မိုဇမ်ဘစ်တွင် အမှိုက်ပုံ ပြိုကျမှုကြောင့် အနည်းဆုံး ၁၇ ဦးသေဆုံး

မိုဇမ်ဘစ် နိုင်ငံ၏ မြို့တော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုများနှင့်အတူ အမှိုက်ပုံကြီး ပြိုကျရာ လူပေါင်း ၁၇ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။


မာပူတိုမြို့စွန်ရှိ ဆယ်စုနှစ်များစွာ အမှိုက်များ စုပြုံထားရှိရာ ဧရိယာတွင် ဖေဖော်ဝါရီ ၁၉ ရက်က အမှိုက်ပုံ ပြိုကျမှု ဖြစ်ပွားခဲ့ခြင်းဟု ဒေသခံ မီဒီယာများက ဖော်ပြခဲ့သည်။ ထိုနေရာတွင် အမှိုက်ကောက်ပြီး အသက်မွေးနေသည့် အိမ်ခြေရာမဲ့များ စုရုံး နေထိုင်ကြသောကြောင့် ပြိုကျမှု ဖြစ်ချိန်တွင် အသေအပျောက် များခဲ့ခြင်း ဖြစ်သည်။

ကယ်ဆယ်ရေး အဖွဲ့များက အမှိုက်များ ပြိုကျသည့် နေရာကို ရှင်းလင်းဖယ်ရှားမှုများ ပြုလုပ်နေပြီး နောက်ထပ် ရုပ်အလောင်းများ ထပ်မံ ရှာတွေ့လာနိုင်ကြောင်း ဝန်ခံထားသည်။

ဟူလီနီ အမှိုက်ကျင်း ဧရိယာတွင် စုပုံထားသည့် အမှိုက်ပုံကြီးများသည် သုံးထပ်တိုက် တစ်လုံးစာမျှ မြင့်မားလေ့ ရှိသည်။ အမှိုက်ပုံ ပြိုကျမှုနှင့်အတူ အနီးတွင် အဖီဆွဲ၍ ဆောက်လုပ်ထားသည့် တဲငယ်များပါ ပိပြား ပြိုကျသွားခဲ့သည်။

“အဲဒီအိမ်လေးတွေမှာက မိသားစုတွေ စုပြီးနေကြတာ။ အမှိုက်ပုံ တောင်ပို့ကြီးက တည့်တည့် ပြိုကျတဲ့အချိန် အထဲမှာ လူတွေ တော်တော်များများ ရှိနေကြတယ်လို့ ပြောပါတယ်”ဟု ကယ်ဆယ်ရေး လုပ်ငန်းများကို လက်တွေ့ ကြီးကြပ်နေသည့် ဖာတီမာ ဘယ်လ်ချွိုင်က ပြောကြားခဲ့သည်။ သူမက ဒဏ်ရာရသူ အများအပြားလည်း ရှိခဲ့ကြောင်း အတည်ပြုခဲ့သည်။

မာပူတိုတွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မိုးသည်းသည်းထန်ထန် ဆက်တိုက် ရွာသွန်းခဲ့ပြီး အောက်ခံမြေသား နူးပျော့လာခြင်းကြောင့် အမှိုက်ပုံ၏ အလေးချိန်ကို မခံနိုင်ဘဲ ပြိုကျခြင်း ဖြစ်နိုင်ကြောင်း စုံစမ်းစစ်ဆေးရေး အရာရှိများက ကောက်ချက်ချထားသည်။

Ref: EPA

Top News