နိုင်ငံတကာဈေးကွက်ထဲက အကောင်းဆုံး OLED TV များ

OLED နည်းပညာဟာ TV တွေရဲ့ အနာဂတ်လို့ ညွှန်းဆိုခြင်းခံရပါတယ်။ အနည်းဆုံးတော့ နှစ်ကာလအပိုင်းအခြား တစ်ခုအထိ TV ကုမ္ပဏီကြီးတွေ အာရုံစူးစိုက်ရမယ့် နယ်ပယ်တစ်ခုဖြစ်နေမှာ သေချာသလောက်ပါပဲ။ Organic Light Emitting Diode တွေကို အခြေပြုပြီး ပုံဖော်တဲ့ Screen နည်းပညာဟာ LCD နဲ့ Plasma အခြေပြု TV တွေထက် အားသာချက် တွေ တော်တော်များများရှိနေပါတယ်။

OLED TV တွေက ပုံဖော်နိုင်တဲ့ပုံရိပ်ဟာ တခြား TV နည်းပညာတွေ ထက် ပိုကြည်လင်တယ်။ ပိုပြီး ပိရိပြတ်သားတယ်။ အလင်းရောင်ပုံဖော် မှု ပိုတိကျတယ်။ LCD တွေထက် တုံ့ပြန်နိုင်စွမ်းပိုမြန်ပြီး စွမ်းအင်သုံးစွဲ မှုကလည်း ပိုနည်းပါတယ်။ ဒီလိုကောင်းကွက်တွေကြောင့် ပြီးခဲ့တဲ့တစ်နှစ်လောက်အတွင်း နိုင်ငံတကာ TV ဈေးကွက်မှာ OLED တွေရဲ့ အောင်မြင်မှုက ပိုကြီးမားလာတယ်။ အသုံးပြုသူတွေရော တီထွင်ဖန်တီး တဲ့ ကုမ္ပဏီတွေပါ OLED TV တွေကို ပိုရွေးချယ်လာကြပါတယ်။

အခုဆောင်းပါးကတော့ နိုင်ငံတကာ ဈေးကွက်ထဲမှာ ရောင်းချနေ တဲ့ ထိပ်တန်းအဆင့်မြင့် OLED TV အကောင်းစားတချို့ကို စုစည်းဖော်ပြ ထားတာ ဖြစ်ပါတယ်။


LG OLED C7 Series

ဒီ TV စီးရီးတွေမှာ အဓိကကောင်းကွက်နှစ်ခုရှိပါတယ်။ OLED TVတွေထဲမှာ ဈေးအသက်သာဆုံး အမျိုးအစားဖြစ်တဲ့ OLED B7 နဲ့ ချိတ် ဆက်ပြီး ဖန်တီးထားခြင်းနဲ့ တခြား OLED TV အမှတ်တံဆိပ်တွေနဲ့ယှဉ်ရင် ပုံရိပ်ဖော်မှု အရည်အသွေးပိုင်း အနည်းငယ်သိသိသာသာ ပိုကောင်းနေ ခြင်းပါပဲ။ မြန်နှုန်းမြင့်မြင့် လှုပ်ရှားပြောင်းလဲနေတဲ့ ပုံရိပ်တွေကို တုံ့ပြန်  ဖော်ဆောင်ရာမှာလည်း ကောင်းမွန်တဲ့ စွမ်းဆောင်ရည်မျိုးရှိပါတယ်။ ဒီဇိုင်းပိုင်းက ပါးလွှာသေးသွယ်ပြီး ကျစ်ကျစ်လျစ်လျစ်နဲ့ ဆွဲဆောင်မှုရှိပါတယ်။ အားနည်းချက်ရှာရမယ်ဆိုရင်တော့ အလင်းတောက်တောက် ပုံရိပ်တွေမှာ သိပ်မပီပြင်သလို ဖြစ်နေတတ်ပါတယ်။ ၅၅ လက်မနဲ့ ၆၅ လက်မအရွယ်တွေ ရရှိနိုင်ပါတယ်။


Sony A1E Series

Screen နည်းပညာပိုင်းနဲ့ပတ်သက်ရင် Sonyက နာမည်ကောင်း တွေ ပိုင်ဆိုင်ပြီးသားပါ။ ၅၅ လက်မ၊ ၆၅ လက်မနဲ့ ၇၇ လက်မအရွယ်တွေ ရွေးချယ်နိုင်တဲ့ ဒီ OLED TV တွေမှာလည်း ဒီဂုဏ်ရည်ကို ဆက်ထိန်းထားပါတယ်။ X1 Extreme Chipset ရဲ့ ပံ့ပိုးမှုကြောင့် TV ရဲ့ ဆူညံသံကို ထိထိ ရောက်ရောက် လျှော့ချထားနိုင်ပါတယ်။ Processing Power ပိုင်းမှာ နိုင်နင်းတဲ့ Sony ရဲ့ နည်းပညာပိုင်းကြောင့် TV ရဲ့ စွမ်းဆောင်ရည်ကို အမြင့်ဆုံးညှစ်သုံးချိန်မှာတောင် ကာလအကြာကြီး ဆက်တိုက်အသုံးခံပါတယ်။ ပုံရိပ်ဖော်နိုင်စွမ်းနဲ့ ဒီဇိုင်းပိုင်းတွေက အပြစ်ပြောစရာ မရှိပါဘူး။ ဒါပေမဲ့ Sony ရဲ့ ထုတ်ကုန်ပီပီ ပြိုင်ဘက်တွေထက်တော့ ဈေးပိုကြီးပါတယ်။ Android TV အထောက်အပံ့မှာလည်း ချွတ်ယွင်းချက်တွေပါနေတယ်။


