အနာဂတ်ဟာ မတွေးရဲစရာ လမ်းပျောက်နေပြီလား

အနာဂတ်ကို လူငယ်တွေ ပိုင်တယ်လို့၊ လူငယ်တွေဟာ အနာဂတ်ရဲ့ ခေါင်းဆောင်တွေ ဖြစ်တယ်လို့ ကြားကောင်းအောင် ပြောနေကြပေမယ့် လူကြီးတွေ၊ ခေါင်းဆောင်တွေဟာ လူငယ်တွေ၊ ကျောင်းသားတွေရဲ့ အခွင့်အလမ်းတွေ ချဲ့ထွင်ဖို့ စဉ်းစားတဲ့နေ ရာမှာ ဖောက်ထွက်ဖို့ တွန့်ဆုတ်နေကြပါတယ်။ လူငယ်တွေ၊ကျောင်းသားတွေဟာ တက္ကသိုလ်ရောက် ရောက်၊ မရောက်ရောက် ပညာရေး အခွင့်အလမ်းတွေနဲ့ နီးနီးစပ်စပ်ရှိနေနိုင်အောင် ဗျူဟာမြောက်ချဉ်းကပ် စဉ်းစားလမ်း ဖောက်ပေးရမှာက အစိုးရအဖွဲ့ဝင်တွေ၊ လွှတ်တော်ကိုယ်စား လှယ်တွေရဲ့ တာဝန်ပဲဖြစ်ပါ တယ်။ အဲဒီလူငယ်၊ ကျောင်းသား တွေဟာ ပညာရပ်ဝန်း၊ ပညာအသိုက်အမြုံကြီးနဲ့ ဝေးသည်ထက် ဝေးလာလေလေ တိုင်းပြည်ရဲ့ အနာဂတ်ဟာ မတွေးရဲစရာ လမ်းပျောက်လာလေလေပဲ ဖြစ်ပါ တယ်။


၂၀၁၈ ဖေဖော်ဝါရီလဆန်း ပိုင်းမှာ ဒုတိယအကြိမ် လွှတ်တော်သက်တမ်းဟာ ၂ နှစ်ကျော်လာနေပြီ။ ဒုတိယအကြိမ် အစိုးရသက်တမ်းဟာလည်း ၂ နှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။ ၂ နှစ်ဆိုတဲ့ ကာလအပိုင်းအခြားမှာ ပညာရေးနဲ့ပတ်သက်ရင် စနစ်ဟောင်း ထဲကနေ ဖောက်ထွက်မယ့် ခြေလှမ်းတွေကလည်း ပျောက်ဆုံး နေတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ဆိုးရွားနေတဲ့ ပညာရေးစနစ်ကိုရေတို၊ ရေရှည်စီမံချက်တွေ၊ ဗျူဟာတွေချမှတ် ပြင်ဆင်နိုင်ဖို့ လိုအပ်သလို ရှိရင်းစွဲ ပညာရေးအထိုင်ကို ပိုမိုအားကောင်းအောင် လုပ်နိုင်မယ့် အရေးပေါ် ခြေလှမ်းတွေကိုလည်း စဉ်းစားဖို့ကောင်းမယ်လို့ ထင်မြင်မိပါတယ်။ အဲဒီမှာ စဉ်းစားမိတာကတော့ အစိုးရပညာတော်ဆုနဲ့ပညာတော်သင်ကိစ္စပါ။

