ဆီးရီးယားစစ်တပ် ဗုံးကြဲနေသည့် ဒေသတွင် အခြေအနေများ အလွန်ဆိုးရွားနေနိုင်ဟု ကုလသမဂ္ဂဆို

ဆီးရီးယား စစ်တပ်က ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်ခဲ့သည့် အရှေ့ဂူတား ဒေသတွင် အခြေအနေများ မမျှော်မှန်းနိုင်လောက်အောင် ဆိုးရွားနေနိုင်ကြောင်း ကုလသမဂ္ဂ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ဆီးရီးယားအရေး စောင့်ကြည့်ကိုင်တွယ်ရန် ကုလသမဂ္ဂက ခန့်အပ်ထားသည့် အရာရှိ ပါနို့စ် မွမ်းတစ်ဇ်က ဒမတ်စကက် မြို့စွန်ရှိ အရှေ့ဂူတားတွင် ငရဲခန်းသဖွယ် အခြေအနေ ဆိုးနေနိုင်ကြောင်း ဝန်ခံခဲ့သည်။ ဗြိတိန် အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က အရှေ့ဂူတားတွင် ၄၈ နာရီအတွင်း လူပေါင်း ၂၅၀ ထက်မနည်း သေဆုံးခဲ့ကြောင်း ကြေညာထားသည်။

အရှေ့ဂူတားကို အစိုးရ ဆန့်ကျင်ရေး သူပုန်တပ်များက နှစ်အတန်ကြာ ထိန်းချုပ်ထားပြီး ယခုအခါ ဆီးရီးယား စစ်တပ်က ထိုနယ်မြေကို ပြန်လည် သိမ်းယူရန် အစပြု ကြိုးစားလာသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း သူပုန် အခြေစိုက် စခန်းများနှင့် အနီးအနားရှိ လူနေ ဧရိယာများသို့ ဆီးရီးယား လေတပ်က ကြဲချသော ဗုံးများနှင့် လက်နက်ကြီးတပ်က ပစ်ခတ်သော အမြောက်ဆန်များ တဖွဲဖွဲ ကျဆင်းခဲ့သည်။ ဆီးရီးယား ကြည်းတပ်သည် မကြာမီတွင် အရှေ့ဂူတားသို့ မြေပြင်ထိုးစစ် စတင်ဆင်နွှဲမည်ဟုလည်း ယုံကြည်ရသည်။

မွမ်းတစ်ဇ်က “သတင်းတွေကတော့ လုံးဝ မကောင်းပါဘူး။ အဲဒီနေရာမှာ အခြေအနေက မှန်းကြည့်လို့ မရအောင် ဆိုးနေပုံပေါ်တယ်။ ဒေသခံတွေအတွက် အကြီးအကျယ် ကပ်ဘေးသင့်သလို ဖြစ်နေပါတယ်”ဟု ပြောကြားခဲ့သည်။

ဆီးရီးယား စစ်တပ်ကမူ ၎င်းတို့သည် အရှေ့ဂူတားကို အကြမ်းဖက်သမားများ လက်အောက်မှ လွတ်မြောက်စေရန် စစ်ဆင်နေခြင်းဟု ကြေညာထားသည်။

ဆီးရီးယား လူ့အခွင့်အရေး အဖွဲ့၏ ထုတ်ပြန်ချက်အရ ၄၈ နာရီအတွင်း ယင်းဧရိယာ၌ ဗုံးနှင့် လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲ၍ ကလေးငယ် ၆၀ နီးပါး၊ အမျိုးသမီး ၄၀ ကျော် အပါအဝင် လူပေါင်း ၂၅၀ ထက်မနည်း အသက်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

မြို့ခံတစ်ဦးဖြစ်သည့် ဖီရက်စ် အက်ဘ်ဒူလာက “သူတို့အိမ်တွေထဲကနေ ကလေးတွေ၊ အမျိုးသမီးတွေ အော်ဟစ် ငိုယိုနေတာကို ကြားနေရပါတယ်။ ကျွန်တော်တို့ မြို့ခံတွေအပေါ်ကို ဒုံးကျည်တွေ၊ ဗုံးဆန်တွေက မိုးရွာသလိုကို ကျလာတာ။ ဒီအိပ်မက်ဆိုးကြီးကနေ ထွက်ပြေးစရာ မြေမရှိပါဘူး။ ပြီးတော့ ဒီဖြစ်ရပ်တွေက အဆုံးလည်း သတ်မသွားဘူး”ဟု BBCသို့ ပြောကြားခဲ့သည်။

ကုလသမဂ္ဂက ဆီးရီးယား စစ်တပ်ရော၊ သူပုန်များကိုပါ အပစ်အခတ် အမြန်ဆုံး ရပ်စဲပြီး လူသားချင်း စာနာမှုဆိုင်ရာ အထောက်အပံ့များ ပေးပို့နိုင်ရေး အလျင်အမြန် ဆောင်ရွက်ခွင့်ရရန် တောင်းဆိုထားသည်။ တိုက်ပွဲများအတွင်း အရှေ့ ဂူတား၌ အနည်းဆုံး လူပေါင်း ၁၂၀၀ ကျော် ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်းလည်း သိရသည်။

Ref: BBC

Top News