LG OLED E7 Series

LG ရဲ့ OLED E7 တွေနဲ့ပတ်သက်ပြီး အသိအမှတ်ပြုရမှာက OLED C7 တွေနည်းတူ ပြောင်မြောက်ထူးခြားလွန်းတဲ့ အရည်အသွေးမြင့် ပုံရိပ်တွေကို ဖော်ဆောင်နိုင်ခြင်းဖြစ်ပါတယ်။ ပြီးတော့ အကောင်းဆုံး စာရင်းဝင် webOS စမတ် TV Iterfrace ကိုလည်း ထည့်သွင်းပေးထားပါတယ်။ OLED E7 တွေက ဈေးနည်းနည်း ပိုမြင့်တယ်ဆိုတာကလည်း ပိုပြီးသပ်ရပ်တဲ့ ဒီဇိုင်းတည်ဆောက်မှုနဲ့ အဆင့်မြှင့်တင်ထားတဲ့ အသံအရည် အသွေးတွေကြောင့် ဖြစ်ပါတယ်။ TV ရှေ့ပိုင်းမှာ OLED Pixel တွေကို ဖန်ပြားတစ်ချပ်ပေါ်မှာ တိုက်ရိုက်ပုံဖော်စေတာကြောင့် လှပကြော့ရှင်းပြီး အင်မတန်ပါးလွှာတဲ့ အချိုးအဆက်မျိုးဖြစ်နေစေတယ်။ အရောင်စုံလင် မှု၊ အရောင်ရွှန်းစိုမှုတွေအားလုံးက အနာအဆာမရှိပါဘူး။ ဒါပေမဲ့ အလင်းလျှော့ထားတဲ့ အမှောင်ရိပ်ဘက်ယိမ်းတဲ့ ပုံရိပ်တွေမှာတော့ ပြတ်သားမှု နည်းနည်းလျော့သွားတတ်ပါတယ်။


Bang & Olufsen Eclipse

ခေတ်မီဆန်းသစ်တဲ့ သွင်ပြင်လက္ခဏာမျိုး ထင်းနေအောင် ပေါ်လွင်စေတဲ့ ဒီဇိုင်းနဲ့ တည်ဆောက်ထားတဲ့ TV ဖြစ်ပါတယ်။ အမြင်ဆန်းပြီး တကယ်လည်း ထူးခြားတဲ့ OLED TV တွေပါ။ ၅၅ လက်မနဲ့ ၆၅ လက်မအရွယ်တွေ ရွေးချယ်နိုင်ပြီး အသံအရည်အသွေးကိုပါ တသီးတသန့် အားဖြည့်တည်ဆောက်ထားတဲ့ Speaker တွေနဲ့ ပေါင်းစပ်ပေးထား ပါတယ်။ ဧည့်ခန်းထဲမှာ ခံ့ခံ့ညားညား နေရာချထားနိုင်တာက အားသာချက်ဖြစ်ပြီး ထားရမယ့်နေရာ တော်တော်လေးခပ်ကျယ်ကျယ်လိုတာက အားနည်းချက်ဖြစ်ပါတယ်။ ပုံရိပ်ဖော်မှုနဲ့ အသံထွက်မှုတွေ အကုန်လုံး အပျံစားအဆင့်ဖြစ်ပါတယ်။ ထည့်သွင်းထားတဲ့ OS ကတော့ သုံးစွဲရတာ နည်းနည်းလေး ရှုပ်ထွေးပါတယ်။


Philips 55POS9002

Philips ရဲ့ ဥရောပဌာနခွဲက ဒီ OLED TV တွေကို တာဝန်ယူဖန်တီး ခဲ့တာ ဖြစ်ပါတယ်။ Philips ရဲ့ Ambilight နည်းပညာကို ထည့်သွင်းအသုံး ပြုထားတာကြောင့် အရောင်ပုံဖော်မှုအပိုင်းက ထိပ်တန်းအဆင့် ရှိပါ တယ်။ ဒီနည်းပညာဟာ Display ရဲ့ အစွန်းတွေကနေ အရောင်ကို ခွဲထုတ်ဖန်တီးယူတဲ့ သဘောတရားကို အသုံးချထားတာပါ။ OLED TV ရဲ့ Processing Power ကလည်း အမှန်တကယ် အားကောင်းပါတယ်။ OLEDTV တွေ ဈေးကွက်အခြေအနေအရ ဈေးသင့်တယ်လို့လည်း ဆိုနိုင်တယ်။ ဒါပေမဲ့ ကိုင်တွယ်အသုံးပြုတဲ့အပိုင်းက ထင်သလောက်မရှင်းပါဘူး။ နောက်တစ်ချက် ပြောရမယ်ဆိုရင်တော့ အသံအရည်အသွေးက ဒီထက်  ပိုကောင်းသင့်ပါတယ်။                                 —Ref: Tech Radar

Top News