မုံရွာမြို့အဝင် တိုးဂိတ်ပြောင်းရွှေ့ရန် မြေနေရာညှိနှိုင်းနေ

မုံရွာ-မန္တလေး ကားလမ်း ပေါ်ရှိ မြေနဲကျေးရွာအနီး မုံရွာမြို့ အဝင် တိုးဂိတ်ပြောင်းရွှေ့ရန် မြေ နေရာကိစ္စ ညှိနှိုင်းနေကြောင်း မုံရွာ ခရိုင် လမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မာလာဝင်း က ပြောကြားသည်။

မုံရွာမြို့အဝင်   တိုးဂိတ် ပြောင်းရွှေ့ရေး အစည်းအဝေးကို ဖေဖော်ဝါရီ ပထမပတ်အတွင်း မုံရွာခရိုင် အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ခဲ့ပြီး တိုင်းဒေသကြီး လွှတ် တော်ကိုယ်စားလှယ်များ၊ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ လမ်းဦးစီးဌာန တာဝန်ရှိသူများ၊ လမ်း အသုံးပြုခကောက်ခံသော ရွှေ တောင် ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီတာဝန်ရှိသူများ၊ မုံရွေး၊ ကြေးမုံ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများ၊ မုံရွာမြို့ အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ရေး  ကော်မတီအဖွဲ့ဝင်များ ဆွေးနွေးခဲ့သည်။

‘‘အခုလောလောဆယ် မြေ နေရာရွေးချယ်တုန်းပေါ့။ မုံရွာမြို့ နယ်က ရွှေ့စေချင်တဲ့နေရာကို တိုးဂိတ်က နေရာကျဉ်းနေတဲ့အ တွက် မြေနေရာအဆင်ပြေမှု၊  မပြေမှုဆိုတာကို ပြန်လည်တင်ပြ ရဦးမယ်။ မုံရွာမြို့နယ် အဖွဲ့က မုံရွေး၊ ကြေးမုံကျေးရွာရဲ့ တောင် ဘက်ကို ရွှေ့ချင်တာ။ ချောင်းဦး ဘက်ကိုလည်း ကျော်လို့မရဘူး။ မုံရွာနဲ့ ချောင်းဦး နယ်စပ်ကို ရွှေ့ ချင်တာ။ မုံရွေး၊ ကြေးမုံကျေးရွာ ရဲ့ မြောက်ဘက်ကို မုံရွာအဖွဲ့က လက်မခံဘူး။ ကုမ္ပဏီကတော့ မုံရွေး၊ ကြေးမုံကျေးရွာရဲ့ မြောက် ဘက်ကို အဆိုပြုထားတယ်’’ ဟု ဒေါ်မာလာဝင်းက ပြောသည်။

မုံရွာမြို့နယ်အတွင်း မုံရွေး၊ ကြေးမုံကျေးရွာ၏ တောင်ဘက် တွင် တိုးဂိတ်တည်ဆောက်ရန် မြေနေရာကျဉ်းမြောင်းနေသဖြင့် သက်ဆိုင်ရာသို့ တင်ပြကာ ပြောင်းရွှေ့ရန်လုပ်ငန်းများ ညှိ နှိုင်းပြီးပါက အမြန်ဆုံး ပြောင်းရွှေ့ မည်ဟု ၎င်းကပြောသည်။

‘‘မုံရွာ- ချောင်းဦးမြို့နယ်အ စပ် ဗောဓိတစ်ထောင်လမ်းခွဲအ ကြား တိုးဂိတ်ပြောင်းရွှေ့ဖို့ မြေ နေရာ လျာထားပါတယ်။ ဒီမှာ ပြောင်းရွှေ့ဖို့ မြေနေရာအတည် ပြုပြီး သက်ဆိုင်ရာ တင်ပြပြီးမှ ပြောင်းရွှေ့ရမယ်။ ခရိုင်အုပ်ချုပ် ရေးမှူးက တိုးဂိတ်ပြောင်းရွှေ့ဖို့ မြေနေရာ တင်ပြမှာဖြစ်ပါတယ်။ တိုးဂိတ်အတွက် အရှည်ပေ ၁,၁၀၀၊ အကျယ်ပေ ၂၀၀ လိုအပ်တယ်လို့ ပြောပါတယ်’’ ဟု မုံရွာ မြို့ အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ရေး ကော်မ တီအဖွဲ့ဝင် ဦးစိုးဝင်းဆွေက ပြော သည်။

မုံရွာမြို့မှ ယာဉ်များသည် မြို့နယ်ဧရိယာအတွင်းရှိ ဗောဓိ တစ်ထောင်  မိုးညှင်းသမ္ဗုဒ္ဓေ စ သည့်ဘုရားများသို့  သွားရောက် ဖူးမြော်ရာတွင်  လမ်းအသုံးပြုခ ပေးဆောင်ရသဖြင့်  ယာဉ်များ အခမဲ့သွားလာခွင့်ရရန်  ဒေသခံ များသည် ယခုနှစ် ဇန်နဝါရီ၌ တောင်းဆိုခဲ့ကြောင်း ဦးစိုးဝင်း ဆွေက ပြောသည်။