ANC က အပစ်ရပ်စာချုပ် လက်မှတ်မထိုးဖြစ်တော့သည့် အကြောင်းရင်းကို တာဝန်ရှိသူအချို့ပြောကြား

JICM နှင့် ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC)တွင် ပါဝင်ခွင့်မရသဖြင့် NCA လက်မှတ်မထိုးခြင်းဖြစ်ဟုဆို

ရခိုင်အမျိုးသား ကောင်စီ (ANC) အနေဖြင့် တစ် နိုင်ငံလုံး အပစ်ရပ်စာချုပ် လက် မှတ်ရေးထိုးရန် သဘောထား ပြောင်းလဲသွားခြင်းသည် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) နှင့် ထိပ်သီးခေါင်းဆောင် များ၏  စုဖွဲ့မှုဖြစ်သော NCA အ ကောင်အထည်ဖော်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) တွင် ကိုယ်စားလှယ်ပါဝင်ခွင့်မရ၍ဖြစ်ကြောင်း အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တာဝန်ရှိသူအချို့က ပြောကြား သည်။


ANC သည် ဖေဖော်ဝါရီ ၁၁ ရက် နေ့လယ်တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA)တွင် ပါဝင်လက်မှတ်ထိုးမည်ဟု အစိုးရထံ အကြောင်းကြားသော်လည်း ယင်းနေ့ညပိုင်းတွင် လက်မှတ်ထိုးပွဲသို့ မလာနိုင်တော့ကြောင်း ပြန်လည် ဆက်သွယ်ခဲ့သည်ဟု အစိုးရ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း) က ပြော သည်။

‘‘မနေ့ညက ၈ နာရီခွဲ ၉ နာရီလောက်မှာ မလာတော့ပါဘူး တဲ့။ အခြေအနေ တစ်ရပ်ရပ် ကြောင့်ပေါ့။ အကြောင်းမညီညွတ်လို့ပေါ့’’ ဟု ဒုတိယဗိုလ်ချုပ် ကြီး ခင်ဇော်ဦး (ငြိမ်း) က ဖေဖော် ဝါရီ ၁၂ ရက်တွင် ပြောသည်။

ယင်းကဲ့သို့ သဘောထား ပြောင်းလဲသွားခြင်းသည် NCA အရ စုဖွဲ့ထားသည့် တပ်ပိုင်းဆိုင်ရာအဖွဲ့ JMC နှင့် ငြိမ်းချမ်းရေး ဆုံးဖြတ်ချက်များအတွက် အရေးကြီးသည့် JICM တွင် ပါဝင်ခွင့် မရရှိ၍ဖြစ်ကြောင်း အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် ကိုယ်စားလှယ်အချို့က ပြော သည်။

 ညီညွတ်သော တိုင်းရင်း သားလူမျိုးများ ဖက်ဒရယ်ကောင် စီ (UNFC) အဖွဲ့ဝင် အဖွဲ့အစည်း များဖြစ်သော ANC နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)တို့ကို ယခင်အစိုးရလက် ထက်တွင် တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိ၍ NCA တွင် ပါဝင်ခွင့်မပြုသော်လည်း လက်ရှိ အစိုးရလက်ထက်တွင် ပါဝင် လက်မှတ်ထိုးခွင့်ပြုခဲ့သည်။

ANC အနေဖြင့် နိုင်ငံရေး ဆွေးနွေးပွဲများ ဖြစ်မြောက်ရေး  အရေးပါသည့် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) တွင် ပါဝင် ခွင့်ရရှိနိုင်သည့် အခွင့်အရေးရှိ သော်လည်း JMC နှင့် JICM တွင် ပါဝင်ခွင့်ရှိမည်မဟုတ်ဟု အစိုးရ ကိုယ်စားလှယ်တစ်ဦးက ပြော သည်။

‘‘NCA ထိုးချင်ပါတယ်ဆို တော့ ထိုးခွင့်ပြုလိုက်တယ်။ ဒါ ပေမဲ့လို့ တချို့တချို့သောဟာ တွေမှာ တပ်မရှိဘူးပေါ့။ ထိုးမယ် ဆိုထိုး။ မတရားအသင်းက ပယ်ဖျက်ကြောင်း ကြေညာတာ လုပ်ပေးမယ်။ အသိအမှတ်ပြုပေး မယ်။ လုံခြုံမှုတာဝန်ယူပေးမယ်။ ကျန်တဲ့ဟာတွေကျတော့ အပြည့် အဝမရဘူးပေါ့’’ဟု ၎င်းက ဆို သည်။

