စိတ်ကျန်းမာရေးဆေးရုံဆင်း လက်မှတ်နှင့် အယူအဆအလွဲများ

ရွာသာကြီးစိတ်ကျန်းမာရေးဆေးရုံအ၀င်ဝဆိုင်းဘုတ်အနီး ဖြတ်သန်းသွာလာနေသူနှစ်ဦးကို တွေ့ရစဉ် (ဓာတ်ပုံ−စိုင်းဇော်)

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝန်းအတွင်းသို့ ဖေဖော်ဝါရီ ၁ ရက်က စိတ်ကျန်းမာရေး ဆေးရုံတက်ခဲ့ရဖူးသည်ဆိုသော ဝင်းနိုင်က ဓာတ်ဆီပုလင်းမီးရှို့၍ ပစ်ပေါက်ခဲ့ပြီးနောက် စိတ်ကျန်း မာရေးဆေးရုံဆင်း လက်မှတ်အရပ်ခေါ် ‘အရူးလက်မှတ်’ အကြောင်း စိတ်ဝင်စားမှု တစ်မုဟုတ်ချင်း မြင့်တက်လာသည်။

ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်တွင်လည်း အဆိုပါလက်မှတ်ရှိသူ၊ ယင်းလက်မှတ်ကိုင်ဆောင်ထားသူသည် ထင်ရာလုပ်၍ရသည်၊ အမှုများ ကျူးလွန်၍ရသည်၊ ယင်းလက်မှတ်ကိုင်ဆောင်ထားပါက ပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ရှိသည် ဟူသည့်သဘော ရေးသားမှုများ၊ ကာတွန်းသရုပ်ဖော်များ၊ မိနစ်တို ဗီဒီယိုဖိုင်များ စသည်တို့ဖြင့် လူမှုကွန်ရက်ပေါ်တွင် အမျိုးမျိုး ရေးသားဖော်ပြလာကြသည်။

စိတ်ကျန်းမာရေးဆေးရုံဆင်းလက်မှတ်သည် ၎င်းဆေးရုံသို့ တက်ရောက်ကုသသည့် မည်သည့်လူနာမဆို ထုတ်ပေးခြင်းဖြစ်သည်။ ယင်းလက်မှတ်ရှိပါက မှုခင်းကျူးလွန်ပါက ပြစ်ဒဏ်မမြောက်ဆိုသည်မှာ အယူအဆ လွဲမှားနေခြင်းဖြစ်ကြောင်း စိတ်ကျန်းမာရေးဆရာဝန်များက ပြောသည်။ ၎င်းစိတ်ကျန်းမာရေး ဆေးရုံဆင်းလက်မှတ်သည် အခြား ဆေးရုံများတွင် တက်ရောက် ကုသရာ၌ရရှိသည့် လူနာစာအုပ်မှတ်တမ်းများနှင့် အတူတူပင် ဖြစ်ပြီး ဆေးရုံဆင်းလက်မှတ် အထောက်အထားတစ်ခုသာ ဖြစ်သည်ဟု စိတ်ရောဂါကု ဆရာဝန်များက ဆိုသည်။

‘‘ဆေးရုံဆင်းလက်မှတ်ရှိရင် တော့ အထောက်အထားတစ်ခု တော့ ရမယ်ပေါ့။ အရင် စိတ်ရောဂါ ဖြစ်ဖူးတယ်၊ ဒီတစ်ခါများ ဖြစ်လို့ လုပ်သလားဆိုတာ တရားသူကြီးက ဘယ်တော့မှ တစ်ခါတည်း မဆုံးဖြတ်ဘူး။ ကျွန်တော်တို့ဆီ ပြန်ပို့တယ်။ ပြန်ပို့ရင် သူ့မှာ စိတ် ရောဂါရှိ၊ မရှိဆိုတာ သေချာပြန်စစ်ဆေးပေးရပါတယ်’’ဟု စိတ်ကျန်းမာရေးဆေးရုံဆင်း လက်မှတ်နှင့်ပတ်သက်၍ လွဲမှားမှုများအပေါ် ရွာသာကြီး စိတ်ကျန်းမာ ရေး ဆေးရုံမှ ပါမောက္ခ/ဌာနမှူး ဒေါက်တာတင်ဦးက ရှင်းပြသည်။

