ညဥ့်နက်ပိုင်းအထိ ဖွင့်သည့်ဘားများ အရေးယူရန် လွှတ်တော်အမတ်တင်ပြ

ည ၁၀ နာရီနောက်ပိုင်း ဆက်လက်ဖွင့်လှစ်သည့် ဘား များကို တင်းကျပ်စွာတားမြစ်ပြီး မလိုက်နာပါက ဆိုင်ပိတ်သိမ်း သည်အထိ အရေးယူသင့်ကြောင်း မရမ်းကုန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန် ရှင်းက လွှတ်တော်သို့ တင်ပြ သည်။

ဖေဖော်ဝါရီ ၂၆ ရက်က ပြု လုပ်သည့် ရန်ကုန်တိုင်းလွှတ် တော်အစည်းအဝေးတွင် ဦးရန် ရှင်းက စာသင်ကျောင်းများအနီး ရှိ အရက်ဆိုင်၊ ဘီယာဆိုင်များ ရှင်းလင်းပြောင်းရွှေ့ရန် အစီအ စဉ် ရှိ၊ မရှိ မေးမြန်းရာ၌ ထည့်သွင်းတင်ပြခဲ့သည်။


‘‘ဆိတ်ငြိမ်ရပ်ကွက်တွေမှာ ဘားတွေဖွင့်ပြီး ည ၁၀ နာရီကျော် ရင် ဆိုင်တွေပိတ်ပေမယ့် မန်ဘာ ကတ်ရှိသူတွေ၊ အဖွဲ့ဝင်ကတ်ရှိ သူတွေကို ည ၁၀ နာရီနောက်ပိုင်း လက်ခံပြီးတော့မှ သောက်သုံးခွင့် ပြုထားကြတဲ့အတွက် အဲဒီလူတွေ က မနက်လင်းအားကြီးတော့မှ အဲဒီဘားတွေက ထွက်လာကြပြီး ပတ်ဝန်းကျင်မှာ အမြင်မတော် ဖြစ်ရပ်တွေ ဖြစ်နေတာကိုလည်း ရပ်ကွက်နေပြည်သူတွေ အလွန် အင်မတန်မှ စိတ်ဆင်းရဲစွာ မြင် တွေ့နေကြရပါတယ်။ အဲဒီကိစ္စ ရပ်တွေကိုလည်း တင်းတင်းကျပ် ကျပ် တားမြစ်ပြီး မလိုက်နာရင် ဆိုင်ပိတ်သိမ်းတဲ့အထိ အရေးယူ သင့်ပါတယ်’’ဟု ဦးရန်ရှင်းကဆို သည်။

တရားဝင် ယစ်မျိုးလိုင်စင် ဖြင့် ဖွင့်လှစ်သော ဆိုင်များနှင့် တရားမဝင် အရက်ပုန်းအရောင်း ဆိုင်များကိုပါ ထိရောက်စွာ အ ရေးယူသင့်ကြောင်းနှင့် ယင်း ဆိုင်များကို ထိန်းချုပ်နိုင်ပါက မှု ခင်းများ၊ ရာဇဝတ်မှုများ သိသာ စွာ ကျဆင်းအောင် တားဆီးနိုင် မည်ဖြစ်ကြောင်း ၎င်းက ပြော သည်။

ဦးရန်ရှင်း၏ တင်ပြချက်နှင့် စပ်လျဉ်းပြီး ရန်ကုန်တိုင်းဒေသ ကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုး က ယစ်မျိုးများနှင့်ပတ်သက်၍ ကြီးကြပ်ရေးအဖွဲ့များဖွဲ့ကာ ဆောင်ရွက်နေကြောင်း ပြန်လည် ဖြေကြားသည်။

