ပျက်ကျခဲ့သည့် ရုရှား ခရီးသည်တင်လေယာဉ်မှ ရုပ်အလောင်းများကို ကယ်ဆယ်ရေးများ ဖြန့်ကျက်ရှာဖွေနေ

ရုရှားနိုင်ငံ၊ မော်စကိုမြို့စွန်တွင် ပျက်ကျခဲ့သည့် ခရီးသည်တင် လေယာဉ်မှ အစိတ်အပိုင်းများနှင့် ရုပ်အလောင်းများကို ကယ်ဆယ်ရေးများက ဖြန့်ကျက် ရှာဖွေလျက် ရှိသည်။


ဖေဖော်ဝါရီ ၁၁ ရက်က Saratov လေကြောင်းလိုင်းမှ Antonov An-148 အမျိုးအစား လေယာဉ်သည် မော်စကိုရှိ ဒိုမိုဒီဒိုဗို လေဆိပ်မှ ပျံတက်ခဲ့ပြီး မိနစ် အနည်းငယ်အတွင်း ပျက်ကျခဲ့သည်။ လေယာဉ်ပေါ်တွင် ခရီးသည် ၆၅ ဦးနှင့် အမှုထမ်း ၆ ဦး လိုက်ပါသွားပြီး ၎င်းတို့ ၇၁ ဦးစလုံး သေဆုံးသွားပြီဟု ပို့ဆောင်ရေး ဝန်ကြီးဌာနက ကြေညာထားသည်။

လေယာဉ်သည် ကောင်းကင်ယံတွင်ပင် ပေါက်ကွဲသွားခဲ့သည်ဟု ယုံကြည်ရပြီး အစိတ်အပိုင်းများနှင့် ရုပ်အလောင်းများမှာ နှင်းဖုံးနေသည့် ဒေသ၌ ဧရိယာ ကျယ်ဝန်းစွာ ပျံ့ကြဲသွားခဲ့သည်။ ဖေဖော်ဝါရီ ၁၁ ရက် ညပိုင်းထိ ဖြန့်ကျက်ရှာဖွေရာတွင် ရုပ်အလောင်း နှစ်လောင်းကိုသာ ပြန်လည် ရရှိခဲ့ပြီး အလောင်းအားလုံး ပြန်တွေ့ရန် တစ်ပတ်မျှ အချိန်ယူရမည်ဟု ကယ်ဆယ်ရေးများက ခန့်မှန်းထားသည်။

လေယာဉ်ပျက်ကျရသည့် အကြောင်းရင်းကိုမူ တိတိကျကျ မသိရသေးချေ။ အာဏာပိုင်များက ရာသီဥတု အခြေအနေ၊ လူသားများ၏ အမှား၊ နည်းပညာပိုင်း ချွတ်ယွင်းချက် အားလုံး ဖြစ်နိုင်ခြေ ရှိသည့် စာရင်းတွင် ထည့်သွင်းထားကြောင်း ပြောကြားခဲ့သည်။

သို့သော် အကြမ်းဖက် တိုက်ခိုက်မှုကြောင့် လေယာဉ်ပျက်ကျခြင်းဟု ကနဦးအဆင့် ယူဆမှုများ၌ ထည့်သွင်းမထားချေ။ လေယာဉ်သည် လေဆိပ်မှ ပျံတက်ပြီးနောက် မော်စကိုမြို့ အရှေ့တောင်ဘက် မိုင် ၅၀ မျှ အကွာရှိ အာဂူနိုဗို ရွာအနီးတွင် ပျက်ကျခဲ့ခြင်း ဖြစ်သည်။

လေယာဉ် မပျက်ကျမီတွင် လေယာဉ်မှူးသည် လေကြောင်းထိန်းသိမ်းရေး မျှော်စင်သို့ အရေးပေါ် အခြေအနေအတွက် အကူအညီ တောင်းခံမှု မရှိဘဲ အဆက်အသွယ် ပြတ်တောက်သွားခြင်းဟု ဆိုသည်။ 

လေယာဉ် အပျက်အစီးများ ပျံ့ကြဲနေသည့် နေရာအများအပြားမှာ ကားဖြင့်ပင် သွား၍ မရသောကြောင့် ကယ်ဆယ်ရေးများက ခြေလျင်သွားရောက်ခဲ့ရသည်။ 

ရုရှားသမ္မတ ဗလာဒီမာ ပူတင်က သေဆုံးသူများ၏ မိသားစုများအတွက် အစိုးရအနေဖြင့် အထူးပင် ကြေကွဲ ဝမ်းနည်းမိကြောင်း ထုတ်ပြန်ခဲ့သည်။ ရုရှားနှင့် နိုင်ငံရေး ပြိုင်ဘက်များ ဖြစ်နေသော်လည်း အမေရိကန်ရော၊ ဗြိတိန်ကပါ ဖြစ်စဉ်အတွက် စာနာ ကြေကွဲကြောင်း သတင်းစကား ပေးပို့ခဲ့ကြသည်။

ယခုကိစ္စသည် တစ်နှစ်ကျော်မျှ ကာလအတွင်း စီးပွားဖြစ် ခရီးသည်တင် လေယာဉ်တစ်စီး ပျက်ကျမှုလည်း ဖြစ်လာသည်။ မှတ်တမ်းများအရ ၂၀၁၇ သည် လေကြောင်းသွားလာမှု သမိုင်းကြောင်းတွင် ဘေးအန္တရာယ် အကင်းဆုံး နှစ်အဖြစ် ရပ်တည်ခဲ့ကြောင်းလည်း သိရှိရသည်။ 

Ref: The Sun