နိုင်ငံတော်အစိုးရဟာ ဘွဲ့ကြို၊ ဘွဲ့လွန် ပညာတော်သင်တွေကို အလုံးအရင်းနဲ့ ကမ္ဘာ့နိုင်ငံအတော်များများကို စေလွှတ်လာနိုင်မယ်ဆိုရင် လတ်တလော ယိုင်နဲ့နေတဲ့ ပညာရေးအရည်အသွေး ကို အတိုင်းအတာတစ်ခုအထိ ကျားကန်နိုင်မှာ ဖြစ်သလို ရေရှည်ပညာရေး ပြုပြင်ပြောင်းလဲရေးကို လည်း အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။ အဲဒါကြောင့် အစိုးရ၊လွှတ်တော်တွေအနေနဲ့ နိုင်ငံခြားအစိုးရတွေ၊ နိုင်ငံခြားတက္ကသိုလ်တွေ၊ နိုင်ငံခြားအဖွဲ့အစည်းတွေကနေ မြန်မာလူငယ်တွေ၊ ကျောင်းသားတွေအတွက် ပညာတော်သင်ဆုတွေ ဖောဖောသီသီ ရနိုင်အောင် အင်တိုက်အား တိုက်ဆောင်ရွက်သင့်တယ်လို့ တိုက်တွန်းအကြံပြုရတာ ဖြစ်ပါတယ်။ အစိုးရနဲ့ လွှတ်တော်တွေအနေနဲ့ ကိုယ်ဖိရင်ဖိ ဆောင်ရွက်လာနိုင်မယ်ဆိုရင် ဘွဲ့ကြို၊ ဘွဲ့လွန်ပညာတော်သင်ဆုတွေသာမက ပညာရေးတစ်ပိုင်းတစ်စ လူငယ်တွေ အတွက် အသက်မွေးဝမ်းကျောင်း ပညာတော်သင် အခွင့်အလမ်းတွေလည်း ဒလဟော ၀င်ရောက်လာနိုင်တယ်လို့ ယူဆမိပါတယ်။

မြန်မာလူမျိုး ပါမောက္ခကြီးတစ်ဦးက သူ့ရဲ့ဖေ့စ်ဘွတ်ခ်မှာ ၁၉၅၅ ခန့်က အမေရိကန်ပြည် ထောင်စုက တက္ကသိုလ်တွေမှာ အဆင့်မြင့်ပညာ သင်ယူနေတဲ့ မြန်မာအစိုးရပညာ တော်သင် ဦးရေဟာ ၁၄၀ လောက် ရှိခဲ့တယ်လို့ ရေးတာကို ဖတ်လိုက်ရပါ တယ်။ ၂၀၁၈ မှာကော  အမေရိကန်ပြည်ထောင်စုက တက္ကသိုလ်တွေမှာ ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းတွေ တက်ရောက်နေတဲ့ မြန်မာအစိုးရရဲ့ ပညာတော်သင်တွေ၊ ဥရောပနိုင်ငံတွေ အပါအ၀င် နိုင်ငံတကာမှာ ပညာတော်သင်စေလွှတ် ထားတဲ့ အစိုးရပညာတော်သင် ဘယ်နှဦးလောက်ရှိမလဲဆိုတာ မေးခွန်းထုတ်စရာ ရှိပါတယ်။၁၉၅၅ ခန့်က အမေရိကန်ကို ရောက်နေခဲ့တဲ့ အစိုးရပညာတော် သင် ဦးရေကိုကော ၂၀၁၈ မှာ မီရဲ့လားလို့ မေးရမလို ဖြစ်နေပါ တယ်။ အဲဒီလိုမေးခွန်းကို လွှတ်တော်မှာလည်း မေးနိုင်ရင်ကောင်း မယ်လို့ ထင်မြင်မိပါတယ်။ အိမ်နီးချင်းနိုင်ငံတွေ၊ အာဆီယံနိုင်ငံ တွေဟာ အရှေ့နဲ့ အနောက်နိုင်ငံပေါင်းစုံမှာ အစိုးရပညာတော်သင် ဆုတွေ၊ ပညာတော်သင်တွေကို ထောင်နဲ့ချီ အလုံးအရင်းစေလွှတ်ကာ တိုင်းပြည်တည်ဆောက်ရေးကို ကျားကန်ဖို့ နေ့မအား၊ ညမအား အားထုတ်နေကြတာကို မျက်ခြည်မပြတ်ဖို့တော့ အရေး ကြီးပါတယ်။

