ဆီးရီးယားတွင် အမေရိကန် လေကြောင်းတိုက်ခိုက်မှုကြောင့် ရုရှားနိုင်ငံသားများ သေဆုံး

ဆီးရီးယားတွင် အမေရိကန် ဆင်နွှဲခဲ့သည့် လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံသားများ သေဆုံးခဲ့ကြောင်း သိရသည်။

ဆီးရီးယား အရှေ့မြောက်ပိုင်းတွင် ပြီးခဲ့သည့် သီတင်းပတ်က အမေရိကန် လေတပ်အနေဖြင့် မဟာမိတ် သူပုန်များကို ပစ်ကူပေး တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ သတင်းများက ယင်းတိုက်ခိုက်မှုအတွင်း အနည်းဆုံး ရုရှားကြေးစားစစ်သား နှစ်ဦး သေဆုံးခဲ့ကြောင်း ဖော်ပြခဲ့သည်။

အဆိုပါ ကြေးစားများကို ဆီးရီးယား အစိုးရအပေါ် လိုလား သစ္စာခံသည့် ပုဂ္ဂလိက စစ်ဘက် ကုမ္ပဏီ တစ်ခုက တစ်ဆင့်ခံ ငှားရမ်းပေးထားခြင်း ဖြစ်သည်။

ရုရှားအစိုးရက ဆီးရီးယား စစ်ပွဲတွင် အမေရိကန် တိုက်ခိုက်မှုကြောင့် ၎င်းတို့၏ နိုင်ငံသားများ သေဆုံးကြောင်း သတင်းကို တရားဝင် အတည်ပြုမှု မရှိသေးချေ။

အမေရိကန် စစ်ဘက်က မဟာမိတ် တပ်များ အတိုက်ခံရချိန်တွင် မိမိကိုယ်ကို ကာကွယ်သည့် အနေဖြင့် လေကြောင်း စစ်ဆင်ရေးများ တုံ့ပြန် ဆင်နွှဲခဲ့ပြီး ရန်သူအင်အား ၁၀၀ ကျော်ကို သုတ်သင်ခဲ့ကြောင်း ပြီးခဲ့သည့် သီတင်းပတ်က ထုတ်ပြန်ခဲ့သည်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂျင်မက်တစ်က မီဒီယာများတွင် ဖော်ပြသည့် သတင်းများကို ပြန်လည် ကြားသိထားသော်လည်း ရုရှား ကြေးစားများ ဆီးရီးယားတွင် ပါဝင် တိုက်ခိုက်နေသည်ဟု မယုံကြည်ကြောင်း မှတ်ချက်ပေးထားသည်။

“ဒီကိစ္စကိုတော့ ကျွန်တော် ဘာမှ မပြောလိုဘူး။ ဆီးရီးယားမှာ ရုရှား ကြေးစားစစ်သားတွေ ရှိနေပါတယ် ဆိုတာကို ဗဟို စစ်ဆင်ရေး ဌာနကရော၊ ပင်တဂွန် စစ်ဌာနချုပ် ဆီကပါ အစီရင်ခံထားတာမျိုး မရှိပါဘူး”ဟု မက်တစ်က ပြောကြားခဲ့သည်။

အမေရိကန် စစ်ဘက်၏ အဆိုအရ ဆီးရီးယား သမ္မတ ဘာရှာ အယ်လ် အာဆတ်ကို ထောက်ခံသည့် တပ်များသည် အမေရိကန်၏ မဟာမိတ် SDF ပြောက်ကျားများကို ဒီရာအယ်လ်ဇော ဒေသတွင် ဝန်းရံ ပိတ်ဆို့ တိုက်ခိုက်ခဲ့ရာမှ လေတပ်ထိုးစစ်ဖြင့် တုံ့ပြန်ခဲ့ခြင်းဟု သိရသည်။

Ref: BBC