‘‘ကိုယ်တွေလည်း ဘယ်နိုင်ငံရောက်ရောက် သူတို့ Night Life က ဘယ်လိုလဲဆိုတာ သိချင်ကြတယ်။ ယောက်ျားလေး မဟုတ်သည့်တိုင် သူတို့ဆီက ဘားလေးတွေ၊ အပြင်အဆင်လေးတွေကို လိုက်ကြည့်ကြ တယ်။ ခရီးသွားဆွဲဆောင်မှုမှာ Night Life မှာ အရမ်းအရေးကြီး တယ်။ အာဆီယံတွေထဲမှာထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်တို့ဆိုရင် Night Life အရမ်းလုပ်ကြတယ်။ ခရီးသွားကို တကယ်အားပေးရင် ဘားတွေကို ခွင့်ပြုသင့်တယ်။ ဘားတွေဖွင့်တာနဲ့ ပျက်စီးကြတာနဲ့ မဆိုင်ဘူး။ ဥပဒေ၊ နည်းဥပဒေ တွေကို ဖောက်ဖျက်ရင် အရေးယူ ပြီး စနစ်တကျထိန်းချုပ်နိုင်ဖို့ပဲ လိုတယ်လို့ မြင်ပါတယ်’’ ဟု ခရီး သွားလုပ်ငန်းရှင်များအသင်း အ တွင်းရေးမှူး ဒေါ်သင်းသင်း အောင်ကပြောသည်။

‘‘ခရီးသွားလုပ်ငန်းမှာ နိုင်ငံ ခြားသားတွေရဲ့ Night Life ဆို တာရှိတယ်။ ဒါပေမဲ့ သူတို့တွေက သက်ဆိုင်ရာနိုင်ငံရဲ့ ဥပဒေ၊နည်းဥပဒေကို လိုက်နာတဲ့သဘောရှိ တယ်။ ဒီနိုင်ငံမှာ အမြဲနေနိုင်တဲ့ နိုင်ငံခြားသားတွေအတွက် အ ဆင်မပြေမှုတော့ ရှိနိုင်ပါတယ်’’ ဟု Nature Dream ခရီးသွားလုပ် ငန်းပိုင်ရှင် ဒေါ်စံပယ်အောင်က ပြောသည်။

‘‘လူတစ်စုကြောင့် ဒါမျိုး လွှတ်တော်မှာ မေးခွန်းမေးလာ တယ်လို့မြင်တယ်။ ဆိတ်ငြိမ်ရပ်ကွက်မှာရှိတဲ့ ဘားဆိုတာကျ တော့ ဘားလို့ အမည်ခံထား တယ်။ အထဲမှာ ဘာရှိလဲမသိဘူး။ အဲဒါတွေကို ဘားဆိုတဲ့ပါမစ်နဲ့ ပေးထားတာလား၊ ဘာနဲ့ပေးထားတာလဲ။ စားသောက်ဆိုင်ပါမစ် တင်ပြီး နားလည်မှုနဲ့ ဆက်ဖွင့်နေ တာလားဆိုတာ မသိဘူး။ ဆိတ်ငြိမ်ရပ်ကွက်မှာ အဲဒီလိုနားလည်မှုနဲ့ လုပ်နေတယ်ဆိုတာတော့ မဖြစ်သင့်ဘူး။ မြို့ပြတစ်ခုမှာတော့ Night Life ဆိုတာ ရှိသင့်တယ်။ အဲဒီအတွက်လည်း ဖန်တီးပေးဖို့ လိုအပ်တယ်လို့ လူငယ်တစ်ယောက်အနေနဲ့ မြင် တယ်’’ဟု ရန်ကုန်မြို့ရှိ ဘားဆိုင်များသို့ သွားလေ့သွားထရှိသူ ကိုနေထက်က မှတ်ချက်ပြုသည်။

ယစ်မျိုးဆိုင်များနှင့် ပတ် သက်၍ ဆောင်ရွက်နေသောပြည်နယ်နှင့် တိုင်းအသီးသီးမှ ကြီးကြပ်ရေးအဖွဲ့များတွင် အ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အုပ်ချုပ်ရေးမှူးများ၊ ရဲတပ်ဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန တာဝန်ခံ၊ ပြည်နယ်၊ တိုင်းစည် ပင်သာယာရေးအဖွဲ့၊ ပြည်နယ်၊ တိုင်းကျန်းမာရေးဦးစီးဌာနတို့ ပူး ပေါင်း ဆောင်ရွက်နေကြောင်း ၎င်းကဆိုသည်။

