အမေရိကန်တွင် အင်ဂျင် အစိတ်အပိုင်း ပြုတ်ထွက်၍ လေယာဉ်တစ်စီး အရေးပေါ် ဆင်းသက်ခဲ့ရ

အမေရိကန် နိုင်ငံတွင် ခရီးသည်တင် လေယာဉ်တစ်စီး အင်ဂျင် အစိတ်အပိုင်းများ ပြုတ်ထွက်ကုန်ခြင်းကြောင့် အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁၃ ရက်က United လေကြောင်းလိုင်းပိုင် ခရီးစဉ်အမှတ် ၁၁၅၇ လေယာဉ်သည် ဟာဝိုင်ယီရှိ ဟိုနိုလူလူကျွန်းပေါ်မှ လေဆိပ်၌ ဘေးရန် ကင်းရှင်းစွာ ဆင်းသက်နိုင်ခဲ့ကြောင်း လေကြောင်းလိုင်း တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

လေယာဉ်သည် ဆန်ဖရန်ဆစ္စကိုမှ ခရီးစတင်ပြီး ပစိဖိတ် သမုဒ္ဒရာကို ဖြတ်ပျံနေချိန်တွင် အင်ဂျင် အကာအကွယ် အစိတ်အပိုင်းအချို့ ပြုတ်ထွက်သွားခြင်း ဖြစ်သည်။

လေယာဉ်မှူးသည် လေကြောင်း ထိန်းသိမ်းရေး မျှော်စင်ကို ဆက်သွယ် အကြောင်းကြားကာ ဟိုနိုလူလူ၌ အရေးပေါ် ဆင်းသက်ရန် ဆုံးဖြတ်ခဲ့သည်။ ထိတ်လန့်စရာ အခြေအနေနှင့် ကြုံခဲ့သော်လည်း မည်သူမျှ ထိခိုက်ဒဏ်ရာရမှု မရှိဘဲ ဒန်နီရယ်လ်ကေ အီညူရီ လေဆိပ်၌ လေယာဉ်ကို ချောမောစွာ ဆင်းသက်နိုင်ခဲ့ကြောင်း လေကြောင်းလိုင်းက အတည်ပြုခဲ့သည်။

Boeing 777 လေယာဉ်ပေါ် လိုက်ပါလာသူ တစ်ဦးဖြစ်သည့် မာရီယာ ဖာလက်စ်ချီက “ကျွန်မ ဘဝမှာတော့ ကြောက်စရာ အကောင်းဆုံး လေယာဉ် ခရီးစဉ်ပါပဲ”ဟု Twitterတွင် ရေးသားခဲ့သည်။

ပြဿနာ ဖြစ်ပွားခဲ့သော လေယာဉ် အင်ဂျင်မှာ Pratt & Whitneyက ထုတ်လုပ်သည့် ၁၁၂ လက်မ PW4000 အမျိုးအစား ဖြစ်သည်။ ယခုကိစ္စနှင့် ပတ်သက်၍ Pratt & Whitney အနေဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ စုံစမ်းမှုများ ပြုလုပ်သွားမည်ဟုလည်း ကြေညာခဲ့သည်။

Ref: CNN