မန်းသင်္ကြန်တွင် ကျုံးဧရိယာထက်ဝက်သာ ပုဂ္ဂလိကမဏ္ဍပ်များ ဆောက်လုပ်ခွင့်ပြုရန်လျာထား

ယမန်နှစ် သင်္ကြန်အကြိုနေ့ ညနေက မန္တလေးမြို့ ကျုံးအရှေ့ဘက်ခြမ်းရှိ မဏ္ဍပ်များတွင် ပျော်ရွှင်စွာရေကစားနေကြစဉ် (ဓာတ်ပုံ − ထက်သာဦး)

မန္တလေးမြို့သင်္ကြန်တွင် ကျုံးပတ်လည်ဧရိယာ၏ ထက် ဝက်ကိုသာ ပုဂ္ဂလိကသင်္ကြန် မဏ္ဍပ်များ ဆောက်လုပ်ခွင့်ပြုရန် လျာထားကြောင်း မန္တလေးမြို့ တော် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောကြားသည်။


ပုဂ္ဂလိကသင်္ကြန်မဏ္ဍပ်များ ကို ကျုံးပတ်လည်လေးမျက်နှာ အနက် ကျုံးမြောက်ဘက်ခြမ်း၊ ကျုံးအနောက်ဘက်ခြမ်း ၂၆ လမ်း မှ ၁၉ လမ်းအထိ၊ ကျုံးအရှေ့ ဘက်ခြမ်း ၁၉ လမ်းမှ ၁၂ လမ်း အထိ နေရာများတွင်သာ ဆောက်လုပ်ခွင့်ပေးရန် လျာထားသတ် မှတ်ထားကြောင်း ဦးကျော်ဆန်း မြင့်ကပြောသည်။

‘‘ခွင့်ပြုပေးမယ့် မဏ္ဍပ်အ ရေအတွက်ကတော့ မသိရသေး ဘူး။ ခုမှ ဒီဇိုင်းဆွဲနေတုန်းပဲ’’ဟု ၎င်းကဆိုသည်။

ကျုံးအရှေ့ဘက်ခြမ်း ၂၆ လမ်းမှ ၁၉ လမ်းအထိ တိုင်းဒေသကြီးလွှတ်တော်မဏ္ဍပ် ရှိမည်ဖြစ်ပြီး အဆိုပါမဏ္ဍပ်နှင့် လွတ်သည့်နေရာ၌ ညပိုင်းတွင် တောသင်္ကြန်ညဈေး ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ ကျုံးအနောက်ဘက် ခြမ်း ၁၉ လမ်းမှ ၁၂ လမ်းအထိ မိသားစုများ ရေစုပ်စက်များဖြင့် ရေကစားခွင့် ပြုမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

မန္တလေးမြို့တွင် ပြီးခဲ့သည့် နှစ် သင်္ကြန်က စတင်ကာ ယခင် နှစ်များက အဓိကစည်ကားခဲ့သည့် ကျုံးတောင်ဘက်ခြမ်း၌ မဏ္ဍပ်များ တည်ဆောက်ခွင့်မပြုခဲ့ဘဲ လမ်းလျှောက်သင်္ကြန် ကျင်းပခဲ့ သည်။

ယခုနှစ်တွင် လွှတ်တော် သင်္ကြန်မဏ္ဍပ်နှင့် တောသင်္ကြန် ညဈေး ကျင်းပမည့်နေရာသည် ပြီးခဲ့သည့်နှစ်သင်္ကြန်၌ မဏ္ဍပ်လေလံကြေး အများဆုံးရရှိခဲ့သည့် နေရာများဖြစ်သည်။

ပြီးခဲ့သည့် နှစ်ကူးသင်္ကြန်ပွဲ တွင် မန္တလေးကျုံးတောင်ဘက် ခြမ်းကလွဲ၍ ကျုံးသုံးမျက်နှာ၌ ပုဂ္ဂလိကသင်္ကြန်မဏ္ဍပ်များ ဆောက် လုပ်ခွင့်ပြုခဲ့သည်။

Top News