အမေရိကန် လေကြောင်းတိုက်ခိုက်မှုအတွင်း ပါကစ္စတန် တာလီဘန်အဖွဲ့ ဒုတိယအကြီးအကဲ သေဆုံး

ပါကစ္စတန်တွင် လှုပ်ရှားနေသည့် တာလီဘန် စစ်သွေးကြွ အဖွဲ့ခွဲ တစ်ခု၏ ဒုတိယ အကြီးအကဲမှာ လေကြောင်း တိုက်ခိုက်မှု တစ်ခုအတွင်း သေဆုံးသွားကြောင်း သိရသည်။

အမေရိကန် မောင်းသူမဲ့ လေယာဉ်တစ်စီး၏ ပစ်ခတ် တိုက်ခိုက်မှုအတွင်း စစ်ဦးစီး ခါလစ်ဒ်မာဆွတ်ဒ် သေဆုံးခဲ့ကြောင်း ပါကစ္စတန် တာလီဘန်တပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ မာဆွတ်ဒ်သည် တာရစ်ခီ တာလီဘန် ပါကစ္စတန် အဖွဲ့၏ ဒုတိယ အကြီးအကဲလည်း ဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်က အာဖဂန် နစ္စတန်နှင့် နယ်စပ်အနီး ဝါဇီရစ္စတန် ပြည်နယ်တွင် အမေရိကန် မောင်းသူမဲ့ လေယာဉ်တစ်စီး ပစ်လွှတ်လိုက်သည့် ဒုံးကျည်ကြောင့် မာဆွတ်ဒ် သေဆုံးခဲ့ခြင်းဟု တာလီဘန် အရာရှိက အတည်ပြုခဲ့သည်။

ပါကစ္စတန်ရှိ တာလီဘန် အဖွဲ့ခွဲများအနက် တီတီပီဟု လူသိများသည့် အဆိုပါ အုပ်စုသည် အသေခံ ဗုံးခွဲမှုနှင့် အခြားသော အကြမ်းဖက်မှုများ ပြုလုပ်ခြင်းကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလက တီတီပီတို့၏ ပီရှာဝါရှိ ကောလိပ်တစ်ခုကို စစ်သွေးကြွများ စေလွှတ်၍ စီးနင်းတိုက်ခိုက်စေခဲ့ရာ ၉ ဦးသေဆုံးပြီး ၃၆ ဦး ဒဏ်ရာရခဲ့သည်။

မာဆွတ်ဒ် သေဆုံးခြင်းသည် ပါကစ္စတန် တာလီဘန် အုပ်စုများ၏ အခြေအနေကို ပိုမို၍ ချိနဲ့ အားလျော့သွားစေဖွယ် ရှိနေသည်။ ပါကစ္စတန် စစ်ဘက်ကလည်း ဝါဇီရစ္စတန်တွင် ပြုလုပ်သည့် စစ်ဆင်ရေးများကြောင့် တီတီပီများသည် အာဖဂန်ဘက်သို့ ထွက်ပြေး ဆုတ်ခွာ ခိုလှုံနေရကြောင်း ကြေညာခဲ့သည်။

မာဆွတ်ဒ်သည် ၂၀၁၆ ခုနှစ်တွင် ဟာဖစ်ဖ်ဆာ့ဒ်ခန်း သေဆုံးခဲ့ပြီး ကတည်းက ပါကစ္စတန် တာလီဘန်များ၏ အရေးပါသော ဦးဆောင်သူ တစ်ဦးအနေဖြင့် ရပ်တည်လာခဲ့သည်။ တီတီပီတွင် လက်ထောက်ခေါင်းဆောင်အချို့ ရှိနေသော်လည်း ၎င်းသည် အနာဂတ်တွင် ယင်းစစ်သွေးကြွ အုပ်စုကို အမှန်တကယ် ဦးဆောင်မည့်သူအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ခံထားရကြောင်းလည်း သိရသည်။

Ref: BBC