အချို့ မှုခင်းဖြစ်စဉ်များတွင် စိတ်ဝေဒနာရှင်များ ကျူးလွန်သည့် မှုခင်းများရှိသော်လည်း စိတ်ဝေဒနာရှင်ဖြစ်၍ ဥပဒေ၏ ပြစ်ဒဏ်များမှ အလုံးစုံ ကင်းလွတ်ခွင့်မရှိပေ။ ဥပမာ စိတ်ဝေ ဒနာရှင်တစ်ဦးသည် လူသတ်မှုကျူးလွန်ပါက ၎င်းဝေဒနာရှင်တွင် စိတ်ရောဂါခံစားဖူးသည့် ဆေးရုံဆင်းလက်မှတ် အထောက်အထားရှိသော်လည်း အမှုကျူးလွန်သည့်အချိန်တွင် ပုံမှန်အသိစိတ်နှင့် ကျူးလွန်သည်ကို စစ်ဆေးတွေ့ ရှိပါက သာမန်လူများကဲ့သို့ ၎င်း သည်လည်း ပြစ်ဒဏ်ခံယူရမည် ဖြစ်သည်။

‘‘တရားဥပဒေမှာ ရူးတယ်ဆိုပြီးတော့ ကွင်းလုံးကျွတ်လွှတ်တာရှိကိုမရှိပါဘူး။ လူတွေကမသိလို့ လျှောက်ပြောနေကြတာပါ။ အရူးလက်မှတ် ကိုင်ထားပြီး တောင်လုပ် မြောက်လုပ်နေရင် ဒီဟာက အဓိပ္ပာယ်ကိုမရှိပါဘူး။ သူ့စိတ်ရောဂါအလိုက် သေဒဏ် ပေးရမှာမဟုတ်လို့ သေဒဏ်မပေးတာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် စိတ်ကျန်းမာရေးမကောင်းလို့ပါ၊ ရူးလို့ပါလို့ ထပြောလို့မရပါဘူး’’ဟု စိတ်ပညာရှင်ဒေါက်တာခင်မြင့်က ၎င်းအမြင်ကို ပြောသည်။

ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းမြို့တွင် ယာဉ်တိုက်မှုတစ်ခု ကြောင့် သားအဖနှစ်ဦး သေဆုံးသည်။ အဆိုပါယာဉ်တိုက်မှုတွင် ယာဉ်မောင်းဖြစ်သူ တရားခံသည် စိတ်ကျန်းမာရေးဆေးရုံ၌ လေးငါးလခန့် ဆေးရုံတက်ရောက် ကုသဖူးသူဖြစ်သည်။

‘‘အဲဒီတော့ စိတ်ရောဂါရှိတယ်လို့ မိသားစုကထင်တယ်။ ကျွန်တော်တို့ဆီရောက်လာတယ်။ ကျွန်တော်တို့ ကြည့်တဲ့အချိန်မှာ သူကကျိုးကြောင်းဆီလျော်စွာ အကုန်ပြောနိုင်တယ်။ အဲဒီတော့ အမှုဖြစ်တဲ့အချိန်မှာ သူသည် ပုံမှန် စိတ်အနေအထားမှာ ရှိပါတယ်ဆိုပြီး ကျွန်တော်တို့က ပြန် ပြောလိုက်တယ်။ အဲဒီတော့ ထောင်ကျသွားတယ်။ အဲဒီလိုမျိုး ကျွန်တော်တို့ ဘုတ်အဖွဲ့က အချိန်ပေးပြီး အေးအေးဆေးဆေး မေးရတယ်။ စုံထောက်တွေ လုပ် သလို လုပ်ရတာပဲ’’ဟု ပြစ်မှုကျူးလွန်ခဲ့သော စိတ်ဝေဒနာရှင် တစ်ဦး ဖြစ်စဉ်ကို မန္တလေးဆေး တက္ကသိုလ်စိတ်ကျန်းမာရေးပညာ ဌာနမှ ကထိက ဒေါက်တာသက် ဇော်က ရှင်းပြသည်။

