ဥရုဝဲယာမှာ သစ္စာရှိကြရဲ့လား

(တစ်)

ယခုတစ်ခေါက် ဖားကန့်သို့ ရောက်သည့်နေ့ရက်တွေက အ တန်အသင့် ရှည်လျားပါသည်။ ဆယ်ရက်၊ ဆယ်ည၊ ဆယ်ပွဲ။ အရှေ့ဘက်၌ မြစ်ကြီးနား၊ အ နောက်ဘက်၌ ဟုမ္မလင်း၊ တောင် ဘက်၌ မိုးညှင်းနှင့် မိုးကောင်း၊ မြောက်ဘက်၌ တနိုင်း စသည့်မြို့ များနှင့် ထိစပ်နေသည့် ကျောက် စိမ်းကမ္ဘာကြီးက စာပေဟောပြော ပွဲလာရောက်ဖို့ ဖိတ်ကြားလာသ ဖြင့် ကချင်ပြည်နယ်ထဲသို့ ဘယ်နှ ကြိမ်၊ ဘယ်နှခေါက်မှန်းမသိ ထပ် ၍ ရောက်ရှိခဲ့ရခြင်းပင် ဖြစ်ပါ သည်။

ကချင်ပြည်နယ်ထဲရှိ မြို့ရွာ အနှံ့အပြား တော်တော်များများ၌ ဟိုနားတစ်ည၊ သည်နားခဏဖြင့် ခြေစကြာလှည့်ခဲ့မိရာ ဖားကန့်သို့ အစောဆုံးရောက်သည့် အခေါက် မှာ ၂၀၀၅ ခုနှစ်ဖြစ်ပါသည်။ ဆရာချစ်ဦးညို၊ ဒါရိုက်တာအကယ်ဒမီ ကြည်စိုးထွန်းစသူတို့နှင့်။ ကျောက် စိမ်းမှော်များ ရှိရာသို့ လှည့်ဟော ရပြောရသည့် ခရီးဖြစ်ရာ သည် တုန်းကလည်း ကာလရှည်ပွဲစဉ် များဖြစ်ခဲ့ပါ၏။

ထို့နောက် ၂၀၁၅ ဝန်းကျင်၌ ကျောက်စိမ်းကမ္ဘာသို့ ရောက်ပြန် ပါသည်။ အကယ်ဒမီကိုကျော်သူ၊ ကာတွန်းဆရာ ကိုအော်ပီကျယ်တို့ နှင့်။ မြစ်ကြီးနားလေဆိပ်ကနေ ကားသုံးစီးက ကျွန်တော်တို့သုံးဦး ကို တစ်စီးစီခွဲတင်ကာ ဖားကန့်ကို ဖြတ်လျက် တာမခန်၊ ဟောင်ပါး၊ ဆယ်ဇင်းဒေသများသို့ သွားခဲ့ရ သည့် ခရီးပဲဖြစ်ပါသည်။

ယခုတစ်ခေါက် ခရီးက နေဝင်းမြင့်၊ ခင်ခင်ထူး၊ မောင်သာ ချို။ ဥရုချောင်းဝဲယာရှိ မြောက် ဘက်တောင်ကုန်းဒေသမှာ နှင်းနှင့် မြူက ဆိုင်း၍မှိုင်း၍ကောင်းတုန်း။ မှော်ရုံတောက လူတွေအနွေးထည် အထူကြီးတွေဝတ်ကာ မီးကိုပုံပြီး လှုံ၍ကောင်းတုန်း။ လုံးခင်းအစ ဟောင်ပါးအဆုံး မိုင် ၆၀ ဝန်းကျင် ရှည်လျားသည့် သည်ရတနာနယ် မြေကြီးထဲမှာ အလိုရမ္မက်မီးက နေ့ဆိုင်းညဆိုင်းခွဲကာ နှစ်ဆယ့် လေးနာရီ တောက်လောင်၍ ကောင်းတုန်း။ ကချင်ပြည်နယ်ထဲ ၌ ချောင်းဖျား (သို့မဟုတ်) မြစ်ဖျား ခံကာ စီးဆင်းလာသည့် ဥရုက စစ်ကိုင်းတိုင်းအတွင်းရှိ ဟုမ္မလင်း မြို့အနီး၌ ချင်းတွင်းမြစ်အတွင်းသို့ စီးဝင်သွားခဲ့လေရာ သည်ဥရု၏ဝဲ ယာဒေသတောင်တန်းကြီးတွေက နက်ဖရိုက် (Nephrite) အမျိုးအ စားထက်ပို၍ လူကြိုက်များသည့် ဂျိတ်ဒက် (Jadeite) အမျိုးအစား ကျောက်စိမ်းဖြစ်သည့်အပြင် ရွှေ ကပါထွက်နေသည့် ဒေသဖြစ်သ ဖြင့် မြန်မာပြည်အနှံ့အပြားက တစ်ဝမ်းတစ်ခါးတို့ဖြင့် စက္ကန့်မလပ် နိုး ထရှင်သန်၍ ကောင်းတုန်း။

