မင်္ဂလာဒုံ၌ ယာဉ်သုံးစီးဆင့်တိုက်၊ ၁၇ ဦးဒဏ်ရာရပြီး သုံးဦးအသက်အန္တရာယ်စိုးရိမ်ရဟုဆို

YBS ခရီးသည်တင် ယာဉ်တစ်စီးအပါအဝင် ယာဉ်သုံး စီးဆင့်တိုက်သဖြင့် လူ ၁၇ ဦး ဒဏ်ရာရရှိကာ သုံးဦး အသက် အန္တရာယ်စိုးရိမ်ရကြောင်း ပုလဲ အရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။ 

မင်္ဂလာဒုံမြို့နယ် ပြည်လမ်းအတိုင်း  ထောက်ကြန့်ဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာ သည့် မီနီဘတ်စ်အမျိုးအစား ရေ သန့်စက်ရုံဖယ်ရီယာဉ်သည် ဖေ ဖော်ဝါရီ ၁၉ ရက် နံနက် ၁၀ နာရီ ခန့်က ရေကြည်အိုင်မှတ်တိုင်အနီး အထက(၁)  ရှေ့သို့အရောက် တွင် တစ်ဖက်ယာဉ်ကြောသို့ ချိုး ကွေ့ရာမှ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ ကြောင်း ၎င်းက ဆိုသည်။

ထိုသို့ ချိုးကွေ့သဖြင့် ယင်း နောက်မှ မောင်းနှင်လာသည့် YBS (၉၁)ခရီးသည်တင်ယာဉ်က နောက်မှ ဝင်တိုက်မိခဲ့ပြီး လမ်းဘေးတွင် ရပ်ထားသည့် ဖီဒါအမျိုးအစားယာဉ်တစ်စီးကိုပါ ထပ်မံ ဆင့်တိုက်မိခဲ့ကြောင်း တာဝန်ရှိသူက ပြောသည်။ 

ယာဉ်တိုက်မှုကြောင့် ဖယ်ရီ ယာဉ်နှင့် YBS (၉၁)ခရီးသည်တင် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ခုနစ်ဦး ဒဏ်ရာရရှိသဖြင့် အင်းစိန်ဆေးရုံသို့ တင်ပို့ကုသခဲ့ပြီး ဒဏ်ရာရရှိသူများအနက် သုံးဦး သည် အသက်အန္တရာယ်စိုးရိမ်ရ ကြောင်း ၎င်းက ပြောသည်။  ယာဉ်တိုက်မှုနှင့်ပတ်သက်၍ ယာဉ်ထိန်းရဲတပ်ဖွဲ့က တရားလို ပြုလုပ်ကာ အမှုဖွင့်တိုင်ကြားရမည်ဖြစ်ပြီး မင်္ဂလာဒုံမြို့မရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားခြင်း မရှိသေးကြောင်း  မင်္ဂလာဒုံမြို့မရဲ စခန်းမှ  တာဝန်ကျရဲတပ်ဖွဲ့ဝင် တစ်ဦးက  ဖေဖော်ဝါရီ ၁၉ ရက် ည ၈ နာရီခန့်တွင် ဖြေကြားသည်။ 

Top News