အပစ်ရပ်ရှစ်ဖွဲ့နှင့် NCA လက်မှတ်ထိုးမည့် မွန်၊ လားဟူအဖွဲ့တို့ ပထမအကြိမ် တွေ့ဆုံဆွေးနွေး

NCA ရှစ်ဖွဲ့နှင့် လားဟူအဖွဲ့တို့ တွေ့ဆုံနေစဉ်(ဓာတ်ပုံ − မျိုးဝင်းဖေ့စ်ဘွတ်ခ်)

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ထိုး ရှစ်ဖွဲ့နှင့် မကြာမီ NCA လက်မှတ် ရေးထိုးမည့် မွန်ပြည်သစ်ပါတီ (NMSP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့မှ ကိုယ်စားလှယ်များ ပထမဆုံးအကြိမ်တွေ့ဆုံပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၊ ဆက်လက်ဖော် ဆောင်ရေးဆိုင်ရာများ ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း အပစ်ရပ်ရှစ် ဖွဲ့မှ ဦးမျိုးဝင်းက ပြောကြား သည်။

ဖေဖော်ဝါရီ ၁၁ ရက်က ရန်ကုန်မြို့ရှိ ပါရမီဟိုတယ်၌ပြု လုပ်သော အဆိုပါ ဆွေးနွေးပွဲသို့ အပစ်ရပ်ရှစ်ဖွဲ့ဘက်မှ ဦးခွန်မြင့် ထွန်း၊ ဦးမျိုးဝင်း၊ ပဒိုစောတာ ဒိုမှူး၊ ဒေါ်စောမြရာဇာလင်း၊ ဆလိုင်းထာလဟေးစသူတို့ တက် ရောက်ပြီး NMSP မှ အထွေထွေ အတွင်းရေးမှူး နိုင်အောင်မင်း၊ စစ်ဦးစီးချုပ် နိုင်လယီကောင်းနှင့် LDU ကိုယ်စားလှယ်တို့ တက်ရောက်ခဲ့သည်။


‘‘အဓိကကတော့ လက်မှတ် ရေးထိုးပွဲအခမ်းအနားနဲ့ ရှေ့ဆက်ဆောင်ရွက်မယ့် အစီအစဉ်တွေ အတွက် ညှိကြတာပေါ့။ NCA လက်မှတ်ထိုးပြီးရင် ဆောင်ရွက် ရမယ့်ကိစ္စတွေပေါ့။ NCA အ ကောင်အထည်ဖော်မှုကို ဘယ်လို ဖော်ဆောင်မလဲဆိုတာ အရင်ထိုး ထားတဲ့ ရှစ်ဖွဲ့နဲ့ နောက်ထိုးမယ့် အဖွဲ့ ရှေ့ဆက်ပူးပေါင်းဆောင် ရွက်ဖို့ အမြင်ချင်းဖလှယ်တဲ့အပိုင်း ပါ’’ဟု ဦးမျိုးဝင်းက ပြောသည်။

အစိုးရနှင့် NMSP , LDU တို့ အကြား NCA လက်မှတ်ရေးထိုး ခြင်းကို ဖေဖော်ဝါရီ ၁၃ ရက်တွင် ပြုလုပ်မည်ဖြစ်သည်။ ထို့ပြင် ရခိုင်အမျိုးသားကောင်စီ (ANC) ကလည်း NCA လက်မှတ်ထိုးရန် ဆုံးဖြတ်ကြောင်း ဖေဖော် ၀ါရီ ၁၁ ရက်၌ အစိုးရထံအ ကြောင်းကြား၍ လက်မှတ်ထိုးမည့် အဖွဲ့သုံးဖွဲ့ဖြစ်လာသည်။

NCA လက်မှတ်ရေးထိုး သည့် အဖွဲ့များတိုးလာ၍ အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအ ဖွဲ့မှ ၁၆ ဦး၊ နိုင်ငံရေးပါတီ အစု အဖွဲ့မှ ၁၆ ဦးနှင့် တိုင်းရင်းသား လက်နက်ကိုင်အစုအဖွဲ့ ၁၆ ဦး ပါဝင်သော ပြည်ထောင်စုငြိမ်း ချမ်းရေးဆွေးနွေးမှု ပူးတွဲကော် မတီ (UPDJC)ကို ပြန်လည်ပြင် ဆင်ဖွဲ့စည်းရန် ညှိနှိုင်းနေသည်။

NCA အရ ဖွဲ့စည်းထား သည့် UPDJC သည် ပြည်ထောင် စုငြိမ်းချမ်းရေးညီလာခံအပါအ ၀င် နိုင်ငံရေးဆွေးနွေးပွဲများ အောင်မြင်စွာကျင်းပနိုင်ရေး ဦး ဆောင်ရသည့် အဖွဲ့အစည်းဖြစ် ပြီး ယင်း UPDJC အစည်းအဝေး ကို ဖေဖော်ဝါရီ ၁၃ ရက် နောက် ပိုင်းတွင် ကျင်းပနိုင်ရေးညှိနှိုင်း နေသည်။ UPDJC ဥက္ကဋ္ဌသည်နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဖြစ် သည်။