မွန်တီနီဂရိုးရှိ အမေရိကန် သံရုံးအနီး လက်ပစ်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး တစ်ဦးသေဆုံး

မွန်တီနီဂရိုး နိုင်ငံတွင် အမေရိကန် သံရုံးထဲ လက်ပစ်ဗုံး ပစ်သွင်းရန် ကြိုးစားရာမှ ဗုံးပေါက်ကွဲ၍ လူတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။


ဖေဖော်ဝါရီ ၂၂ ရက် အရုဏ်မတက်မီ မနက်အစောပိုင်းက ပေါ်ပေါက်ခဲ့သော ဖြစ်ရပ်နှင့် ပတ်သက်၍ လတ်တလောတွင် စုံစမ်းမှုများ ပြုလုပ်နေဆဲဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။

နိုင်ငံခြားရေး ဝန်ကြီးဌာန အရာရှိ တစ်ဦးဖြစ်သည့် စတိဗ်ဂိုးလ်စတိန်းက လက်ပစ်ဗုံးသည် လေထဲတွင် ရှိနေချိန်၌ ပေါက်ကွဲသွားကြောင်း ယူဆရပြီး သေဆုံးသူမှာ သံရုံးနံရံနှင့် ပေ ၁၀၀ မျှ အကွာတွင် ရှာတွေ့ခဲ့ကြောင်း ပြောကြားခဲ့သည်။

လက်ပစ်ဗုံး ပစ်ခတ်မှု ကျူးလွန်သူမှာ တစ်ဦးတည်း ဟုတ်မဟုတ် ဆိုသည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးချေ။ ထို့အပြင် ထိုသူ၏ ရည်ရွယ်ချက်ကိုလည်း စုံစမ်းနေဆဲဟု ဂိုးလ်စတိန်းက ဆိုသည်။

မွန်တီနီဂရိုး အစိုးရကမူ အမည်မသိသူ တစ်ဦးသည် လက်ပစ်ဗုံးကို အသုံးပြု၍ မိမိကိုယ်ကို သေကြောင်းကြံစည်ခဲ့သည်ဟု ယုံကြည်ကြောင်း ကြေညာခဲ့သည်။ 

မွန်တီနီဂရိုး၏မြို့တော် ပေါ့ဒ်ဂေါ်ရီဆာတွင် တည်ရှိသော အမေရိကန် သံရုံးက လုံခြုံရေး နိုးကြားအဆင့် သတ်မှတ်ထားရသည့် အခြေအနေတစ်ရပ် ကြုံတွေ့ခဲ့ကြောင်း မနက်အစောပိုင်းတွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

လက်ပစ်ဗုံး ပေါက်ကွဲမှုကြောင့် သံရုံးတွင် ထိခိုက်မှုနှင့် အခြားသူများ ဒဏ်ရာရမှု မရှိဟုလည်း သတင်းများက ဖော်ပြသွားသည်။

Ref: Fox News

Top News