စိတ်ဝေဒနာရှင်သည် ပြစ်မှုတစ်ခုခုကျူးလွန်မိပါက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၈၄ အရ ကင်းလွတ်ရမြဲအချက်နှင့် အကျုံးဝင်၊ မဝင်ကို သုံးသပ်ဆုံးဖြတ်ရမည်ဖြစ်ကြောင်း ဥပဒေ၌ ဖော် ပြထားသည်။ သို့သော် စိတ်ဝေဒနာရှင်သည် အထက်တွင် ဖော် ပြသည့်အတိုင်း ပြစ်မှုကျူးလွန်သည်ကို သိရှိပါက ယင်းဥပဒေ ပုဒ်မ ၈၄ အရ အကျုံးမဝင်ဖြစ်ပြီး အမှုသက်သာခွင့်လည်း မရရှိ နိုင်ဘဲ ပြစ်မှုကျခံရမည်ဖြစ်သည်။ ဥပဒေပုဒ်မ ၈၄ ဖြင့် အကျုံးဝင်ပါကမူ ၎င်းသည် အမှုမှ ကင်းလွတ်ခွင့်ရမည်ဖြစ်သည်။

‘‘အမှုတစ်ခုကို ကျူးလွန်လိုက်တဲ့အခါမှာ မှန်သည်မှားသည်ကို ဆုံးဖြတ်နိုင်စွမ်း မရှိဘူးဆိုရင် အဲဒါက ပြစ်မှုမမြောက်ဘူး။ ဒါမှမဟုတ် ဒီလူကို ဓားနဲ့ထိုးလိုက်တာကို သူသိတယ်၊ ပြစ်မှုကျူးလွန်တာကို သူသိတယ်ဆိုရင် အဲဒီအတွက် သူက သက်သာ ခွင့်မရှိဘူး။ ပုဒ်မ ၈၄ နဲ့ အကျုံး မဝင်ဘူး’’ဟု ဒေါက်တာတင်ဦးက ရှင်းပြသည်။

အမှုမှ တရားသေကင်းလွတ်ခွင့်ပြုသည်ဟုဆိုရာတွင် ပြစ်မှု ဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ၄၇၁ အရ ရုံးတော်မှ ယင်းတရားခံကို စိတ်ကျန်းမာရေး ဆေးရုံသို့ ပေးပို့ ၍ ထိန်းသိမ်းထားရမည်ဆိုသော အမိန့်ကိုပါ တစ်ဆက်တည်း ချမှတ်ခြင်းပင်ဖြစ်သည်။

ထိုအခါ စိတ်ကျန်းမာရေး ဆေးရုံ၌ ထိုသူသည် ခြောက်လ တစ်ခါနှင့် ၁၂ ကြိမ် ဘုတ်အဖွဲ့ စစ်ဆေးမှုခံယူရပြီး စုစုပေါင်း ခြောက်နှစ်ခန့် ကြာမြင့်အောင် စိတ်ကျန်းမာရေးဆေးရုံ၌ နေထိုင်ရသည်။

ဘုတ်အဖွဲ့တွင် ဆေးတက္ကသိုလ်များမှ သမားတော်ကြီးများ၊ ရှေ့နေများ၊ ဆေးရုံကခန့်ထား သော မြို့မိမြို့ဖများ၊ စိတ်ရောဂါကုဆရာဝန်များ ပါဝင်သည်။

