သူပုန်များ ထိန်းချုပ်ထားသည့် ဒမတ်စကက် ဆင်ခြေဖုံးကို ဆီးရီးယားစစ်တပ် အပြင်းအထန်ဗုံးကြဲ

သူပုန်များ ထိန်းချုပ်ထားရာ ဒမတ်စကက် ဆင်ခြေဖုံးကို ဆီးရီးယား အစိုးရ တပ်များက အပြင်းအထန် ဗုံးကြဲ တိုက်ခိုက်ခဲ့သဖြင့် ကလေးများ အပါအဝင် အရပ်သား ၈၀ နီးပါး သေဆုံးခဲ့ကြောင်း သိရသည်။

ဆီးရီးယားအရေး စောင့်ကြည့်သူများက ဒမတ်စကက်မြို့ပြင်ရှိ အရှေ့ဂူတား ဧရိယာကို အစိုးရ တပ်များက လေကြောင်းမှ ဗုံးကြဲသလို လက်နက်ကြီးများဖြင့်ပါ တရစပ် ပစ်ခတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၁၉ ရက် တိုက်ခိုက်မှုအတွင်း ကလေး ၂၀ အပါအဝင် အရပ်သား ၇၇ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ဆိုသည်။ လက်နက်ကြီးများဖြင့် တရစပ် ပစ်ခတ် ချေမှုန်းပြီးနောက် ဆီးရီးယား စစ်တပ်သည် အရှေ့ဂူတားသို့ မြေပြင်ထိုးစစ်ပါ ဆင်နွှဲလာမည်ဟု ယုံကြည်ရသည်။

ကုလသမဂ္ဂက ဆီးရီးယား စစ်တပ်၏ လက်နက်ကြီး ပစ်ခတ်မှုများကို လုံးဝ ရပ်တန့်ရန် တောင်းဆိုထားပြီး အခင်းဖြစ်ရာ နေရာတွင် ရှိနေသည့် ကုလသမဂ္ဂ ဝန်ထမ်းတစ်ဦးက အခြေအနေမှာ ထိန်းမရလောက်အောင် ဆိုးရွားနေကြောင်း မှတ်ချက်ပေးခဲ့သည်။ မြို့ခံ အများအပြားမှာ ကြောက်စိတ်မွှန်ပြီး တုန်လှုပ်နေကြကြောင်း ၎င်းက ဆိုသည်။

အရှေ့ဂူတား ဒေသကို ဆီးရီးယား အစိုးရ ဆန့်ကျင်ရေး သူပုန်များက ၂၀၁၃ ကတည်းက သိမ်းယူထားခြင်း ဖြစ်သည်။ မြို့ထဲတွင် လူပေါင်း လေးသိန်းဝန်းကျင်မျှ နေထိုင်ပြီး နှစ်ဖက် တိုက်ပွဲများကြား ပိတ်မိနေသည်။

ဆီးရီးယား အစိုးရ တပ်များသည် အရှေ့ဂူတားကို ပြန်လည်သိမ်းယူရန် စစ်ဆင်ရေးများကို ယခုလ အစောပိုင်း၌ စတင် အရှိန်မြှင့်လာခဲ့သည်။ မြို့ထဲမှ တိုက်ပွဲများအတွင်း အရပ်သား အများစု အပါအဝင် လူပေါင်း ရာနှင့်ချီ သေဆုံး၍ ဒဏ်ရာရသူ ဦးရေလည်း အမြောက်အမြား ရှိခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။

Ref: Globe & Mail

Top News