အကျဉ်းသားများကို ရိုက်နှက်ထိုးကြိတ်သည့် ထောင်ဝန်ထမ်းသုံးဦးကို အရေးယူရန် လူ့အခွင့်အရေးကော်မရှင် တိုက်တွန်း

မင်းကုန်းစခန်းရှိ အ ကျဉ်းသားများအပေါ် ရိုက်နှက် ထိုးကြိတ်သူ အကျဉ်းဦးစီးဌာနမှ ဝန်ထမ်းသုံးဦးကို ပြည်ထဲရေးဝန် ကြီးဌာနက စိစစ်အရေးယူရန် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေးကော်မရှင်က တိုက်တွန်းခဲ့သည်။

ကော်မရှင်က ဖေဖော်ဝါရီ ၁၄ ရက်တွင် လှည်းကူးမြို့နယ် မင်းကုန်း စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှု အတတ်သင်စခန်း သို့ သွားရောက်စစ်ဆေးရာ အ ကျဉ်းသားများအပေါ် ရိုက်နှက် ခြင်း၊ ထိုးကြိတ်ခြင်း၊ မတန်တဆ ခိုင်းစေခြင်း၊ ကြမ်းတမ်းစွာ ဆဲဆို ကြိမ်းမောင်းခြင်း ပြုလုပ်သည့် အ ကျဉ်းဦးစီးဌာန ဒုတိယတာဝန်ခံ၊ လက်ထောက်ကြီးကြပ်ရေးမှူးနှင့် ဝန်ထမ်းတစ်ဦးကို လိုအပ်သည့်စိစစ်မှုများပြုလုပ်ပြီး ထိုက်သင့် သလို အရေးယူသင့်ကြောင်း ဖေ ဖော်ဝါရီ ၁၉ ရက်က အကြံပြု တိုက်တွန်းထားသည်။


‘‘အကျဉ်းသားတွေကို စိတ် ဓာတ်ပြုပြင်ရေးမလုပ်ဘဲနဲ့ သက် သက်ညှဉ်းပန်းနှိပ်စက်နေရင် ဒါ က လူ့အခွင့်အရေးချိုးဖောက်တာ ဖြစ်တယ်။ ဒါမျိုးတွေ နောင်မဖြစ် အောင် လှည့်လည်စစ်ဆေးပြီး တားဆီးမှုတွေ လုပ်တယ်။ တွေ့ ရှိရင်လည်း အရေးယူခိုင်းတယ်။ ပြည်ထဲရေးကတော့ အန်ကယ်တို့ အကြံပြုချက်အတိုင်း ပြုပြင် ပြောင်းလဲမှုတွေ လုပ်ပေးပါ တယ်’’ဟု ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်ကပြောသည်။

ထို့အပြင် မင်းကုန်းစခန်းအ တွင်း တားမြစ်ပစ္စည်းဖြစ်သည့် လက်ကိုင်ဖုန်းသွင်းခြင်း၊ ပြန်လည်ဖမ်းဆီးခြင်း၊ ပြန်ရောင်းခြင်း၊ ထောင်ဝင်စာထုပ်များထဲမှ ဆေး လိပ်၊ ကွမ်းများသိမ်းဆည်းခြင်း စသည့် အလွဲဆောင်ရွက်နေမှုများ ကို စိစစ်လေ့လာ၍ လိုအပ်သလိုတားဆီးသင့်ကြောင်း ကော်မရှင်က အကြံပြုတိုက်တွန်းထားသည်။

 ‘‘ဖုန်းသွင်းတာတို့၊ ပြန် ရောင်းတာတို့က စခန်းက ဝန် ထမ်းတွေပဲ လုပ်ကြတာ။ ဖြစ်စဉ် အားလုံးကတော့ ဆက်စပ်ပတ် သက်နေတာချည်းပဲ။ အဲဒီ ဖုန်း တွေကို ထောင်ထဲမှာပဲ ပေါချောင် ကောင်းဈေးနဲ့ ပြန်ရောင်းကြတာ ပေါ့’’ဟု ၎င်းကပြောကြားသည်။

ယခုကဲ့သို့ ဖြစ်စဉ်မျိုးသည် လက်ရှိ အကျဉ်းထောင်များနှင့် အကျဉ်းစခန်းများ၌ ဖြစ်ပွားမှုနှုန်း လျော့နည်းပြီး ၂၀၁၆ အောက်တို ဘာတွင် မြင်းခြံအကျဉ်းထောင်၌ သာ အဆိုပါဖြစ်စဉ်မျိုး အဆိုးရွား ဆုံးဖြစ်ပွားကြောင်း ဦးယုလွင် အောင်ကဆိုသည်။