လေးသံလေလား၊ မြားသံ လေလား။ စကားကိုချင့် နားကိုစွင့် ကာ မရပ်မနားနှင်ခဲ့ရသည့် ဖေ ဖော်ဝါရီဒိုင်ယာရီ၏ အဆုံးသတ် စာမျက်နှာများ။

(နှစ်)

ဖားကန့်က မြစ်ကြီးနား၏ အ နောက်၊ တနိုင်း၏အောက်နားဆီ၌ တည်ရှိသည့် ကချင်ဒေသ ဖြစ်ပါ သည်။ ဥရုက ဖားကန့်မြို့၏ရင်ကို ခွဲကာ သည်ဒေသကြီးတစ်ခုလုံးကို ဆံနွယ်ကလေးသပ်လိုက်၊ နဖူးက လေးနမ်းလိုက်ဖြင့် တွန်းလွှတ် လိုက်၊ ဖက်ထားလိုက်လုပ်ကာ ချင်းတွင်းကိုဝင်သဖြင့် အရှေ့အ နောက် တန်းနေသည့် ချောင်း (သို့ မဟုတ်) မြစ်ဟုဆိုသော် ရကောင်း ပါသည်။ ထိုဥရု၏ ဝဲယာသည်ပင် ရတနာမြေ။ လူတွအငမ်းမရ တူး ကြဆွကြ၊ ဖဲ့ကြရွဲ့ကြ၊ တီးကြ ခေါက်ကြ၊ ဖြတ်ကြတောက်ကြ ရာမြေ။ တောင်တန်းကြီးတွေ အ  ပိုင်းပိုင်းအတစ်တစ် ဖြစ်ကာ ပျောက်ကွယ်သွားလိုက်ကြ။ မိုးထိ လုမတတ် ဧရာမမြေစာပုံကြီးတွေ မိုးတိုးမတ်တတ် ပေါ်လာလိုက် ကြ။

ကျောက်စိမ်းကို ဘယ်သူ တွေကြိုက်ဆိုသည့် မေးခွန်းအ တွက် အဖြေက ရှင်းပါသည်။ တရုတ်လူမျိုးပဲ ဖြစ်ပါသည်။ ဖား ကန့်ဒေသတစ်ခုလုံး ဇောက်ထိုး ကျွမ်းပြန် မဟာပထဝီမြေကို မှောက်လိုမှောက် လှန်လိုလှန်လုပ် ၍ မြစိမ်းရောင်ရတနာနောက် သို့ အနံ့ခံ၍ လိုက်ကြရသည်မှာ တရုတ်၏ အလိုဆန္ဒကို ဖြည့်ဖို့ပဲ ဖြစ်ပါသည်။

 လွန်ခဲ့သည် နှစ်ပေါင်း ၂၀၀၀ ဝန်းကျင်က ပျူမြို့တော် ဟောင်း ဗိဿနိုးကို တူးသည့်အခါ ကုန်းအမှတ် (၁၅)ကရသည့် ပုတီးစေ့ ၇၀၈ စေ့၌ ကျောက်စိမ်းပုတီး စေ့ သုံးစေ့တွေ့သည်ဟု ဆိုသဖြင့် ကျောက်စိမ်းကို ပျူခေတ်ကတည်း က လူတို့မြတ်နိုးခဲ့ကြသည်ဟုဖြင့် ပြောနိုင်လိမ့်မည်ထင်ပါသည်။

