ဗုဒ္ဓသာသနာနှင့် မလျော်ညီသည့်ကိစ္စများ ပြုမူပြောဆိုနေသည့် သံဃာတော်အချို့ကို သာသနာတော် သန့်ရှင်းရေးအတွက် အရေးယူသင့်ကြောင်း နိုင်ငံတော်သြဝါဒါစရိယဆရာတော်များ တိုက်တွန်းမိန့်ကြား

ပူးပေါင်းဆောင်ရွက်မှုလိုနေသေး၍ ချက်ချင်းအရေးမယူနိုင်ခြင်းဟု သူရဦးအောင်ကိုပြော

သံဃာတော်အချို့သည် ဗုဒ္ဓသာသနာတော်နှင့်လျော်ညီမှု မရှိသည့်ကိစ္စများကို ပြုမူပြောဆိုဆောင်ရွက်နေပြီး သာသနာတော်သန့် ရှင်းရေးအတွက် ထိုသို့ပြုမူဆောင်ရွက်မှုများကို အရေးယူသင့်ကြောင်းနိုင်ငံတော်သြဝါဒါစရိယ ဆရာတော်များက တိုက်တွန်းမိန့်ကြားသည်။

ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလိုဏ်ဂူတော် ၌ ဖေဖော်ဝါရီ ၂၃ ရက်တွင် ကျင်းပသည့် သတ္တမအကြိမ် နိုင်ငံတော် ဗဟိုသံဃာ့ ဝန်ဆောင်အဖွဲ့ ဆဋ္ဌအစည်းအဝေး၌ နိုင်ငံတော်သြဝါဒါစရိယ ဆရာတော်များက သြဝါဒကထာများပေးပို့ရာတွင် အထက်ပါအတိုင်း ထည့်သွင်းဖော်ပြထားသည်။

သံဃာတော်အချို့သည် ဘုရားရှင်၏အဆုံးအမနှင့် ဆန့်ကျင်၍ သာသနာတော်ပျောက်ကွယ်သွားအောင် ဟောပြောနေသဖြင့် အရေး ယူသင့်ကြောင်း မုဒုံမြို့နယ် ကမာဝက်မြို့ ဓာတ်တော်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တပါလိတာ၏သြဝါဒတွင် ဖော်ပြထားသည်။

သံဃာတော်များ ဝိနည်းတရားတော်နှင့်အညီ ကျင့်ကြံသီတင်း သုံးနေထိုင်ရေး သံဃာအချင်းချင်း ကြီးကြပ်ထိန်းသိမ်းရမည်ဖြစ်ပြီး ပရိယတ္တိသာသနာတော်တိုးတက်ပြန့်ပွားရေး၊ ပိဋကတ်တော်နှင့်မညီသည့် ရေးသား၊ ဟောပြော၊ ပြသ၊ ပြုလုပ်ခြင်းများကို တားဆီးကာကွယ်ရ မည်ဖြစ်ကြောင်း နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်အဖွဲ့ဥက္ကဋ္ဌ ဗန်း မော်ဆရာတော်က မိန့်ကြားသည်။       ‘‘၁၀ ရာခိုင်နှုန်းကျော်လောက်ရှိတဲ့ သံဃာတချို့က ဓူရနှစ်ပါးမှာ တစ်ပါးမှ မကျင့်ကြံဘဲနဲ့ သင်္ကန်းဆီးထားပြီးတော့၊ သင်္ကန်းရဲ့အရှိန်အဝါကို အကာအကွယ်ယူပြီးတော့ သာသနာတော်နဲ့ ဆန့်ကျင်တဲ့၊ မသက်ဆိုင်တဲ့ လုပ်ရပ်တွေ လုပ်နေတာရှိပါတယ်’’ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက သတင်းထောက်များအား အစည်းအဝေး ခေတ္တရပ်နားစဉ် ပြောသည်။

ထိုသို့ ဆောင်ရွက်နေသည့် သံဃာတော်များအနက် အများစုကို သံဃာ့လုပ်ထုံးလုပ်နည်းများ နှင့် အညီ အရေးယူနိုင်သော်လည်း အချို့ကိုမူ ရပ်ရွာအေးချမ်းသာ ယာရေးနှင့် တရားဥပဒေစိုးမိုးမှု အပေါ် ထိခိုက်မှုရှိ၊ မရှိ တွက်ဆ နေရခြင်းကြောင့် လတ်တလော အရေးယူနိုင်ခြင်းမရှိကြောင်း ၎င်း က ဆိုသည်။

သို့သော် အရေးမယူနိုင်သေး သည့် ကိစ္စများကို မှတ်တမ်းတင် ထား၍ စောင့်ကြည့်နေကြောင်း ပြည်ထောင်စုဝန်ကြီး သူရဦး အောင်ကိုက ဆက်လက် ပြော သည်။ ‘‘ဒါတွေက မှတ်တမ်းတင် ထားတဲ့ ကိစ္စတွေ ဖြစ်ပါတယ်။ ချက်ချင်း အရေးမယူနိုင်သေးပါ ဘူး။ အဲဒါလည်း အစိုးရအဖွဲ့အ တွင်းမှာရှိတဲ့ တရားဥပဒေစိုးမိုး ရေးကို ဆောင်ရွက်ရန် တာဝန်ရှိ တဲ့ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေက အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မှု လိုနေသေးလို့ ဖြစ်ပါတယ်’’ ဟု ၎င်းက ပြောကြားသည်။