ထို့အပြင် မြန်မာနိုင်ငံ အမျိုး သားလူ့အခွင့်အရေး ကော်မရှင် က ခေါ်ယူတွေ့ဆုံမေးမြန်းသော အကျဉ်းသား ၂၁ ဦးအပေါ် အငြိုး အတေးထား၍ ဆက်ဆံခြင်း၊ အခြား အကျဉ်းထောင်များသို့ ပြောင်းရွှေ့ခြင်းများ အပါအဝင် လက်တုံ့ပြန်မှုမပြုစေရေး ကော်မ ရှင်ဥပဒေပုဒ်မ ၃၈ အရ အလေး ထားဆောင်ရွက်ရန် အကြံပြုထား သည်။

ဌာနက သတ်မှတ်ထားသည့် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်း များအပြင် အခြားပြင်ပပုဂ္ဂလိက လုပ်ငန်းများသို့ အကျဉ်းသားများ အား ခိုင်းစေခြင်းကို ပြန်လည် စိစစ်၍ ပြုပြင်စေပြီး တရားဝင် လုပ်ငန်းများသာ လုပ်ကိုင်စေသင့် ကြောင်း ကော်မရှင်က ဆိုထား သည်။

အကျဉ်းစခန်းရှိ တဲထရံများ နေရာ၌ အုတ်များ အစားထိုးကာရံရန် အကျဉ်းသားများကို အုတ်ရိုက်ခိုင်းစေသည့်အပြင် ရိုက်ပြီးသားအုတ်များကို ပြင်ပပုဂ္ဂလိကလုပ်ငန်းသို့ တင်သွင်းခြင်း လုပ်ဆောင်နေခြင်းကြောင့် ဌာနက  ခွင့်ပြုထားသော စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကိုသာ လုပ်ကိုင်စေလိုကြောင်း ဦးယုလွင်အောင် ကဆိုသည်။

မင်းကုန်းစခန်းရှိ အကျဉ်း သား ၂၁ ဦးနှင့် တွေ့ဆုံမေးမြန်း ရာမှ လေ့လာတွေ့ရှိချက်များကို အကြံပြု တိုက်တွန်းချက်တွင် ထည့်သွင်းရေးသားထားသည်။

အကျဉ်းထောင်အတွင်း အကျဉ်းသားများ ကြုံတွေ့နေရသော အခက်အခဲများနှင့်ပတ်သက်၍ အကျဉ်းသားဟောင်း စာရေးဆရာ အင်းစိန်အောင်စိုးက ‘‘ထောင်ထဲမှာ ခေါင်းအုံးနဲ့အိပ်ဖို့ ပေးနေရတုန်း၊ ဘေးတိုက်အိပ်ဖို့အတွက် ပေးနေရတုန်း၊ အလုပ်အကိုင် မလုပ်ရဖို့ ပေးနေရတုန်း၊ ရဲဘက်စခန်းကို လိုက်ရဖို့ ပေးနေရတုန်း။ ရာထူးရဖို့အတွက် ပေးနေရတဲ့ အခြေအနေတွေရှိနေသေးတယ်’’ဟု လွတ်မြောက်လာသည့် အ ကျဉ်းသားများနှင့် အကျဉ်းကျသူများ၏ မိဘများမှတစ်ဆင့် သိရ ကြောင်း ပြောပြသည်။

ဆက်လက်၍ အိပ်ဆောင် များရှိ ညမိလ္လာနှင့် ရေကန်များ သန့်ရှင်းမှုမရှိခြင်းနှင့် အနံ့အသက် မကောင်းခြင်းကြောင့် သန့်ရှင်း ရေး ဆောင်ရွက်ပေးခြင်း၊ နေ့ မိလ္လာနှင့် အကျဉ်းသားအင်အားမျှတမှု မရှိခြင်းကြောင့် အကျဉ်းသားအရေအတွက်နှင့် အချိုးကျ မိလ္လာများ တိုးချဲ့ဆောက်လုပ် ပေးခြင်း စသည့်လိုအပ်ချက်များ ဆောင်ရွက်ပေးရန် ကော်မရှင်က တိုက်တွန်းထားသေးသည်။

More in News Section

Top News