မြန်မာယူ-၁၅ အသင်းကို ပဏာမကစားသမား ၇၀ ကျော်ဖြင့်ဖွဲ့စည်း

အာဆီယံယူ-၁၅ ဘောလုံးပြိုင်ပွဲဝင် မြန်မာအသင်း ကို ပဏာမကစားသမား ၇၀ ကျော်ဖြင့် ဖေဖော်ဝါရီ ၁၅ ရက် က ဖွဲ့စည်းခဲ့ကြောင်း မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်သည်။

ပဏာမ မြန်မာယူ-၁၅ အသင်းကို ရန်ကုန်၊ မန္တလေး၊ ပုသိမ်မြို့တို့ရှိ မြန်မာနိုင်ငံဘော လုံးအဖွဲ့ချုပ် အကယ်ဒမီသုံးခုနှင့် တပ်မတော် ဘောလုံးအကယ်ဒမီ တို့မှ ကစားသမား ၃၅ ဦးနှင့်(MFF 100 PLUS U-15 Cup 2017) ၂၀၁၇ ယူ-၁၅ ပြိုင်ပွဲမှ ရွေးချယ်ထားသော ပြည်နယ်နှင့် တိုင်းအသီးသီးမှ ကစားသမား ၃၈ ဦး၊စုစုပေါင်း ၇၃ ဦးဖြင့်  ဖွဲ့စည်းထားသည်။

အဆိုပါ ပဏာမ ယူ-၁၅ အသင်းကို နည်းပြချုပ်အဖြစ် ပုသိမ်ဘောလုံး အကယ်ဒမီကို ကိုင်တွယ်နေသည့် ဂျပန်နည်းပြ တာကူမာကိုဂါက တာဝန်ယူကိုင် တွယ်မည်ဖြစ်ပြီး စခန်းသွင်းလေ့ ကျင့်မှုကို ဖေဖော်ဝါရီ ၁၈ ရက်တွင် စတင်မည်ဖြစ်သည်။

‘‘ဂျပန်နည်းပြ တာကူမာကို ဂါက အရင်ကတည်းက ပုသိမ် ဘောလုံးအကယ်ဒမီမှာ တာဝန် ယူလုပ်ဆောင်ပေးနေတာ ကြာပါ ပြီ။ ခု ယူ-၁၅အသင်းမှာ ကစား သမားတော်တော်များများက ပုသိမ်အကယ်ဒမီက အသက်မီ တဲ့သူတွေများတဲ့အတွက် သူ့ကိုပဲ တာဝန်ယူခိုင်းလိုက်တာပါ’’ဟု ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောသည်။

ပဏာမ မြန်မာယူ-၁၅ အသင်းသည် မတ်လတွင် ပထမဆုံး နိုင်ငံတကာပြိုင်ပွဲအဖြစ် Jockey Club International Tournament ဟောင်ကောင် ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲသို့ ဝင် ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

အာဆီယံယူ-၁၅ ဘောလုံး ပြိုင်ပွဲကို လာမည့် ဇူလိုင်အတွင်း ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ တွင် ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲဝင် ၁၁ သင်းက အုပ်စုနှစ်ခုခွဲ၍ ယှဉ် ပြိုင်မည်ဖြစ်သည်။ ၂၀၁၈ အာဆီ ယံယူ-၁၅ ပြိုင်ပွဲတွင် မြန်မာ အသင်းသည် အုပ်စု(က)၌ လက် ရှိချန်ပီယံ ဗီယက်နမ်၊ အိမ်ရှင် ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ တီ မော၊ ဖိလစ်ပိုင်အသင်းတို့နှင့် အတူ ကျရောက်နေပြီး အုပ်စု(ခ) တွင် ထိုင်း၊ စင်ကာပူ၊ လာအို၊ ဘရူနိုင်း၊ မလေးရှား အသင်းတို့ ပါဝင်သည်။

၂၀၁၇ အာဆီယံ ယူ-၁၅ဘောလုံးပြိုင်ပွဲတွင် ဗီယက်နမ်အသင်းက အိမ်ရှင်ထိုင်းအသင်းကို ပင်နယ်တီ အဆုံးအဖြတ်ဖြင့် အနိုင်ရကာ ချန်ပီယံဖြစ်ခဲ့ပြီး မြန်မာယူ-၁၅အသင်းက အုပ်စုအဆင့်ဖြင့်သာ ကျေနပ်ခဲ့ရသည်။

Top News