မြန်မာနိုင်ငံရဲ့ပညာရေး အဆင့်အတန်းဟာ ၁၉၆၂ စစ်အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းအစ ပြု ကျဆင်းလာခဲ့တာဖြစ်ပြီး ၁၉၈၈ စစ်အာဏာသိမ်း ပြီးနောက်မှာတော့ အရှိန်အဟုန်နဲ့ကို ကျဆင်းခဲ့ရတာ ဖြစ်ပါတယ်။ တတ်သိပညာရှင်တွေ၊ ပညာတတ်တွေ ရှားပါးတဲ့၊ ချောင်ထိုး ခံရတဲ့ လူ့အဖွဲ့အစည်းဖြစ်လာပြီး ပညာရေးအဆင့်အတန်းဟာ အနိမ့်ကျဆုံး အခြေအနေတစ်ခုကို ရောက်ရှိနေပါတယ်။ ပြုပြင် မွမ်းမံထားတဲ့ ကိန်းဂဏန်းတွေ၊ အချက်အလက်တွေကို ဘေးဖယ်စဉ်းစားမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ပညာရေး အဆင့်အတန်းဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ အာဆီယံနိုင်ငံတွေအကြား အနိမ့်ကျဆုံး အနေအထားကို ရောက်ရှိနေပါတယ်။ ဆင်းရဲမွဲတေတာနဲ့ ပညာရေးနိမ့်ကျတာဟာ ခေါင်းနဲ့ ပန်းလိုဖြစ် နေတဲ့ မြန်မာ့လူ့အဖွဲ့အစည်းမှာ ပညာရေးနဲ့ပတ်သက်တဲ့ စီမံကိန်းတွေ၊ စီမံချက်တွေ၊ ဗျူဟာတွေ၊ နည်းနာတွေဟာ စိတ်ဝင်စားစရာကောင်းပေမယ့် လက်ငင်းနိမ့်ကျနေတဲ့ ပညာရေးအဆင့်အတန်းကို အရေးပေါ်မကုစားနိုင်၊ လက်ပိုက်ကြည့်နေရုံလောက်ပဲ စွမ်းဆောင် နိုင်တာကတော့ စိတ်ပျက်စရာဖြစ်ပါတယ်။

 အာဏာရှင်စနစ်ကနေ ဒီမိုကရေစီနိုင်ငံဆီ ကူးပြောင်းမယ့် စပ်ကူးမပ်ကူးကာလမှာ နွံထဲကျွံနေတဲ့ လှည်းဘီးတွေကို ၀ိုင်းတွန်းဖို့ ကဏ္ဍပေါင်းစုံမှာ တတ်သိပညာရှင်တွေ အများကြီးလိုအပ်နေပါတယ်။ ပညာတတ် တွေ၊ ပညာရှင်တွေကို ဘယ်လိုမွေးထုတ်မလဲ၊ ရှိရင်းစွဲတတ်သိ ပညာရှင်တွေရဲ့ အရည်အသွေးကို ဘယ်လိုမွမ်းမံ ပံ့ပိုးပေးနိုင်မလဲ၊နိုင်ငံခြားသား မြန်မာပညာရှင် တွေကို ကိုယ့်နိုင်ငံမှာ ပြန်ခေါ်ပြီး လတ်တလော လိုအပ်ချက်ကို ဘယ်လိုကုစားမလဲစတဲ့ မေးခွန်းတွေဟာ လက်ငင်းစိန်ခေါ်ချက် တွေ ဖြစ်လာပါတယ်။ ဘွဲ့ကြိုကျောင်းသား တစ်ယောက်ကို အစိုးရပညာတော်သင်အဖြစ် ဒီနေ့လွှတ်ရင် နောက်သုံးလေးနှစ် နေမှ ဘွဲ့ရပါမယ်။ ဘွဲ့လွန်လုပ်ဖို့ နောက် ၂ နှစ်၊ သုံးနှစ်ကြာပါဦး မယ်။ ပါရဂူဘွဲ့ဆိုရင် နောက်ထပ်၂ နှစ်၊ သုံးနှစ် ထပ်အချိန်ယူရ ဦးမှာ ဖြစ်ပါတယ်။ ဘွဲ့ကြိုကနေ ပါရဂူအထိ ပြီးဖို့ဆိုရင် ရှစ်နှစ်ကနေ ၁၀ နှစ်အတွင်း ရင်းနှီးမြှုပ်နှံရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ရင်းနှီးမြှုပ်နှံတာ စောလေလေ အသီးအပွင့်ကို ခံစားရတာ စောလေလေဖြစ်ပါတယ်။ အဲဒါကြောင့် အမြန်ဆုံးဆုံးဖြတ်၊ စီမံချက်ချမှတ်၊ အကောင်အထည်ဖော်နိုင်ဖို့က အရေးကြီးတယ်လို့ ဆိုရမှာဖြစ်ပါတယ်။

