ဖြိုးကိုကိုတင့်ဆန်းနှင့် အပေါင်းပါများအမှုတွင် တရားလိုနှင့် တရားလိုပြသက်သေတို့ကို စစ်ဆေး

 ဖြိုးကိုကိုတင့်ဆန်း အမှုတွင် နိုင်ငံတော်သမ္မတရုံး၏ အခွင့်အာဏာအရ တရားစွဲဆိုခွင့် ရသည့် ၁၉၂၃ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက် အက်ဥပဒေအတွက် တရားလိုနှင့် အခြားအမှုများ၏ တရားလိုပြသက်သေ စုစုပေါင်း နှစ်ဦးကို ယမန်နေ့က စစ်ဆေးခဲ့ သည်။

၁၉၂၃ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက် အက်ဥပဒေအတွက် တရားလို ရဲမှူးကျော်လွင်ဦးနှင့် မူးစိတ်အမှု၊ လက်နက်အမှု၊ ဆက်သွယ်ရေးအမှု၊ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်အက်ဥပဒေတို့အတွက် တရားလိုပြ သက်သေအဖြစ် နေပြည်တော်လေဆိပ်မှ လေ ကြောင်းရဲ ဒုရဲမှူးရဲရင့်ထွေးတို့ကို စစ်ဆေးခဲ့သည်။


ဟိုတယ် ACE တွင် တွေ့ရှိ သည့် အမေရိကန်နိုင်ငံထုတ် NSAတံဆိပ်ပါ ဟန်းမားကားလေးစီး နှင့် လေဆိပ်၌ တွေ့ရှိသည့် အင်္ကျီပါ တံဆိပ်တို့သည် အေဂျင်စီထူထောင်ရန် ရည်ရွယ်ချက်ဖြင့် ခွင့်ပြုချက်မရှိဘဲ နိုင်ငံတော်လုံခြုံ ရေး ထိခိုက်စေရန် တပ်မတော် (သို့မဟုတ်) ရဲတပ်ဖွဲ့ကို ထင် ယောင်ထင်မှားဖြစ်စေသော အသုံးအဆောင်ဖြင့် ထင်မှတ်စေရန်လက်ဝယ်ထားရှိခြင်း၊ သက်ဆိုင်ရာအစိုးရဌာန ခွင့်ပြုချက်မရှိဘဲ ပြုလုပ်၍ ၁၉၂၃ မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်အက်ဥပဒေနှင့် တရားစွဲခဲ့ကြောင်း တရားလိုရဲမှူး ကျော်လွင်ဦးက တရားခွင်တွင် ပြောသည်။

လုံခြုံရေးအေဂျင်စီ တည် ထောင်ရန် ရည်ရွယ်ချက်ဟု ဆို သော်လည်း အဖွဲ့အစည်းဖွဲ့ရန် ရည်ရွယ်ချက်၊ ဝန်ထမ်းအရေအတွက်၊ စာရွက်စာတမ်းများ သိမ်းဆည်းရမိခြင်း ရှိသလားဟု တရားခံရှေ့နေက မေးမြန်းရာ တရားလိုက မရှိကြောင်း ပြန်လည်ဖြေကြားသည်။

ယင်းအမှုကို တရားခံပြေး ကျော်ချမ်းငြိမ်း ထွက်ပြေးနေသဖြင့် ဟိုတယ်ပိုင်ရှင် ဖြိုးကိုကိုတင့်ဆန်း အမှုဖွင့်တိုင်တန်းခံရခြင်းကို သိရှိလားဟု တရားခံရှေ့နေ ဦးမြင့်အောင်၏ မေးမြန်းမှုကို ‘‘နိုင်ငံတော်သမ္မတ၏ အခွင့်အာဏာအပ်နှင်းမှုအရ ဖြိုးကိုကိုတင့်ဆန်းကို အမှုဖွင့်အရေးယူဆောင်ရွက်ရခြင်းဖြစ်ပါတယ်’’ဟု တရားလို ရဲမှူးကျော်လွင်ဦးက ပြန်လည်တုံ့ပြန်သည်။

ဟိုတယ် ACE တွင် ဖြိုးကို ကိုတင့်ဆန်း ခွင့်ပြုချက်မရရှိဘဲ ၎င်းပိုင်ဆိုင်သော ကားများ၌ စ တစ်ကာများ၊ မီးများ တပ်ဆင်သ ဖြင့် ဝန်ထမ်းများကြား၌ တရားခံပြေး ကျော်ချမ်းငြိမ်းကို ဆဲဆို ကြိမ်းမောင်း ထိုးကြိတ်ခဲ့သည်ဟု တရားခံရှေ့နေကဆိုသည်။

