အခြေခံပညာ ဆရာ၊ ဆရာမ ရာထူးတိုး၊ အပြောင်းအရွှေ့များကို ဇွန်လကျောင်းဖွင့်ချိန်မတိုင်မီ အပြီးဆောင်ရွက်မည်ဟုဆို

အခြေခံပညာကျောင်းများမှ ဆရာမများကို တွေ့ရစဉ် ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)

လာမည့် ပညာသင်နှစ်တွင် အခြေခံပညာ ဆရာ၊ ဆရာမများ၏ ရာထူးတိုး အပြောင်းအရွှေ့များကို ဇွန်လကျောင်းဖွင့်ချိန် မတိုင်မီ အပြီးဆောင်ရွက်မည်ဟု ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦး ဝင်းမော်ထွန်းက ပြောသည်။


ဖေဖော်ဝါရီ ၇ ရက်တွင် ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေး၌ လွှတ်တော်ကိုယ်စား လှယ်တစ်ဦး၏မေးမြန်းမှုကို ဒုဝန်ကြီးက ယင်းသို့ပြောကြားသည်။

‘‘ပညာရေးဝန်ကြီးဌာနအနေ နဲ့ ၂၀၁၈-၁၉ ပညာသင်နှစ်တွင် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးရှိ အခြေခံပညာ ဆရာ၊ ဆရာမများ၏ အပြောင်းအရွှေ့ရာထူးတိုး များကို ကျောင်းမဖွင့်မီ အပြီး ဆောင်ရွက်နိုင်ရန် စီစဉ်ဆောင် ရွက်နေပါတယ်’’ဟု ဦးဝင်းမော် ထွန်းက ပြောကြားသည်။

ယခု ၂၀၁၇-၁၈ ပညာသင် နှစ်တွင် အခြေခံပညာ ဆရာ၊ ဆရာမများ ရာထူးတိုး၊ အပြောင်းအရွှေ့များကို ကျောင်းဖွင့်ပြီး သုံးလခန့် အကြာ မိုးတွင်းကာလဖြစ်သည့် ဩဂုတ်အတွင်း ဆောင်ရွက်ပေး ခဲ့သည်။ မိုးတွင်းကာလတွင် ဝေးလံခေါင်သီသော တောင်ပေါ်ဒေသ များသို့ တာဝန်ထမ်းဆောင်ရန် သွားလာရသည့် ဆရာ၊ ဆရာမများသည် လမ်းခရီးတစ်လျှောက် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများ၊ ပညာသင်နှစ် လေးပုံတစ်ပုံခန့်ပြီးမှဆရာ၊ဆရာမများပြောင်းရွှေ့ရခြင်းကြောင့် သင်ကြားရေး နှောင့်နှေးမှုများ ရှိခဲ့သည်။

‘‘ကျောင်းမဖွင့်မီ အပြီး ဆောင်ရွက်ပေးနိုင်ဖို့ လုပ်နေပါ တယ်။ အခုဆို ရာထူးတိုးပြောင်း တန်းစီဇယားတွေရော၊ လျှောက် လွှာတွေရော တိုင်းနဲ့ ပြည်နယ် အလိုက် တောင်းထားပြီးပြီ။ ဆရာ ထင်တယ်၊ ကျောင်းမဖွင့်ခင် လုပ် ပေးနိုင်မှာပါ’’ဟု အခြေခံပညာ ဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူး ချုပ် ဒေါက်တာအောင်နိုင်စိုးက ပြောသည်။

၂၀၁၈-၁၉ ပညာသင်နှစ်အ တွက် အခြေခံပညာ ဆရာ၊ဆရာမရာထူးတိုး၊ အပြောင်းအရွှေ့ လျှောက်လွှာများကို ဇန်နဝါရီ ဒုတိယပတ်အတွင်း တိုင်းဒေသ ကြီးနှင့် ပြည်နယ်ပညာရေးမှူးရုံး များသို့ နောက်ဆုံးထားလျှောက် ထားရန် အခြေခံပညာဦးစီးဌာန က ညွှန်ကြားထားသည်။

‘‘လျှောက်လွှာတွေတော့ တင်ထားပြီးပြီ။ ကျောင်းမဖွင့်မီအ ပြီး အပြောင်း၊ အတိုးအမိန့်စာတွေ ထုတ်ပေးနိုင်ရင်တော့ အကောင်း ဆုံးပေါ့။ နွေရာသီပိတ်ရက်မှာ ပြောင်းရတော့ သားသမီးရှိတဲ့ ဆရာ၊ ဆရာမတွေလည်း ကိုယ့် ကလေး ကျောင်းအပ်တဲ့ကိစ္စ ဘာညာကြိုစီမံနိုင်တယ်။ ဒါပေမဲ့ အရင်နှစ်ကလည်းရှေ့မှာ ဒီလိုပြောခဲ့ တာတော့ရှိတယ်’’ဟု ဧရာဝတီတိုင်းဒေသကြီးမှ အထက်တန်း ကျောင်းအုပ်တစ်ဦးကဆိုသည်။

အခြေခံပညာကျောင်းများရှိ  ဆရာ၊ ဆရာမများကို ရာထူးတိုး မြှင့်ခန့်ထားခြင်း၊ တစ်ကျောင်းမှ တစ်ကျောင်းသို့ ပြောင်းရွှေ့ခန့် ထားခြင်းကို ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနက တစ်နှစ် တစ်ကြိမ် ပြုလုပ်လေ့ရှိသည်။

ရာထူးတိုးပြောင်းကိစ္စရပ် များကို ယခင်အစဉ်အဆက်က နွေရာသီ ကျောင်းပိတ်ရက် မေလ အတွင်း ဆောင်ရွက်သော်လည်း ၂၀၁၆-၁၇ ပညာသင်နှစ်ကစကာ ကျောင်းဖွင့်ပြီး သုံးလအကြာမှ ဆောင်ရွက်ခြင်းကြောင့် ဆရာ၊ ဆရာမ အသိုင်းအဝိုင်းတွင် ဝေဖန်မှုများရှိခဲ့သည်။