 ဘိုးတော်ဘုရားက မိုး ကောင်း၌ အကောက်ခွန် အရာရှိ ထားကာ ကျောက်စိမ်းခွန်ကောက် ခဲ့၊ မင်းတုန်းမင်းက ကျောက်စိမ်း ဥပဒေထုတ်ပြန်ခဲ့ပုံများကို ကြည့် လျှင် နန်းတော်နှင့် ကျောက်စိမ်းက ခြားခြားနားနားကြီးတော့လည်း မ ဟုတ်တန်ရာပါ။

၁၈၈၅ အလွန် ကိုလိုနီခေတ် တွင် တရုတ်ကုန်သည်တို့ကို တစ် နှစ်တွင် အခွန်တော်ငွေတစ်သိန်း ပေးသွင်းစေလျက် ကျောက်စိမ်း လုပ်ငန်း လုပ်ခွင့်ပေးခဲ့သည်ဟုဆို ရာ အင်္ဂလိပ်လက်အောက်မှာပင် ကျောက်စိမ်းနှင့် တရုတ်က မကွင်း မကွာ ယှဉ်တွဲလျက်။

ထို့နောက် ဦးနေဝင်း လက် ထက်မှသည် ၁၉၈၈ အထိ လော် ပန်ခေါ် သူဌေးတို့က ကျင်းသား များနှင့်တွဲကာ လိုသည့်စရိတ်စက ထုတ်ပေး၊ ရသည့်ကျောက်ကို တစ်ဝက်စီခွဲယူ ပုံစံဖြင့် ဖြတ်သန်း ကြရသည့်နေ့ရက်များ။ သံတိုင် ကို ခုနစ်ပေါင်၊ ရှစ်ပေါင် တူကြီး များဖြင့်ထုကာ ကာယခွန်အားကို အားကိုး၍ ကျောက်စိမ်းနောက်သို့ လိုက်ခဲ့ရသည့် နှစ်ကာလများ။ ကျောက်များအောင်ခဲ့ရင်ဟု လော် ပန်ရော ကျင်းသားပါ သူဌေးအိပ် မက် မက်နိုင်ခဲ့သည့် အခါသမယ များ။

သည်တုန်းကဖြင့် ရေမဆေး ဆိုတာလည်း မရှိခဲ့။ ယခုတော့ ကျောက်ကို ခေါက်ကြည့်ဖို့ရာ စိန် တူတစ်လက်၊ ကျောက်အဆင့်အ တန်း ခန့်မှန်းဖို့ရာ ကျောက်ကြည့် ဓာတ်မီးတစ်လက်၊ မြင့်မတ်သည့် တောင်စောင်းများ၌ ခိုင်ခိုင်ရပ်နား နိုင်ဖို့ရာ ပွိုင့်ဖိနပ်တစ်ရန်နှင့်အတူ ဖားကန့်ရတနာမြေသို့ ရောက်လာ ကြသည့် နိုင်ငံအနှံ့အပြားက လူ ငယ်လူရွယ်များ။ ရေမဆေးတဲ့။ ယင်းသည် သူတို့ကို ညွှန်းဆိုခေါ် ဝေါ်သည့် ဝေါဟာရ။

‘‘အင်း. . . သည်ဒေသမှာ ရေမဆေး အင်အားက ငါးသိန်း ကျော်မယ်ဗျ။ မိန်းကလေးလား ... ပါတာပေါ့။ ဒါပေမဲ့ နည်းပါတယ်။ လူတစ်ရာမှာ  သုံးလေးယောက် ပေါ့’’

ဒေသခံ၏ ခန့်မှန်းစကားအ ဆုံးတွင် ဥရုချောင်းဝန်းကျင်၌ ရုတ်ခြည်းဆိုသလို ရွာလုလုမိုးဖြင့် မှိုင်းမှုန်၍ သွားပြန်ပါသည်။ အင်း တော်ကြီးပွဲတော်ရက်များဆိုလျှင် ယခုလို မိုးက ရောက်လာတတ်မြဲ ဆိုလား။

(သုံး)

