုကြားရတာ တော်တော်လေးစိတ်မကောင်းဘူး။ ပြောချင်တာ ကတော့ သက်ငယ်မုဒိမ်းမှုကိုလုံးဝလက်မခံနိုင်ဘူး။ မသိနားမလည်တဲ့ ကလေးတွေဆေးရုံရောက်တဲ့အထိဖြစ်နေတာတွေကို ရင်နာနာနဲ့ဒီအ တိုင်းကြည့်နေရတယ်။ တကယ်ဆိုရင် ဖြစ်စေချင်တာက နိုင်ငံခြားတွေ မှာဆိုရင် ဥပမာထောင်ဒဏ်နှစ်တစ်ရာကျော်ဆိုတာမျိုးချမှတ်တာတွေ့ တယ်။ တခြားပြစ်ဒဏ်တွေလည်း အမျိုးမျိုးရှိပါတယ်။ လောလောဆယ်မှာတော့ ထောင်ဒဏ်အနှစ်နှစ်ဆယ် အထိချတာမျိုးတွေ့ရတယ်။ တကယ့်ကို ပြစ်ဒဏ်ကြီးကြီးပေးစေချင်တယ်။ သေဒဏ်နဲ့ပတ်သက်လို့ကတော့ မြန်မာနိုင်ငံမှာ တကယ်မသတ်တော့တာကြာပြီလို့ ပြောကြတဲ့အတွက် အဲဒါကိုပြန်လေ့လာနေတယ်။ ဒါပေ မဲ့လူတိုင်းက ထင်နေကြတာက သေဒဏ်ချမှတ်ပြီးတော့ နမူနာပြလိုက်မယ်ဆိုရင် ဒီလိုပြစ်မှုတွေနည်းနည်း လျော့သွားမယ်ဆိုတာမျိုးရှိကြတယ်။ ဒါပေမဲ့လည်း သေဒဏ်ပေးတိုင်း ဒီမုဒိမ်းမှုတွေရပ်သွားမလားဆိုတာ ကတော့ စဉ်းစားစရာတစ်ချက်ရှိတယ်။ အခုဆိုရင် ဒီသက်ငယ်မုဒိမ်းမှုနဲ့ပတ်သက်ပြီး ပညာပေးမှုတွေတော် တော်လုပ်လာကြတာ ကြိုဆိုတယ်။

More in Interview Section