ဆူးတပ်ကြီးကျေးရွာတွင် မီးလောင်မှုကြောင့် နေအိမ် ၂၇ လုံး ဆုံးရှုံး

မီးလောင်ပြင်ထဲမှ ကျန်နေသည့် မျိုးစပါးများကို သိမ်းဆည်းနေသည့် ဒေသခံတစ်ဦး

 မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် ဆူးတပ်ကြီးကျေး ရွာတွင် ဖေဖော်ဝါရီ ၂၆ ရက်က မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် မီး လောင်ကျွမ်းခဲ့ရာ နေအိမ် ၂၇ လုံး ဆုံးရှုံးခဲ့ကြောင်း မြို့သစ်မြို့နယ် မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးဝင်းဇင်ဖြိုးက ပြောသည်။

ညနေ ၅ နာရီ ၄၅ မိနစ်ခန့် တွင် မီးစတင်လောင်ကျွမ်းပြီး ခြောက်နာရီခွဲခန့်၌ မြို့သစ်၊ တောင်တွင်းကြီးနှင့် နတ်မောက်မြို့နယ်မီးသတ်တို့ သွားရောက်မီး ငြှိမ်းသတ်ရာ ည ရှစ် နာရီခွဲခန့်၌ အပြီးသတ်  ငြှိမ်းနိုင်ခဲ့ကြောင်း ၎င်းကပြောသည်။


‘‘ဟင်းချက်ရာကနေ မီးကြွင်းမီးကျန်ကနေစပြီး မီးလောင်တာ ပါ။ အိမ်မှာလူကြီးတွေ မရှိတုန်းသူတို့ရဲ့သားသမီးနှစ်ယောက်က ဟင်းချက်တာပေါ့။ သူတို့နှစ် ယောက်က စိတ်လည်း သိပ်မနှံ့ဘူး’’ဟု ဦးဝင်းဇင်ဖြိုးက ပြောသည်။

အိမ်ခြေ ၅၀၀ ကျော်ရှိသော ဆူးတပ်ကြီးကျေးရွာတွင် မီး လောင်ကျွမ်းမှုကြောင့် လူသေဆုံး ခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းများ မရှိသော်လည်း ၀က်သုံးကောင် သေ၍ လယ်ယာသုံးဂွန်ဒေါင်း ယာဉ်တစ်စီး မီးလောင်ပျက်စီးခဲ့ ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်းတစ်ရာကျော်ရှိကြောင်း ၎င်းကပြောသည်။

 မီးလောင်ကျွမ်းမှုကြောင့် ၁၀၄ ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပြီး ကျေးရွာဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ နှင့် ရွာလယ်ဇရပ်တို့တွင် ယာယီ နေထိုင်ရေးစီစဉ်ထားသည်ဟု ဦးဝင်းဇင်ဖြိုးက ပြောသည်။

 မီးဘေးသင့်သူများကို တစ်အိမ်ထောင်လျှင် ကျပ်တစ်သိန်း နှုန်း ထောက်ပံ့မည်ဖြစ်ကြောင်းမကွေးတိုင်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်စိုးက ဆိုသည်။

‘‘သူတို့အတွက် အိမ်တွေပြန် ဆောက်ဖို့ဆိုတာ တော်တော် မလွယ်ဘူး။ အဆိုးဆုံးကတော့ မျိုးစပါးတွေမီးထဲ ပါသွားတာပဲ။ မျိုးစပါးက တောင်သူတွေရဲ့ အ သက်ပဲ။ မျိုးမရှိရင် ပြန်စိုက်ဖို့ မလွယ်တော့ဘူး’’ဟု ကြာကန် ကျေးရွာမှ ဦးဇော်မင်းထိုက်က ဆိုသည်။

မီးဘေးသင့်သူများကို ကူညီနိုင်ရေး မကွေးတိုင်းလွှတ်တော် ဒုဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ လူကယ်ပြန်ဌာန တာဝန်ရှိသူများနှင့် အရပ်ဘက်လူမှု အဖွဲ့အစည်းများက လိုအပ်မှုများ ကို စိစစ်နေကြောင်း ၎င်းကပြော သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ စတင်လောင်ကျွမ်းသည့် အိမ် ပိုင်ရှင်ကိုပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း ဒန့်သလွန်ပင်နယ်မြေရဲစခန်းမှ တာဝန်ရှိသူက ပြောသည်။

Top News