၁၉၈၈ လူထုအရေးတော်ပုံ အလွန်တွင် စစ်တပ်က အာဏာ သိမ်းလိုက်ပါသည်။ ထို့နောက် ၁၉၉၀ ပြည့်နှစ် အလွန်မှစကာ ဧရာမသြဇာ၊ ဧရာမအာဏာ၊ ဧရာ မအသပြာ ဧရာမစက်ယန္တရားနှင့် ကုမ္ပဏီကြီးများက ကချင်ပြည် နယ် ဥရုချောင်းဝဲယာရှိ ကျောက်စိမ်း ကမ္ဘာထဲသို့ ဝင်ရောက်လာကြပါ သည်။

လော်ပန်ခေတ်က under ground mining method ဖြင့် ကျောက်ရှာသည့် အလုပ်မျိုးကို မလုပ်တော့ဘဲ open cut mining method ဖြင့် ဘူဒိုဇာ (Bull Dozer) ကြီးများဖြင့် မြေကိုထိုး၊ ဘက်ဟိုး (Backhoe) များဖြင့် မြေကိုကော်၊ လုပ်ဒါ (Loader) များဖြင့် မြေကိုတင်၊ ဒမ်ပါ (Dumper) များဖြင့် မြေကိုသယ် ကာ တောင်ကြီးတွေကို ပေါင်မုန့် လှီးသလို ရိပ်ရိပ်ရိပ်ရိပ်ဖြင့်လှီး၊ မြေကြီးကို အဝီစိငရဲခေါင်မိုးအထိ နှိုက်တူး၍ ကျောက်ရှာကြပါတော့ သည်။ ထမင်းစားရေသောက်ခဏ တာ နားသည်မှအပ နေ့ရောညဥ့်ပါ စီတန်း၍ အလုပ်လုပ်နေကြသည့် ကားကြီးတွေက ခုတ်ထစ်ပိုင်းဖြတ် ထိုးကော်ထားသည့် တောင်တွေ လား၊ မြေစာပုံကြီးတွေလား မကွဲ ပြားတော့သည့် ကမ္ဘာပျက်နောက် ခံပိတ်ကားပေါ်၌ သံပတ်ပေးထား သည့် အရုပ်များပမာ နေရာပေါင်း စုံသို့ ဦးတည်ရွေ့လျားနေကြပါ သည်။

ကုမ္ပဏီလုပ်ငန်းခွင်ထဲ၌ အား လုံးက လက်ဝဲကပ်ကပ်မောင်း။ တူးကြ၊ သယ်ကြ၊ သွန်ကြ။

ကုမ္ပဏီများက တူးရသမျှ ကျောက်အရွယ်ရွယ် အစားအစား ကို လုပ်ကွက်အတွင်းမှာပင် ကိုယ့် ဝန်ထမ်းနှင့်ကိုယ် ကျောက်ရှာပါ သည်။ ထို့နောက် မြေစာပုံများ၌ သွား၍သွန်ပါသည်။ စက်ဖြင့်တူး၊ စက်ဖြင့်ဖြန့်၊ စက်ဖြင့်သယ်၊ စက် ဖြင့်သွန်။

ထိုအခါ ရေမဆေးဟူ၍ လုပ် ငန်းခွင်အသစ် ပေါ်လာခြင်းပင်ဖြစ် ပါသည်။ ကားဘီးကြီးတွေကပင် လျှင် လူတစ်ရပ်မကမြင့်သော၊ ဒ ရိုင်ဘာက သူနေရာသို့ရောက်ရန် လှေကားထစ် တော်တော်များများ ကို နင်း၍တက်သွားရသော ကား ကြီးများဖြင့် ရှာဖွေပြီး မြေစာများ ကိုသွန်ရာ ရေမဆေးတို့က တောင်တွေနှင့် တန်းတူမြင့်သည့် ဧရာမ  မြေစာပုံကြီးများ၏ တောင်စောင်း  တစ်လျှောက်နှင့် ဟိုးအောက်ခြေ ရင်းကနေစောင့်ကာ လိမ့်ဆင်းလာသည့် ကျောက်တုံးအရွယ်ရွယ် အ စားစားကို တစ်လုံးဖမ်းကောက်ယူ လိုက်၊ စိန်တူဖြင့် ခေါက်ကြည့် လိုက်နှင့် ကျောက်စိမ်းဟုတ်၊ မ ဟုတ် ကျောက်ရှာကြခြင်းပင်ဖြစ် ပါသည်။