ထို့အပြင် စာသင်ကျောင်း များနှင့် ကိုက် ၁၀၀ အတွင်း ဖွင့် လှစ်ထားသော အရက်၊ ဘီယာ၊ စားသောက်ဆိုင်များ ဖယ်ရှားရှင်း လင်းရေးနှင့်ပတ်သက်၍ နယ်လုံ ဝန်ကြီးက‘‘ရန်ကုန်တိုင်းဒေသကြီး အတွင်းက ကျောင်းနားတွေမှာရှိ တဲ့၊ ကိုက် ၁၀၀ အတွင်းမှာရှိတဲ့ ဆိုင်တွေကို စိစစ်ပြီးတော့မှ ဆိုင် ဖွင့်ခွင့်ကိစ္စကို ဆက်လက်စိစစ် ဆောင်ရွက်သွားပါမယ်’’ဟု ပြော ကြားသည်။

မရမ်းကုန်းမြို့နယ် စာသင် ကျောင်းများအနီး ဖွင့်လှစ်ထား သော အရက်ဖြူအရောင်းဆိုင် လေးဆိုင်ကို ယစ်မျိုးလိုင်စင် သက်တမ်းကုန်ဆုံးချိန် ယခုနှစ် မတ်လကုန်တွင် အပြီးပိတ်သိမ်း မည်ဖြစ်ကြောင်း နယ်လုံဝန်ကြီး က ရှင်းပြသည်။

 အလားတူ အခြေခံပညာ ကျောင်းများအနီး ဖွင့်လှစ်ထား သော စားသောက်ဆိုင်၊ အရက် ပါရောင်းချသော စားသောက် ဆိုင်များ ပိတ်သိမ်းပေးရန် အစီ အစဉ် ရှိ၊ မရှိကိုလည်း လှိုင်မြို့ နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခိုင်မာဌေးက မေးမြန်းခဲ့သည်။

‘‘အရင်က ရပ်ထဲရွာထဲမှာ ဆိုရင် အရက်သမားတွေ တစ်ဦး စ၊ နှစ်ဦးစသာ တွေ့ဖူးပြီး သူတို့ က ကျွန်မတို့ကိုတွေ့ရင် ခပ်လျှို လျှိုနေတဲ့ခေတ် ဖြစ်ပေမယ့် အခု ဆို မနက်ကတည်းက အရက်သ မားတွေနဲ့ မတိုက်မိအောင် ရှောင်နေရတဲ့ခေတ် ဖြစ်နေပါတယ်’’ဟု ၎င်းကပြောသည်။

ဒေါ်ခိုင်မာဌေး၏ မေးခွန်း နှင့် ပတ်သက်၍ နယ်လုံဝန်ကြီး က လှိုင်မြို့နယ် အမှတ် (၂) ရပ်ကွက်ရှိ အမက (၂)၊ အမက(၃၀)နှင့် အမက(၆) စာသင်ကျောင်းများအနီးတွင် ကျော်၊ စူပါလိုက်၊ ရွှေပန်ဒါ၊ ရွှေပင်လုံနှင့် ယူနန်စားသောက်ဆိုင် ငါးဆိုင်တို့ကို ၂၀၁၇-၁၈ ဘဏ္ဍာနှစ် ယစ်မျိုးလိုင်စင် သက်တမ်းကုန်ဆုံးချိန် မတ်လကုန်၌  အပြီးပိတ်သိမ်းမည်ဖြစ်ကြောင်း ပြောကြား သည်။

ယစ်မျိုးလိုင်စင် နည်းဥပဒေ ပုဒ်မ ၂၂ တွင် အများပြည်သူ ရှု မြင်ရန် မသင့်လျော်သည့်နေရာ တွင်လည်းကောင်း၊ သောက်သုံး သူတို့အနီး ဖြတ်သန်းသွားလာသူ များကို အနှောင့်အယှက်ဖြစ်စေ သည့် နေရာတွင်လည်းကောင်း၊ ဈေး၊ ဆေးရုံ၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ဘုရားဝတ်ပြု ပူဇော်သည့် နေရာအနီးတွင် အ ရက်၊ ဘီယာ၊ စားသောက်ဆိုင် မဖြစ်စေရန် ပြဋ္ဌာန်းပါရှိသည်။

၂၀၁၇-၁၈ ဘဏ္ဍာနှစ်အ တွင်း ယစ်မျိုးမူဝါဒနှင့်အညီ ယစ် မျိုးလိုင်စင် ၄၀,၀၀၀ ကျော် ချ ထားပေးခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန သတင်းထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

Top News