ရန်ကုန်မြို့အနီး ရစ်ခ်ျတာစကေး ၄ ဒသမ ၆ အဆင့်ရှိ ငလျင်လှုပ်ခတ်

ဓာတ်ပုံ − မိုးဇလ

 မှော်ဘီမြို့အနီး ဗဟိုပြု ၍ ရစ်ခ်ျတာစကေး ၄ ဒသမ ၆ အဆင့်ရှိ ငလျင်တစ်ခု ဖေဖော်ဝါရီ ၁၇ရက်နံနက်က လှုပ်ခတ်ခဲ့သည်။


မှော်ဘီမြို့ အရှေ့ဘက် ၆ မိုင်ခန့်အကွာတွင် ဗဟိုပြု၍ ဖေ ဖော်ဝါရီ ၁၇ ရက်နံနက် ၈ နာရီ ၈ မိနစ်ခန့်က လှုပ်ခတ်ခဲ့ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြား မှုဦးစီးဌာနက သတင်းထုတ်ပြန် သည်။

ဗဟိုချက်ဖြစ်သော မှော်ဘီ မြို့အပြင် လှိုင်၊ မင်္ဂလာတောင် ညွန့်၊ တောင်ဥက္ကလာ၊ မြောက် ဥက္ကလာ၊ မြောက်ဒဂုံ၊ တာမွေ၊ သင်္ဃန်းကျွန်း၊ လှည်းကူးနှင့်တိုက်ကြီးမြို့တို့တွင် ငလျင်လှုပ်ခတ်မှု သိသိသာသာ ခံစားရသည်ဟု ဒေသခံများကပြောသည်။

‘‘အထက်ကနေ အောက် ဘက်ကို နှစ်ကြိမ်ဆွဲလှုပ်သွား တာ။ အင်အားအနည်းငယ်လို့ သတင်းထုတ်တာ တွေ့တယ်။ ဒါပေမဲ့ဒီတစ်ကြိမ် တော်တော်ပြင်း တယ်’’ ဟု မှော်ဘီမြို့ဒေသခံ ကို မျိုးမင်းထွန်းကပြောသည်။ 

မြေအနက် ၇ ကီလိုမီတာ တွင် ဗဟိုပြုလှုပ်ခတ်ကာ ဇောက် တိမ် ငလျင်အမျိုးအစားဖြစ်၍ ငလျင်လှုပ်ရှား မှုကို သိသိသာသာ ခံစားရကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်မျိုးဦးကပြောသည်။

ရန်ကုန်တိုင်းဒေသကြီး သည် စစ်ကိုင်းပြတ်ရွေ့ပဲခူးအပိုင်း နှင့် နီးကပ်စွာရှိနေသကဲ့သို့ ဧရာဝတီတိုင်းဒေသကြီးရှိ ဒေးဒရဲ ပြတ်ရွေ့လှုပ်ရှားပါက မြေငလျင် လှုပ်လေ့ရှိကြောင်း ဘူမိဗေဒ ပညာရှင်များက ပြောသည်။ စစ်ကိုင်းပြတ်ရွေ့ ပဲခူးအပိုင်းသည် အင်အားပြင်းငလျင်အဖြစ် ၁၉၃၀က နောက်ဆုံးလှုပ်ခဲ့၍ နောက်တစ်ကြိမ် လှုပ်ခတ်နိုင်ခြေရှိသည့် အခြေအနေကို မြန်မာနိုင်ငံ မြေငလျင်ကော်မတီက သတိပေး ထားသည်။

၂၀၁၈ နှစ်ဆန်းပိုင်းကစတင်ကာ မြန်မာနိုင်ငံအတွင်းဗဟိုပြု၍ ဒေသအနှံ့တွင် အင်အားရစ်ခ်ျတာ စကေး ၄ မှ ၆ အတွင်း ငလျင်များ မကြာခဏလှုပ်ခတ်နေပြီး ဇန်န၀ါရီ ၁ ရက်မှ ဖေဖော်ဝါရီ ၁၇ ရက်အတွင်း စုစုပေါင်းအကြိမ်ရေ ၃၀ ထက်မနည်းလှုပ်ခတ်ခဲ့သည်။

More in News Section

Top News