၁၉၆၂ နောက်ပိုင်းကတည်း က နိုင်ငံခြားပညာတော်သင်ဦးရေဟာ တဖြည်းဖြည်း ကျဆင်းလာကာ ၁၉၈၈ နောက်ပိုင်းမှာတော့ သိသိသာသာ ကျဆင်းခဲ့တာကို အလျင်အမြန် ကုစားနိုင်တဲ့ နည်းလမ်းကောင်းက ဘွဲ့ကြို၊ ဘွဲ့လွန်အစိုးရ ပညာတော်သင်ဆုတွေနဲ့ ပညာတော်သင်တွေ အလုံးအရင်းနဲ့ စေလွှတ်ဖို့ပဲ ဖြစ်ပါတယ်။ အထက်တန်းမအောင်တဲ့၊ ပညာ ရေးတစ်ပိုင်းတစ်စ ကျောင်းသားတွေ၊ လူငယ်တွေအတွက် အသက်မွေးဝမ်း ကျောင်းသိပ္ပံတွေ၊ ကျောင်းတွေမှာ အစိုးရပညာတော်သင်အ နေနဲ့ တက်ရောက်နိုင်ဖို့ကိုလည်း လမ်းဖောက်သင့်ပါတယ်။ နိုင်ငံတကာအစိုးရတွေ၊ အဖွဲ့အစည်း တွေနဲ့ ပူးပေါင်းကာ ပြည်တွင်းမှာ အသက်မွေးဝမ်းကျောင်း သိပ္ပံတွေ၊ ကျောင်းတွေကို အရည်အသွေး၊ စံချိန်မီ ဖွင့်လှစ်နိုင်ဖို့ အရေးကြီးသလို အထက်တန်းပညာအ ဆင့် ပညာရေး တစ်ပိုင်းတစ်စနဲ့ သူတွေ နိုင်ငံတကာမှာ အသက်မွေးဝမ်းကျောင်း သိပ္ပံတွေမှာ တက်ရောက်နိုင်မယ့် ပညာတော်သင် အစီအစဉ်ကိုလည်း အစိုးရက လမ်းဖောက်ပေးရမယ်လို့ ထင်ပါတယ်။

