သင်္ဘောတွင် ဂဟေဆော်ရာမှ ပေါက်ကွဲမှုဖြစ်၊ လူတစ်ဦးသေ၊ ငါးဦးဒဏ်ရာရ

ပေါက်ကွဲမှုဖြစ်ပွားခဲ့သော သင်္ဘောကို တွေ့ရစဉ် (ဓာတ်ပုံ − Yangon Police)

လှိုင်သာယာစက်မှုဇုန်ရှိ သင်္ဘောကျင်း၌ လွန်းတင်ထား သော တည်ဆောက်ဆဲ သင်္ဘော တွင် ဂဟေဆော်ရာမှ ပေါက်ကွဲမှု ဖြစ်ပြီး လုပ်သားတစ်ဦးသေဆုံး ကာ ငါးဦးဒဏ်ရာရရှိခဲ့မှု ဖေဖော်ဝါရီ ၁၂ ရက်က   ဖြစ်ပွားသည်။ 

‘‘မနက်က သင်္ဘောကျင်း ဘက်က ပေါက်ကွဲသံကြားတယ်။ တော်တော်ပြင်းတယ်’’ဟု လှိုင် သာယာမြို့နယ်နေ ဦးသန်းအေး က ယမန်နေ့နံနက်က ဖြစ်ပွားခဲ့ သော ပေါက်ကွဲမှုအကြောင်း ပြောသည်။

ပေါက်ကွဲမှုဖြစ်သော သင်္ဘောတွင် သင်္ဘောဦးခန်း၌ လွန်ခဲ့သော နှစ်ရက်ခန့်က ဆေးသုတ်ထားသဖြင့်  တာပင်တိုင်ဒြပ်နှောများ  စိမ့်ဝင်နေကြောင်း  မီးသတ်ဦးစီးဌာနက ထုတ်ပြန်သည်။ 

အဆိုပါအခန်းကို သင်္ဘောကျင်းလုပ်သားက ဂဟေဆော်ရာမှ မီးပွားများလွင့်ထွက်ကာ  အခန်းအတွင်းရှိ  တာပင်တိုင်ဒြပ်နှောနှင့် ထိစပ်ကူးရာမှ ပေါက်ကွဲမှုဖြစ်ပြီး ဂဟေဆော်သူသေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနက ထုတ်ပြန်သည်။ 

ပေါက်ကွဲမှုကြောင့် ဒဏ်ရာ ရရှိသော လုပ်သားငါးဦးအနက် သုံးဦးသည် ဒဏ်ရာပြင်းထန်၍ အင်းစိန်ဆေးရုံနှင့် ရန်ကုန်ပြည် သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသနေပြီး ကျန်နှစ်ဦးသည် လှိုင်သာယာဆေးရုံ၌ တက်ရောက်ကုသနေသည်။ 

ဆုံးရှုံးမှုတန်ဖိုး  ကျပ် ၁၅ သိန်းရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး မီးသတ်ဦးစီးဌာနက ထုတ်ပြန်သည်။ 

ယင်းပေါက်ကွဲမှုကြောင့် သေဆုံးသူကို လှိုင်သာယာမြို့မရဲစခန်းက ပေါ့လျော့မှုကြောင့် လူသေဆုံးမှုပုဒ်မ ၃၀၄-က၊ ပေါ့လျော့မှုကြောင့် အပြင်းအထန်နာကျင်စေမှုပုဒ်မ ၃၃၈၊ပေါ့လျော့မှုကြောင့် သာမန်နာကျင်စေမှုပုဒ်မ ၃၃၇ နှင့် ပေါက်ကွဲမှုပုဒ်မ ၂၈၆ တို့ဖြင့် အမှုဖွင့်ခဲ့သည်။