ရုရှား၏ ခေတ်အမီဆုံး တိုက်လေယာဉ်များကို ဆီးရီးယားသို့ စေလွှတ်

ရုရှားသည် ၎င်းတို့၏ ခေတ်အမီဆုံး တိုက်လေယာဉ်များကို ဆီးရီးယားသို့ စေလွှတ်ခဲ့ကြောင်း သိရှိရသည်။

အမေရိကန် စစ်ဘက် အရာရှိ တစ်ဦးက ရုရှားစစ်တပ်ပိုင်း နည်းပညာ အမြင့်ဆုံး Su-57 တိုက်လေယာဉ်များသည် ဆီးရီးယား စစ်ပွဲတွင် ပါဝင်လာဖွယ် ရှိနေကြောင်း ဆိုသည်။ Su-57များကို ၂၀၀၉ ခုနှစ်တွင် စတင်ထုတ်လုပ်ပြီး လက်တွေ့ ပျံသန်းနိုင်သည့် အဆင့်မြှင့်တင်ဆဲ အဆင့်အဖြစ်သာ သတ်မှတ်ထားသေးသည်။

Sukhoi ကုမ္ပဏီထုတ် တစ်ယောက်စီး တိုက်လေယာဉ်များသည် ရေဒါဖြင့် ထောက်လှမ်းမှုကို ရှောင်ကွင်းနိုင်သည့် ကိုယ်ပျောက်နည်းပညာ ပါရှိပြီး ခန့်မှန်းတန်ဖိုး တစ်စီးလျှင် ဒေါ်လာ သန်း ၅၀ မျှထိ ကျသင့်နိုင်ကြောင်း သိရသည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်က ဆီးရီးယားတွင် တပ်ဖွဲ့ဝင် ဦးရေကို သိသာစွာ လျှော့ချရန် စီစဉ်ထားကြောင်း ပြောဆိုထားသည့်တိုင် ပိုမိုခေတ်မီ ဆန်းသစ်သည့် စစ်လက်နက်များ ဖြည့်တင်းပေးပို့သည့် သဘောမျိုး ဖြစ်လာသည်။

Su-57များကို ဖြန့်ကျက်ရန် ဆုံးဖြတ်ခဲ့ခြင်းသည် အမေရိကန်၏ ခေတ်အမီဆုံး F-22 ကိုယ်ပျောက် တိုက်လေယာဉ်များ ဆီးရီးယား၌ စစ်ဆင်ရေး ဆင်နွှဲနေမှုနှင့် တိုက်ရိုက် ဆက်စပ်ဖွယ် ရှိနေသည်။ အမေရိကန် တစ်နိုင်ငံတည်းသာ ပိုင်ဆိုင်သည့် F-22များသည် ဖေဖော်ဝါရီ ၇ ရက်က လေကြောင်း စစ်ဆင်ရေး တစ်ရပ်တွင် ဆီးရီးယား အစိုးရ တပ်များကို ပါဝင် တိုက်ခိုက်သွားခဲ့သည်။

မြေပြင်ရှိ မဟာမိတ် သူပုန်တပ်များကို လေကြောင်းပစ်ကူပေးသည့် ယင်းတိုက်ခိုက်မှုတွင် ဆီးရီးယား သမ္မတ ဘာရှာအာဆတ်ကို လိုလားသည့် ရန်သူအင်အား တစ်ရာကျော်မျှကို သုတ်သင်နိုင်ခဲ့ကြောင်း အမေရိကန်က ထုတ်ပြန်သည်။ သို့သော် သေဆုံးသူများထဲတွင် ရုရှား ကြေးစားစစ်သားများလည်း ပါဝင်ခဲ့ကြောင်း သိရသည်။

ယင်းဖြစ်ရပ် မတိုင်မီ ဒီဇင်ဘာလ အတွင်းကလည်း F-22 နှစ်စီးသည် စစ်မဲ့ဇုန် သတ်မှတ်ထားရာ ဆီးရီးယားပိုင် ဧရိယာတစ်ခုထဲ ချဉ်းကပ်လာသည့် ရုရှား Su-25 လေယာဉ်နှစ်စီးကို ကြားဖြတ် ဟန့်တားခဲ့ဖူးသည်။ ထိုသို့သော အခြေအနေများကြောင့် နည်းပညာပိုင်းတွင် F-22များကို လက်တွေ့ စိန်ခေါ်နိုင်မည့် Su-57များကို ရုရှားက ဆီးရီးယားသို့ ယူဆောင်လာခြင်း ဖြစ်ဖွယ်ရှိသည်။

“သေချာတာကတော့ ပဉ္စမမျိုးဆက် ကိုယ်ပျောက် တိုက်လေယာဉ်တွေကို ဆီးရီးယားထိ သယ်လာတယ် ဆိုကတည်းက ဒီစစ်ပွဲမှာ ရုရှားရဲ့ ပါဝင်မှုအရှိန် လျော့သွားမယ်ဆိုတာ မဖြစ်နိုင်တော့ပါဘူး”ဟု ပင်တဂွန် ပြောရေးဆိုခွင့်ရ အရာရှိ ဗိုလ်မှူး အက်ဒရီယန် ရန်ကိုင်ဂယ်လိုဝေးက မှတ်ချက်ပေးခဲ့သည်။

Su-57များကို ဆီးရီးယားထိ ယူဆောင်လာမှုသည် အမေရိကန်၏ F-22များနှင့် ထိပ်တိုက် အားပြိုင်မှု ဖြစ်လာဖွယ် ရှိမရှိ ဆိုသောအချက်မှာလည်း စိတ်ဝင်စားစရာ ကောင်းနေသည်။ Su-52များသည် ရုရှား၏ ပထမဆုံးသော ကိုယ်ပျောက်စွမ်းရည် ပါရှိသည့် မဟာဗျူဟာ တိုက်လေယာဉ်များ ဖြစ်ပြီး ဝေဟင်ရော၊ မြေပြင် စစ်ပွဲများ အတွက်ပါ ရည်ရွယ် တီထွင်ထားသည်။

လတ်တလောတွင် ရုရှားအစိုးရက Su-57 ၁၂ စီးထိ Sukhoiထံမှ မှာယူထားပြီး ယခုနှစ်အတွင်း စစ်တပ်တွင် တရားဝင် စတင် တာဝန်ထမ်းဆောင်ရန် လျာထားကြောင်း သိရသည်။

Ref: CNN

Top News