အစိုးရနဲ့ လွှတ်တော်တွေ ဟာ နိုင်ငံရေးပြဿနာတွေ၊ အကျပ်အတည်းတွေ၊ စိန်ခေါ်မှုတွေကို ချဉ်းကပ်အဖြေရှာဖို့ ဆောင်ရွက်နေတာနဲ့ တစ်ပြိုင်နက် စီးပွားရေး၊ ပညာရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍတွေကို ပြုပြင်ပြောင်းလဲဖို့ကို ရေရှည်အမြင် ရှိရှိဖောက်ထွက်နိုင်ဖို့ ဗျူဟာမြောက်စဉ်းစားရမှာ ဖြစ်ပါတယ်။ အဲဒီကဏ္ဍသုံးရပ်မှာ အရေးပေါ်အစီအစဉ်တွေ၊ လျှပ်တစ်ပြက်ကုထုံးတွေကို အကြိတ်အနယ် ခေါင်းချင်းရိုက်ပုံဖော်ရမှာ ဖြစ်ပါတယ်။ ပညာတော်သင်ဆုတွေ၊ အခွင့်အလမ်းတွေကို ချဲ့ထွင်ဖို့ဆိုတာ တိုင်းပြည်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့၊ ကျန်းမာရေး စောင့်ရှောက်မှု အဆင့်အ တန်းမြှင့်တင်ဖို့တွေနဲ့လည်း ဆက်စပ်နေတာမို့ တစ်ချက်ခုတ် နှစ်ချက်၊ သုံးချက်ပြတ်မယ့် အစီအစဉ်လို့ဆိုရင်လည်း ဆိုနိုင်ပါတယ်။

လက်ရှိ အစိုးရနဲ့ လွှတ်တော် တွေဟာ နိုင်ငံတကာ အစိုးရတွေ၊ အဖွဲ့အစည်းတွေဆီကနေ မြန်မာကျောင်းသားတွေ၊ လူငယ်တွေအတွက် ဘွဲ့ကြို၊ ဘွဲ့လွန်ပညာတော်သင် အခွင့်အလမ်းတွေ၊ အထက်တန်းပညာရေး အဆင့်လောက်နဲ့ သင်ယူနိုင်မယ့် အသက်မွေးဝမ်းကျောင်း ပညာသင်အခွင့်အလမ်းတွေကို အမိအရဖမ်းဆုပ်ကာ ဒီမိုကရေစီစပ်ကူးမပ်ကူးကို ကျားကန်နိုင်ဖို့ စဉ်းစားသင့်တယ်လို့ မြင်မိပါတယ်။ ကမ္ဘာတစ်ဝန်းမှာ ပညာတော်သင် အခွင့်အလမ်းတွေက ဒုနဲ့ဒေးပါ။မြန်မာနိုင်ငံလို အာဏာရှင်စနစ် ကနေ ဒီမိုကရေစီပြောင်းလဲစ နိုင်ငံတွေအတွက်ဆိုရင် ပညာတော်သင် အခွင့်အလမ်းတွေက ပိုလို့တောင် များနေပါသေးတယ်။ ဒါပေမဲ့ အဲဒီလို အခွင့်အလမ်းတွေကို ကိုယ်နဲ့ပြိုင်ဆိုင် ဖမ်းဆုပ်ဖို့ ကြိုးစားနေတဲ့ နိုင်ငံတွေကလည်း မနည်းဘူးဆိုတာ သတိချပ်ဖို့လို မှာ ဖြစ်ပါတယ်။

အစိုးရဟာ နိုင်ငံခြားပညာ တော်သင် အခွင့်အလမ်းတွေကို အလုံးအရင်း ချဲ့ထွင်ဖောက်ထွက် ဖို့ နေနေသာသာ အထိုင်ကျပြီး သား ပညာတော်သင်ဆုတွေ၊ အခွင့်အလမ်းတွေကိုတောင် အမိအရ ဆုပ်ကိုင်ထားနိုင်အောင် မစွမ်းဆောင်နိုင်တာ၊ ပညာ တော်သင်တွေ ရွေးချယ်တဲ့ နေရာမှာ ကြိုးနီစနစ် ပိုပိုဆန်လာနေတာ၊ အဲဒီကနေ ဆရာမွေး၊ တပည့်မွေးအဆိုး သံသရာထဲ လည်နေတာတွေကတော့ တကယ့်ကို စိတ်ပျက်စရာတွေပါ။ နိုင်ငံခြားပညာ သင်ဆု အခွင့်အလမ်းတွေဟာ ငွေကြေးတတ်နိုင်တဲ့ မိသားစုဝင် တွေ၊ နီးစပ်သူတွေလက်ထဲကိုပဲ ရောက်ရောက်နေတာကိုလည်း ပြန်ဆန်းစစ်ဖို့လိုမယ် ထင်ပါတယ်။ လတ်တလော အခြေအနေမှာ အစိုးရအနေနဲ့ အရည်အသွေးရှိတဲ့၊ ထူးချွန်တဲ့ ကျောင်းသားတွေကို စုစည်းပြီး နိုင်ငံခြားပညာသင်ဆုရရှိအောင် ထိထိရောက်ရောက် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ဖို့ကတော့ သေရေးရှင်ရေး တမျှ အရေးကြီးနေပါတယ်။