သာသနာတော်သန့်ရှင်းစွာ တည်တံ့ပြန့်ပွားရေး သံဃာတော် များ၊ အစိုးရ၊ ဒါယကာ၊ ဒါယိကာမတို့အချိတ်အဆက် မိမိပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ပြီး လက်ရှိ တွင် သံဃာတော်အချို့က မသင့်လျော်သည့် ကိစ္စများ ဆောင်ရွက် ခြင်းရှိနေကြောင်း ပြည်မြို့ ဇောတိကာရုံ ပါဠိတက္ကသိုလ်ကျောင်း တိုက်ဆရာတော် ဘဒ္ဒန္တကုဏ္ဍလ ဇောတိက မိန့်ကြားသည်။

‘‘တချို့ရှင်ရဟန်းကိုယ်တိုင် မော်တော်ကားမောင်းခြင်း၊ ဆိုင် ကယ်မောင်းခြင်းကို အမြင်မတော် မသင့်လျော်လွန်းသောကြောင့် အသိဉာဏ်ပေးသင့်ပါသည်ဘုရား၊ အမြင်မတော် မသင့်လျော်တာ တွေ တော်တော်များများ တွေ့မြင်ကြားသိနေရပါသောကြောင့် အရှင်ဘုရားတို့၊ တပည့်တော်တို့ ဓမ္မစက်ဘက်ကသာ ဓမ္မဝိနယနှင့် အညီ သတိထားဆောင်ရွက်ကြ ပါစို့’’ဟု ၎င်းက တိုက်တွန်းသည်။

လက်ရှိ သာသနာတော်အ တွင်း ပရိယတ္တိသာသနာအလွန် အားနည်းနေပြီး အချို့သော ရဟန်း၊ သာမဏေများသည် စာပေကျမ်းဂန်သင်ကြားလိုစိတ်မရှိဘဲ တယ်လီဖုန်း စသော အခြားအာရုံများကိုသာ နေ့စဉ် လုံ့လပြု၍ အချိန်ကုန်စေကြောင်း ပုသိမ်မြို့ နိဂြောဓာရုံညောင်ပင်သာ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝိသုတ၏သြဝါဒကထာတွင် ပါရှိသည်။

သာသနာတော် ရေရှည် တည်တံ့ရေး သာသနာတော်၏ အသက်သွေးကြောဖြစ်သည့် ဝိနည်းတရားတော်ကို သံဃာ့အဖွဲ့ အစည်းအဆင့်ဆင့်၏ သန္တာန်၌ တည်နေအောင် ကိုယ်တိုင်ကျင့် ကြံရန် လိုအပ်ပြီး မိမိတို့ အဖွဲ့အ စည်းအတွင်းရှိ ရဟန်း၊ သာမဏေတို့ကို လိုက်နာကျင့်ကြံစေရမည် ဖြစ်ကြောင်း ရန်ကင်းမြို့နယ် ကျောက်ကုန်း မဟာဓမ္မိကာရုံ ကျောင်းတိုက် ဆရာတော်က တိုက်တွန်းသည်။

‘‘ယခုခေတ်မှာ တချို့သော တရားဟော ဓမ္မကတိကတွေဟာ မိမိရဲ့အတ္တနောမတိတွေ ထည့်ပြီး ဟောနေကြတာရှိတယ်လို့ ကြား သိရပါတယ်ဘုရား။ ဒီတော့ အရှင်ဘုရားတို့ဟာ သံဃာတော်တွေရဲ့ ဦးသျှောင်ဖြစ်သည်နှင့်အညီ မြတ် စွာဘုရားရဲ့ဓမ္မအစစ် ဓမ္မအမှန် ကိုသာ ဟောပြောညွှန်ပြပေးဖို့ လမ်းညွှန်ဆောင်ရွက်ပေးတော်မူ ကြပါဘုရား’’ဟု ချောင်းဆုံမြို့နယ်ရွာလွတ်ရွာ နိဂြောဓာရာမစာသင် တိုက် မဟာရင်ဂိုဏ်းချုပ်ဆရာ တော်၏ သြဝါဒကထာတွင် ဖော် ပြထားသည်။

ဝိနည်းတရားတော်နှင့်အညီ ကျင့်ကြံမှုမရှိသော ရဟန်းသံဃာ များနှင့် သံဃာဂိုဏ်းကွဲစေရန် ရှုတ်ချဝေဖန် ပုတ်ခတ်ပြောဆို သော ရဟန်းသံဃာများကြောင့် သံဃာ့အဖွဲ့အစည်းပျက်ပြားစေ နိုင်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၃ ရက်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သတ္တမအကြိမ် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဆဋ္ဌအစည်းအဝေးသို့ နိုင်ငံတော်သြ ဝါဒါစရိယဆရာတော်များ၊ နိုင်ငံ တော်သံဃမဟာနာယကဥက္ကဋ္ဌ ဆရာတော်အပါအဝင် အဖွဲ့ဝင် ဆရာတော်များ၊ ဗဟိုသံဃာ့ဝန် ဆောင်အဖွဲ့ဝင် သံဃာတော်စုစု ပေါင်း ၂၅၆ ပါး ကြွရောက်သည်။

သတ္တမအကြိမ် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဆဋ္ဌအစည်းအဝေးကို ကမ္ဘာအေး ကုန်းမြေရှိ မဟာပါသာဏလိုဏ်ဂူ တော်၌ ဖေဖော်ဝါရီ ၂၃ ရက်မှ ၂၅ ရက်အထိ သုံးရက်ကြာ ကျင်း ပမည်ဖြစ်သည်။

Top News