‘‘၁၂ ကြိမ် ဆက်တိုက် ကောင်းမှ အိမ်ပြန်ခွင့်ရှိတယ်။ ၁၀ ကြိမ်ပြီးသွားလို့ ၁၁ ကြိမ်မြောက် မှာ ပြန်ဖောက်ရင် တစ်ကပြန်စတယ်။ အဲဒီမှာမှ ၁၂ ကြိမ်ပြည့်သွားရင် ဘာလုပ်ရလဲဆိုတော့ စာတစ်တန်ပေတစ်တန်နဲ့ သူတို့က ကောင်းသွားပါပြီဆိုပြီးတော့ အဲဒါ ကို တရားရုံးတွေရော၊ ရဲစခန်းတွေ ရော ကျန်းမာရေးဝန်ကြီးဌာန အကုန်တင်ရတယ်။ ဥပဒေအရဆိုရင် သမ္မတကြီးကပဲ လွှတ်ခွင့်ရှိတာ အဲဒီလူကို။ စာတင်တာ ၁၃၊ ၁၄ နှစ်ကြာပြန်စာမရရင် နောက် ဆုံးတော့ ဘုတ်အဖွဲ့နဲ့ပဲ လူနာတွေ ကို ပြန်ဆင်းပေးလိုက်ရတာ ရှိတယ်’’ဟု ဒေါက်တာသက်ဇော် က ဆိုသည်။

ရွာသာကြီး စိတ်ကျန်းမာရေး ဆေးရုံမှုခင်းဆောင်တွင် စိတ် ဝေဒနာရှင် ၃၀ ကျော်ရှိသည့် အနက် ပုဒ်မ ၄၆၆ အရ အမှုစစ် ဆေးဆဲကာလအတွင်း စိတ်ရော ဂါရှိ၊ မရှိ စစ်ဆေးပေးနေရသည့် လူနာကိုးဦးနှင့် ပုဒ်မ ၄၇၁ အရ အမှုမှ တရားသေလွှတ်ပြီး ဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည့် လူနာ ၁၇ ဦးရှိသည်။

‘‘သူကရူးသွပ်နေတဲ့အတွက် ဖုန်းကိုရိုက်ခွဲပါတယ်လို့၊ သူက ရူးသွပ်နေတဲ့အချိန်မှာပဲ ဘာဖြစ်ပါတယ်လို့ အဲဒီလိုဆိုရင် အဲဒီအမှုကို တရားရုံးက လွှတ်ပစ်တာမဟုတ်ဘူး။ သူရူးမှုအဖြစ်စစ်ရတယ်။ မစစ်ခင်မှာ သူက တကယ်လို့ အမှုကို ခုခံချေပနိုင်လောက်တဲ့ အသိဉာဏ်မရှိသေးဘူး၊ ရူး သွပ်နေတုန်းပဲဆိုရင် စိတ်ရောဂါကုဆေးရုံကို စိတ်ရောဂါကု ဆရာဝန်ရဲ့ ထောက်ခံချက်နဲ့ ပေးပို့ပြီး တော့ ကောင်းတဲ့အထိ သူ့ကို အဲ ဒီမှာကုရတာ။ ကောင်းတဲ့အခါကျ တော့မှ သူ့အမှုကို သူအမှန်တကယ် ထုချေနိုင်တဲ့ အခြေအထား ရောက်သွားပြီဆိုရင် အဲဒီအချိန် ကြရင် သူအပြစ်ရှိ၊ မရှိ ထုတ်စစ်ရတယ်’’ ဟု သူရူးအမှုကို စီရင်ချက် ချခဲ့ဖူးသည့် အငြိမ်းစားတရားသူ ကြီးလည်းဖြစ်၊ စာရေးဆရာလည်း ဖြစ်သော ဆရာပြေလွင်မြင့်က ရှင်း ပြသည်။