အစိုးရရော၊ လွှတ်တော်တွေရောဟာ နိုင်ငံတကာ အသိုင်းအ၀ိုင်းကြားမှာ ပညာရေး၊ ပညာတော်သင်ဆု၊ ပညာတော်သင် အခွင့်အရေးနဲ့ပတ်သက်ရင် ငမ်းငမ်းတက် ရလေလိုလေဖြစ်နေဖို့ အရေးကြီးပါတယ်။ လွှတ်တော်တွေဟာ နိုင်ငံတကာပညာသင် ဆုတွေ အလုံးအရင်းနဲ့ ရယူနိုင်ဖို့နဲ့ ဆက်စပ်တဲ့ အဆိုတွေကိုတင်သွင်း ဆွေးနွေးနိုင်ဖို့ လိုအပ်သလို ပညာတော်သင်ဆုတွေ ပိုရဖို့၊ ပညာတော်သင်တွေကို အချိန်မီရွေးချယ် စေလွှတ်နိုင်ဖို့ ဘယ်လိုဆောင်ရွက်နေတယ် ဆိုတာနဲ့ ပတ်သက်တဲ့မေးခွန်းတွေကို မေးမြန်းဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် လွှတ်တော်တွေအနေနဲ့ အစိုးရရဲ့နိုင်ငံခြား ပညာတော်သင်ဆုတွေ၊ ပညာတော်သင်တွေနဲ့ ပတ်သက်တဲ့ ဆောင်ရွက်ချက်တွေဟာ ကတိက၀တ်တွေ၊ စည်းမျဉ်းစည်းကမ်းတွေ၊ လုပ်ထုံးလုပ်နည်းတွေ နဲ့ညီ၊ မညီစောင့်ကြည့် ထိန်းကျောင်းဖို့ လိုအပ်သလို ကြိုးနီစနစ်နဲ့ ဆရာမွေး၊ တပည့်မွေးစနစ်တွေကို အမြစ်တွယ်စေတဲ့ စည်းမျဉ်းဟောင်းတွေ လုပ်ထုံးလုပ်နည်း ဟောင်းတွေကိုလည်းဆောလျင်စွာပြင်ဆင်ဖို့ တိုက်တွန်းကြရမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ ပညာရေးအခွင့်အလမ်းတွေ၊ ပညာတော်သင် အခွင့်အလမ်းတွေ၊ ပညာတော်သင်ဆုတွေကို ငမ်းငမ်းတက်ဖြစ် တဲ့ နေရာမှာ ဒေသတွင်းက တခြားနိုင်ငံတွေမပြောနဲ့ လာအိုနိုင်ငံတို့၊ ကမ္ဘောဒီးယားနိုင်ငံတို့ရဲ့ ခြေဖျားကိုတောင် မမီဘူးဖြစ်နေ တာက တကယ့်အရှိတရားပါ။ လာအိုတို့၊ ကမ္ဘောဒီးယားတို့ဟာ ကြိုးနီစနစ်ကြောင့် အချိန်နောက် ကျကာ လက်လွတ်သွားရတဲ့ မြန်မာနိုင်ငံရဲ့ကာလတို၊ ကာလရှည်ပညာတော်သင် အခွင့်အလမ်းတွေကို အစားထိုးနေရာယူဖို့ အမြဲတမ်းအဆင်သင့် ဖြစ်နေကြတယ်ဆိုတာကို သဘောပေါက်ဖို့ လိုပါတယ်။ ဒီအတိုင်းသာ ဆက်သွားနေရင် မြန်မာနိုင်ငံဟာ အာဆီယံဒေသတွင်းက တခြားနိုင်ငံတွေ မဆိုထားနဲ့ လာအိုနိုင်ငံနဲ့ကမ္ဘောဒီးယားနိုင်ငံထက်ကို အများကြီးနောက်ကောက်ကျ ကျန်ရစ်ဖြစ်နေဦးမှာကတော့ မြေကြီးလက်ခတ်မလွဲ ဖြစ်ပါတယ်။