နေပြည်တော်လေဆိပ်တွင် လက်နက်နှင့် မူးယစ်ဆေးဝါးများ မဖမ်းမိစဉ် တစ်ရက်အလို အောက်တိုဘာ ၁၄ ရက်က အထက်ပါဖြစ် ရပ် ဖြစ်ပွားခဲ့ပြီး ဖြိုးကိုကိုတင့် ဆန်းက ‘‘နောက်တစ်ခေါက် ငါပြန်လာရင် ဒီကားက စတစ်ကာ တွေ မမြင်ချင်ဘူး’’ဟု ပြောခဲ့ ကြောင်း တရားခံရှေ့နေ ဦးမြင့် အောင်က လျှောက်လဲသည်။

ထို့နောက် ထိုးကြိတ်ခံရသူ လက်ရှိ တရားခံပြေးဖြစ်နေသူ ကျော်ချမ်းငြိမ်းက ဟိုတယ် ACE ဝန်ထမ်းများရှေ့တွင် ‘‘တစ်နေ့ ဒီဟိုတယ်ပိုင်ရှင် ငါ့အကြောင်း ကောင်းကောင်းသိရမယ်’’ ဟု ပြောဆို ကြိမ်းမောင်းခဲ့သည်ကို တရားခံရှေ့နေက တရားလိုရဲမှူး ကျော်လွင်ဦးကို သိရှိသလားဟု မေးမြန်းရာ မသိရှိပါဟု ဖြေကြား သည်။

နေပြည်တော်လေဆိပ်တွင် လက်နက်နှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးမိသည့် အိတ်များကို တရားခံပြေး ကျော်ချမ်းငြိမ်း၊ သီဟနှင့် ACE ဟိုတယ် ဝန်ထမ်းများက ဖြိုးကိုကိုတင့်ဆန်းကို လိုက်ပို့ရန် လေဆိပ်ပစ္စည်းအပ်နှံဌာန၌ လာ ရောက်အပ်နှံကြောင်း တရားခံ ရှေ့နေ ဦးမြင့်အောင်က ဆိုသည်။

 ထို့အပြင် ဖြိုးကိုကိုတင့်ဆန်းပါ အပေါင်းပါနှစ်ဦးကို လေ ဆိပ်တွင် ဖမ်းမိစဉ် ရှာဖွေပုံစံ၌လက်မှတ်ရေးထိုးခိုင်းစဉ် မူးယစ် ပစ္စည်း၊ လက်နက်များသည် ၎င်း တို့ ပစ္စည်းမဟုတ်ကြောင်း ငြင်းဆိုခဲ့ကြောင်း ၎င်းက လျှောက်လဲ သည်။

NSA တံဆိပ်ပါ ဟန်းမား ကားများတွင် ကပ်ထားသော တံဆိပ်များသည် တပ်မတော်၊ ရဲ တပ်ဖွဲ့၊ အစိုးရဌာနများက အသုံး ပြုသော အမှတ်သားတံဆိပ်များ မဟုတ်ကြောင်း တရားခံရှေ့နေ လျှောက်လဲမှုကို တရားလိုက လည်း မဟုတ်ကြောင်း ဆိုသည်။

ထိုကားများတွင် တပ်ဆင် ထားသော မီးတန်းများသည် ကား အလှပြင်ဆိုင်များတွင် အလွယ် တကူတပ်ဆင်နိုင်ပြီး ကြက်ခြေနီ ယာဉ်၊ မီးသတ်ယာဉ်များ၌ တပ် ဆင်လေ့ရှိကြောင်း ဦးမြင့်အောင် က လျှောက်လဲသည်။

ထိုအချက်ကို တရားလိုရဲမှူး ကျော်လွင်ဦးက မီးတန်းနှင့်ပတ် သက်၍ ‘‘လုံခြုံရေးတာဝန်ထမ်း ဆောင်တဲ့ တပ်နဲ့ ရဲတို့က အဓိက သုံးတာ’’ဟု ပြန်လည်တုံ့ပြန်ခဲ့ သည်။

လေဆိပ်တွင် ဖမ်းမိစဉ်က ပါဝင်သော တံဆိပ်များ တပ်ထား သည့် စစ်အရောင်၊ ပြောက်ကျား အင်္ကျီတို့သည် ရောင်းချသည့်နေ ရာတွင် အလွယ်တကူ ဝယ်ယူနိုင် ကြောင်း ဦးမြင့်အောင်က ပြော သည်။

 နောင်လာမည့် ရှစ်ကြိမ် မြောက် ရုံးချိန်းကို ဖေဖော်ဝါရီ ၂၁ ရက်တွင် ပြုလုပ်မည်ဖြစ်သည်။