၎င်းကဆက်လက်၍ ‘‘လူတစ်ယောက်က ရူးလား၊ မရူးလားဆိုတာ စိတ်ရောဂါကုဆရာဝန် တွေက သိတယ်။ သူတို့မှာ ခွဲခြားသိနိုင်တဲ့ စစ်ဆေးချက်တွေရှိတယ်။ အရူးဖြစ်ကြောင်းဟန်လုပ် နေတာဆိုလည်း ဟန်လုပ်မှန်းသိ တယ်။ ရူးချင်ဟန်ဆောင်ပြီး လုပ် တယ်ဆိုတာမရဘူး။ ပေါ်တာပဲ။ အခင်းဖြစ်ပွားချိန်မှာ သူတကယ် ရူးနေလား၊ မရူးနေလားဆိုတာကို တရားသူကြီးက ကျူးလွန်သူရော၊ ဆရာဝန်တွေရော၊ ပတ်ဝန်းကျင် အထောက်အထားတွေရော သေ ချာစစ်ပြီးတော့မှ ဆုံးဖြတ်ရတာ တကယ်လို့ စိတ်ရောဂါရှိတယ်ဆို သူ့ဟာသူ ဘယ်နှနှစ်ဖြစ်ဖြစ် ကောင်းတဲ့အထိ ကုရတယ်။ တချို့ကတော့ ပြန်ကို မကောင်းတော့ဘူး။ တချို့ကတော့ ကောင်းလို့ ပြန်ထုတ်ပြီးတော့ လူကောင်းတစ် ယောက်လို၊ သာမန်တရားခံတစ် ယောက်လို စစ်ရတဲ့ဟာမျိုးတွေရှိ တယ်။ သူ့ဟာသူစိတ်ရောဂါကု ဆေးရုံမှာ ဘယ်နှနှစ်နေနေ အမှု ကတော့ ပျက်ပြယ်မသွားဘူး’’ ဟု ဆိုသည်။

ပြင်ပလောကတွင် သာမန်လူသတ်မှုတစ်ခု ကျူးလွန်ပါက အချိန် ငါးနှစ်ခန့်ဖြင့် ပြန်လည်လွတ်မြောက်နိုင်ခြေများ ရှိသော်လည်း ရွာသာကြီးဆေးရုံတွင်မူ အနိမ့်ဆုံး ခြောက်နှစ်အထိ ဆေး ကုသမှုခံယူရမည်ဖြစ်ပြီး မည် သည့်အချိန်တွင် လွတ်မြောက်နိုင်မည်ကို ကြိုတင်တွက်ဆ၍ မရ ပေ။ ထို့အပြင် အမှုအကြီး၊အသေး ပေါ်မူတည်ပြီး ပြစ်ဒဏ်လျှော့ပေါ့ မှုမရှိဘဲ အမှုကျူးလွန်သူသည် ပြစ်မှုတိုင်း၌ ခြောက်လတစ်ခါဖြင့် ၁၂ ကြိမ် (ခြောက်နှစ်) ဆေးကု သမှု ခံယူရမည်ဖြစ်သည်။

အမှုတွင် တရားခံဘက်မှ ပြစ်မှုဖြစ်ပွားစဉ်  စိတ်ဝေဒနာခံစားနေရသဖြင့် ဘာဖြစ်ခဲ့မှန်းမသိဟု ထုချေငြင်းဆိုသည်များရှိသည်။ အချို့မှာလည်း စိတ်ကျန်းမာရေးချို့တဲ့သူ၏ ဆေးရုံ ဆင်းလက်မှတ် တစ်နည်းအားဖြင့် အရပ်ထဲ ခေါ်ဆိုနေသည့် ‘အရူးလက်မှတ်’ ကိုင်ဆောင်ထားလျှင် ပြစ်ဒဏ်ကင်းလွတ်ခွင့်ရှိကြောင်း ထင်မြင်နေသူများရှိသည်။

မည်သို့ပင်ဆိုစေကာမူ ယင်းလက်မှတ်သည် သာမန်ဆေးရုံဆင်းလက်မှတ်တစ်ခုသာဖြစ်ပြီး အထင်အမြင်မှား၊ အယူအဆမှားများဖြင့် ယင်းလက်မှတ်ကြောင့် ပြစ်မှုကျူးလွန်ပါက စိတ်ကျန်းမာ ရေးဆေးရုံ၌ စိတ်ဝေဒနာရှင်များ နှင့်အတူတူ နေထိုင်ရင်း ဘဝနေဝင်ချိန်များ ကုန်ဆုံးသွားနိုင်သည့် အခြေအနေများရှိသည်ကို သတိ ပြုရမည်ဖြစ်သည်။

‘‘အဲဒီ စာအုပ်အကြောင်းမသိလို့ အဲဒီစာအုပ်ကိုင်ထားမှ ပိုပြီးတောင် ဆိုးရွားသွားတာရှိတယ်’’ဟု ဒေါက်တာသက်ဇော်က ဆိုသည်။

Top News