 NCA ရေးထိုးထားသည့် ရခိုင်လွတ်မြောက်ရေး ပါတီ (ALP) ဗဟိုအလုပ်အမှုဆောင် ဒေါ်စောမြရာဇာလင်းက JMC နှင့် JICM တွင် ပါဝင်ခွင့်မရခြင်း သည် ANC လက်မှတ်မထိုးရခြင်း ၏ အဓိကအကြောင်းရင်းဖြစ်နိုင် သည်ဟု သုံးသပ်ကြောင်း ပြော သည်။

ANC ကလည်း NCA လက် မှတ်ရေးထိုးရေးနှင့် ပတ်သက်၍  ဖေဖော်ဝါရီ ၁၂ ရက်က သတင်း ထုတ်ပြန်ရာ ‘တန်းတူရေးအခြေ ခံဖြင့် အားလုံးလိုက်ပါနိုင်သော အခင်းအကျင်းမရှိခြင်းတို့ကြောင့် ဖေဖော်ဝါရီ ၁၃ ရက်တွင် ကျင်း ပမည့် NCA လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ ANC  ပါဝင်တက် ရောက်နိုင်ခြင်း မရှိပါကြောင်း ပြည်သူလူထုနှင့် မဟာမိတ်များ ကို အသိပေးအပ်ပါသည်’ဟု ဖော်ပြခဲ့သည်။

အပစ်ရပ်လက်မှတ်ထိုး ပ အိုဝ်းအဖွဲ့ (PNLO) ဦးဆောင် နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက ‘‘ပထမကတော့ ANC က သူကျန် ခဲ့ပြီဆိုပြီး ဝင်ဖို့ကြိုးစားတာပေါ့။ ဒါပေမဲ့ လက်တွေ့မှာ ဟိုမှာက KNPP ကလည်း ကျန်နေတယ်။ UNFC ကလည်း အစည်းအဝေး က တန်းလန်းနဲ့ အဖွဲ့အစည်း လိုက် ဆုံးဖြတ်တာ မရှိသေးတဲ့အ ခါကျတော့ အဲဒါကို ပြန်ချိန်တယ် နဲ့ တူပါတယ်’’ဟု မှတ်ချက်ပြု သည်။

ထို့အပြင် ANC အဖွဲ့သည် NCA တွင် ပါဝင်ခဲ့သည့်တိုင် အခြား အဖွဲ့အစည်းများကဲ့သို့ NCA အရ စုဖွဲ့ထားသည့် စုဖွဲ့မှု များ၌ တင်းပြည့်ကိုယ်စားလှယ် ရရှိမည်မဟုတ်ကြောင်း ၎င်းက ဆိုသည်။

ANC ကို ၂၀၁၀ က ဖွဲ့ စည်းခဲ့ပြီး မြန်မာ-ထိုင်းနယ်စပ် တွင် လှုပ်ရှားကာ လက်နက်ကိုင် အင်အား ၁၀၀ ကျော်ရှိမည်ဟု ခန့်မှန်းကြောင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် စောင့်ကြည့်လေ့ လာသည့် Myanmar Peace Mornitor စစ်တမ်းများတွင် ဖော် ပြသည်။

ANC အင်အားနှင့်ပတ်သက်၍ ‘‘သတ်သတ်မှတ်မှတ် လှုပ်ရှား၊ သတ်သတ်မှတ်မှတ် နယ်မြေသတ်မှတ် အဲဒီလိုပုံစံတော့ ကျွန်တော် သတိမထားမိဘူးဗျ’’ ဗိုလ်မှူးကြီးခွန်ဥက္ကာကဆိုသည်။

 ထို့အပြင် UNFC အဖွဲ့ ကောင်စီအစည်းအဝေးကို ဖေ ဖော်ဝါရီ ၁၀ ရက်ကစ၍ ထိုင်း နိုင်ငံ ချင်းမိုင်တွင် ကျင်းပနေရာ အဖွဲ့ဝင် အဖွဲ့အစည်းနှစ်ခုဖြစ် သော  မွန်ပြည်သစ်ပါတီ(NMSP) နှင့် LDU တို့ NCA လက်မှတ်ထိုးရန် အစီအစဉ်ရှိနေသောကြောင့်အစည်းအဝေးကို ယာရီရပ်ဆိုင်းထားကြောင်း ဖေဖော်ဝါရီ ၁၂ရက်တွင် ကြေညာချက်ထုတ်ပြန်သည်။

အစည်းအဝေးကို ဖေဖော်ဝါရီ ၁၃ ရက်တွင် နေပြည်တော် ၌ ပြုလုပ်မည့် NCA လက်မှတ်ထိုးခြင်း အစီအစဉ်ပြီးနောက် ပြန်လည်စတင်မည်ဟု ဖော်ပြ သည်။ 

More in News Section