မုတ္တမတွင် ရှေးဟောင်းမုတ္တမအိုးဟုယူဆရသော စဥ့်အိုးနှင့် မြေအိုးများတူးဖော်တွေ့ရှိ

 ရှေးခေတ်ယဉ်ကျေး မှုအမွေအနှစ်များ ထွန်းကားခဲ့ သည့် မွန်ပြည်နယ် ပေါင်မြို့နယ် မုတ္တမမြို့တွင် ရှေးဟောင်းမုတ္တမ အိုး (Martaban Jars)ဟု ယူဆရ သည့် စဥ့်အိုးသုံးလုံးနှင့် မြေအိုး တစ်လုံးကို ဖေဖော်ဝါရီ ၁၆ ရက် က တူးဖော်တွေ့ရှိခဲ့သည်။ 

အဆိုပါအိုးများကို မုတ္တမ မြို့လယ် ဇာကဒွန်ရပ်ကွက်ရှိ နေ အိမ်တစ်ခုတွင် မြေကျင်းတူးရာမှ မြေအနက် ခြောက်ပေခန့်၌ တွေ့ရှိခဲ့ပြီး အရှည်နှစ်ပေ၊ လုံးပတ်လေးပေခန့်ရှိသည့် စဥ့်ရည်သုတ်ထားသည့် စဥ့်အိုးသုံးလုံးနှင့် အရှည်နှစ်ပေ၊ ပတ်လည်ခြောက်ပေခန့်ရှိသည့် မြေအိုးကြီးတစ်လုံးတို့ကို တွေ့ရှိခဲ့သည်။ 

စဥ့်အိုးသုံးလုံးသည် အိုးနှုတ် ခမ်းတွင် နဖားသုံးခုရှိနေခြင်းနှင့် အိုးလုံးပတ်အပြည့် စဥ့်ရည်သုတ် ထားခြင်းတို့ကြောင့် Martaban Jar (မုတ္တမအိုး)ဟု ခန့်မှန်းကြောင်း မုတ္တမမြို့ဟောင်းများနှင့် ရှေး ဟောင်းအမွေအနှစ်များ ရှာဖွေ ထိန်းသိမ်းစောင့်ရှောက်ရေးကော် မတီဥက္ကဋ္ဌ ဒေါက်တာသန်းဦးက ပြောသည်။ 

‘‘Martaban Jars အနေနဲ့ မြေပေါ်မှာ တွေ့တာတွေတော့ ရှိတယ်။ အခုလိုမြေအောက်မှာ စဥ့်သုတ်ထားတဲ့ အိုးတွေ စီပြီး တွေ့တာ ဒါက ပထမဆုံးပဲ။ ကျွန်တော်တို့အနေနဲ့က ပညာရှင် မဟုတ်ပေမယ့် ရှိနေတဲ့၊ တွေ့ခဲ့တဲ့Martaban Jars နဲ့ တူတဲ့အတွက် ကြောင့်မို့ ဒါကို Martaban Jars လို့ ယူဆတာပေါ့နော်’’ဟု ၎င်းက ပြောသည်။ 

တူးဖော်တွေ့ရှိထားသည့် အိုးများနှင့်ပတ်သက်၍ သက်တမ်းနှင့် သမိုင်းကြောင်းများ ပိုမိုသိရှိ နိုင်ရန် ကျွမ်းကျင်ပညာရှင်များနှင့် ဆက်သွယ်ထားကြောင်း၊ လက်ရှိ တွင် မြေအိုးကြီးတစ်လုံးကိုသာ တူးဖော်ထားပြီး ကျန်စဥ့်အိုးသုံး လုံးကို ဆက်လက်တူးဖော်ခြင်း မပြုသေးဘဲ မွန်ပြည်နယ် ရှေး ဟောင်းသုတေသန၊ အမျိုးသားပြ တိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန သို့ အကြောင်းကြားထားကြောင်း ဒေါက်တာသန်းဦးက ပြောသည်။ 

‘‘Martaban Jars ဆိုတာက တစ်ချိန်တုန်းက နာမည်ကြီးခဲ့ တယ်။ အခုချိန်ထိလည်း ထင်ရှား နေဆဲ။ ကျွန်တော်တို့လည်း စိတ် ဝင်စားတယ်။ အခုတွေ့တဲ့အိုး တွေသာ Martaban Jars မှန်ရင် ကျွန်တော်တို့အတွက်ကတော့ ဂုဏ်ယူစရာပါ’’ဟု အိုးတွေ့ရှိ သည့် ခြံပိုင်ရှင် မုတ္တမမြို့အုပ်ချုပ် ရေးမှူး ဦးစိုးတင်က ပြောသည်။ 

မုတ္တမမြို့ပေါ်တွင် ရပ်ကွက် ၂၁ ခုရှိပြီး ယင်းရပ်ကွက်များအား လုံး၌ ရှေးဟောင်းပစ္စည်းများ ပျံ့နှံ့တည်ရှိကာ မကြာခဏတူးဖော်တွေ့ရှိသော်လည်း ဒေသခံများ၏ရှေးဟောင်းပစ္စည်းထိန်းသိမ်းမှုဆိုင်ရာ  ဗဟုသုတအားနည်းခြင်းကြောင့် ပျက်စီးတိမ်မြုပ်ပျောက်ကွယ်ခဲ့သည်ဟု မုတ္တမဒေသခံများက ဆိုသည်။ မုတ္တမအိုးများကို လွန်ခဲ့သည့် နှစ်ပေါင်း ၇၀၀ ကျော်အချိန်ကတည်းက ပြုလုပ်ခဲ့ပြီး  မြန်မာနိုင်ငံတွင်သာမက ကမ္ဘာ့နိုင်ငံများ၌ Martaban Jars ဟု ထင်ရှား ကြောင်း မုတ္တမအိုးအကြောင်း သုတေသနစာတမ်းပြုစုနေသူတို့က ပြောသည်။ 

Top News