မြေစာပုံကြီး ပြိုကျလာသည့် အခါ တစ်ယောက်ချင်း၊ နှစ် ယောက်ချင်း အသက်ပျောက်သွား သူများ ရှိသကဲ့သို့ မဟာပြိုကျမှု ကြောင့် တစ်နိုင်ငံလုံးက ရောက် လာသည့် လူငယ်လူရွယ်ကလေး တွေ ရာဂဏန်းအထိ မြေစာပုံ အောက်၌ အသက်ပျောက်သွား ရသည့် အဖြစ်တို့က မကြာသေး မီကပင်ဖြစ်ခဲ့သည့် ကြေကွဲဖွယ် များပင် ဖြစ်ပါသည်။ တချို့မြေစာ ပုံကြီးတွေက ၉၀ ဒီဂရီမျဉ်းမတ်။ ရေမဆေးတို့က အပေါ်၌ ကြိုးတစ်စကို ချည်နှောင်ထားခဲ့ကာ ရေတွင်းထဲသို့ ကြိုးဆွဲဆင်းသလို ဆင်း၍ မြေစိုင်မြေခဲ၊ ကျောက် စိုင်ကျောက်ခဲ တဖွဲဖွဲကြား၌ ကျောက်ရှာပုံများမှာ ထမင်းတစ်လုတ်အတွက် ကျွန်တော်တို့နိုင်ငံ၏ ကျက်သရေမဲ့သည့် မှတ်တမ်း မှတ်ရာများပင် ဖြစ်ပါသည်။ အ ရှင်လတ်လတ် မြေမြှုပ်သင်္ဂြိုဟ် ပစ်ခဲ့ကြရသည့်၊ ကျောက်စိမ်းခြေ ရာခံခဲ့ရသည့် နေ့ရက်များ။

တချို့ကုမ္ပဏီများက သူတို့ ထမင်းစား နားချိန်မျိုးတွင် တစ် ရက်နှစ်နာရီခန့်ဆိုသည်မျိုး ရေမ ဆေးတို့ကို ဝင်ရှာခွင့်ပေးပါသည်။ ကုမ္ပဏီလုပ်ကွက် ဖြစ်သဖြင့် ကျောက်တွေ့သော် ကုမ္ပဏီသို့ အပ်၊ တန်ရာတန်ဖိုးဈေးဖြတ်ပေး ရုံ။ တန်ဖိုးအမှန်ရဖို့က ကိုယ့်ပါး နပ်ကျွမ်းကျင်မှု။

 ရေမဆေးတွေက တစ် ယောက်ချင်း ရပ်တည်ကာ ကျောက်ရှာပြီး ရောင်းစားသူများ ရှိသကဲ့သို့ နောက်ပေါ်ခေတ်သစ် လော်ပန်တို့က ရေမဆေးတစ် ယောက်၏ အထွေထွေစရိတ် စကကို စိုက်ထုတ်ပေးထားကာ ကျောက်အရှာ ထွက်ခိုင်းပြီး ကျောက်အောင်ခဲ့သော် တစ် ယောက်တစ်ဝက် လုပ်ကြသည်က ပိုများပါသည်။

‘‘လော်ပန်က ဖားကန့်က စောင့်၊ လုံးခင်းကစောင့်ပေါ့။ ရေမ ဆေးကလည်း တွေ့ရင်တွေ့တယ် ပြောပေါ့...။ လော်ပန်ကလည်း သိန်းကျောက်ကို သောင်းကျောက် မလုပ်နဲ့ပေါ့။ သစ္စာပဲဗျ’’

သြော်... သစ္စာတဲ့။ ဥရုချောင်းဝဲယာမှာ ဘယ်လောက်များ သစ္စာ ရှိမှာပါလိမ့်။ ကျွန်တော်သိချင် လိုက်တာ။      ။

(ဖော်ပြပါဆောင်းပါးသည် စာရေးသူ၏ အာဘော်သာ ဖြစ်ပါသည်။)