အချုပ်အနေနဲ့ ပြောရရင် အစိုးရအကြီးအကဲတွေ၊ ၀န်ကြီးတွေ၊ လွှတ်တော်အကြီးအကဲတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေဟာ ဘွဲ့လွန်၊ ဘွဲ့ကြိုပညာရေး၊ အထက်တန်းအဆင့်အသက်မွေးဝမ်းကျောင်းပညာရေးတွေနဲ့ပတ်သက်တဲ့အခွင့်အလမ်းတွေကို ဘယ်လိုရယူနိုင်မလဲ၊ ဘယ်လိုနည်းလမ်းရှာသင့်သလဲ၊ ဘယ်လိုပူးပေါင်းဆောင်ရွက်သင့်လဲဆိုတာတွေကို ပြည်တွင်း၊ ပြည်ပကပညာရှင်တွေ၊ ကျွမ်းကျင်သူတွေ၊အတွေ့အကြုံမြင့်မားသူတွေနဲ့ တိုင်ပင်နှီးနှော၊ ဆွေးနွေးအမြင် ဖလှယ်ဖို့ စိုင်းပြင်းသင့်တယ်လို့ တိုက်တွန်းအကြံပြုလိုပါတယ်။ လာမယ့် သုံးနှစ်တာကာလမှာ အစိုးရရော၊ လွှတ်တော်တွေရောဟာ ဒီလူတွေနဲ့ ဒီမိုး၊ ဒီလေနဲ့ ဒီအချိုးအတိုင်း ဆက်သွားနေဦးမယ်ဆိုရင်တော့ တိုင်းပြည်ရဲ့ အနာဂတ်ဟာ မတွေးရဲစရာ လမ်းပျောက်နေဦးမှာကတော့ ဧကန်မုချ ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ စီးပွားရေး၊ ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍ အပြောင်းအလဲတွေဟာလည်း သမားရိုးကျလမ်းရိုးလမ်းဟောင်း၊ အာဏာရှင် အငွေ့အသက်မကင်းတဲ့ ဘောင်ထဲမှာပဲ ပိတ်မိနေဦးမှာပါ။ တိုင်းပြည်ရဲ့ ဒီမိုကရေစီ စပ်ကူး မပ်ကူးကာလဟာလည်း အုတ်အရောရော၊ ကျောက်အရောရော ဖြစ်နေဦးမှာပါ။ မတွေးရဲစရာ လမ်းပျောက်နေဦးမှာဆိုရင်တော့ ပူပန်စရာတွေဟာ တစ်ပူပေါ်နှစ်ပူဆင့် ဖြစ်လာနိုင်တယ်ဆိုတာ အမြော်အမြင်ရှိရှိ ဆန်းစစ်သုံးသပ်ကြဖို့ လိုအပ်တဲ့အကြောင်း မီးမောင်းထိုး၊ သုံးသပ်လိုက်ရပါတယ်။   ။

(ဖော်ပြပါ ဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)