ဒေသခံပါဝင်မှု အားနည်းနေသော အစုအဖွဲ့ပိုင် သစ်တောစီမံကိန်းများ

မြန်မာနိုင်ငံတွင် အစုအဖွဲ့ပိုင်သစ်တောဧက ငါးသိန်းကျော်ရှိသည်။ ဓာတ်ပုံ - WWF-Myanmar

သစ်တောပြုန်းတီးမှုအများ ဆုံး နိုင်ငံစာရင်းတွင် ပါဝင်သော မြန်မာနိုင်ငံသည် လက်ရှိတွင် သစ်တောဧက ၄၂ ဒသမ ၉၂ သန်းသာ ကျန်ရှိသောကြောင့် ဒေသခံအစုအဖွဲ့ပိုင် သစ်တောများကို ပြန်လည်ထူ ထောင်နေသည်။


အစိုးရနှင့် နိုင်ငံတကာအဖွဲ့ အစည်းများ၊ ပြည်တွင်းအရပ် ဘက်အဖွဲ့အစည်းများ၊ ဒေသခံ ပြည်သူများက ပူးပေါင်းဆောင် ရွက်နေပြီး မြန်မာနိုင်ငံ၌ ၂၀၃၀ တွင် ဒေသခံအစုအဖွဲ့ပိုင် သစ် တောစိုက်ခင်းဧက ၂ ဒသမ ၂၇ သန်း တည်ထောင်ရန် သစ်တော ဦးစီးဌာနက လျာထားဆောင်ရွက်နေသည်။

ဒေသခံအစုအဖွဲ့ပိုင် သစ် တော တည်ထောင်ရာတွင် သစ် တောဦးစီးဌာနက လေ့လာမှုများ ပြုလုပ်ကာ အောင်မြင်မှုလက် မှတ်ထုတ်ပေး၍ နှစ် ၃၀ လုပ်ကိုင် ခွင့်ပြုပြီး ယင်းနှစ် ၃၀ အတွင်း ပိုင်ဆိုင်သူ ဒေသခံက စိုက်ပျိုး ထိန်းသိမ်းစီမံခန့်ခွဲကာ ထုတ်ယူ သုံးစွဲခွင့်ရှိကြောင်း ဒေသခံအစု အဖွဲ့ပိုင်သစ်တော တည်ထောင် သူများက ဆိုသည်။

ဒေသခံအစုအဖွဲ့ပိုင် သစ် တောလုပ်ငန်း တည်ထောင်ခြင်း ဖြင့် ဒေသခံများ၏ အခြေခံလို အပ်ချက်ဖြစ်သော သစ်၊ တိုင်၊ မျော၊ ထင်း၊ ဝါးနှင့် အခြားသစ် တောထွက်ပစ္စည်းများ အလွယ် တကူ ရရှိနိုင်ခြင်း၊ သီးနှံ၊ သစ် တော ရောနှောစိုက်ပျိုးခြင်းဖြင့် ဒေသခံများအတွက် ရေတို၊ ရေရှည် ဝင်ငွေရရှိနိုင်ခြင်း၊ သစ်မဟုတ်သော အခြားသစ်တောထွက်ပစ္စည်းများ ထုတ်လုပ်ခြင်းမှတစ်ဆင့် အလုပ်အကိုင် အခွင့်အ လမ်းများနှင့် ဝင်ငွေတိုးတက်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း သစ်တောဦးစီးဌာနနှင့် ဒေသခံများကြား ချိတ်ဆက်ဆောင်ရွက်ပေးသည့် RECOFTC အဖွဲ့က ထုတ်ပြန်ထားသည်။

ထို့အပြင် အလုပ်အကိုင် အခွင့်အလမ်း ရရှိနိုင်မှုနှင့် ဝင်ငွေ တိုးတက် ကောင်းမွန်လာခြင်း ကြောင့် တရားမဝင် သစ်ခုတ်လှဲ ခြင်းနှင့် ရောင်းဝယ်ခြင်းများကို ရှောင်ရှားနိုင်ခြင်း၊ သစ်တော သယံဇာတများကို ကိုယ်တိုင်စီမံ အုပ်ချုပ်ခွင့်ရရှိခြင်း၊ မိမိတို့၏ သစ်တောသယံဇာတများကို ဥပ ဒေရေးရာ ပံ့ပိုးမှုဖြင့် ပိုင်ဆိုင်ခွင့် ရရှိခြင်းကြောင့် ရေရှည်အကျိုး စီးပွား ပိုမိုဖြစ်ထွန်းစေနိုင်ခြင်း စသည့် အကျိုးကျေးဇူးများရှိ ကြောင်း ဆိုသည်။

ဒေသခံ အစုအဖွဲ့ပိုင် သစ် တောတည်ထောင်မှုတွင် သစ် တောဦးစီးဌာနနှင့် ရွာသားများ ဖော်ဆောင်သော အစုအဖွဲ့ပိုင် သစ်တောနှင့် ဒေသခံရွာသားများ ဖော်ဆောင်သော အစုအဖွဲ့ပိုင် သစ်တောဟူ၍ နှစ်မျိုးရှိသည်။

လက်ရှိတွင် အစုအဖွဲ့ပိုင် သစ်တောများကို စစ်ကိုင်းတိုင်း ဒေသကြီး၌ အများဆုံး တည် ထောင်ထားပြီး ရှမ်းပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီးတို့၌လည်း အများအ ပြားရှိကြောင်း သစ်တောဦးစီး ဌာနက ထုတ်ပြန်ထားသည်။

 အစုအဖွဲ့ပိုင် သစ်တော တည်ထောင်ရာတွင် သစ်တော ဦးစီးဌာန ညွှန်ကြားချက်ပေါ်တွင် အကောင်အထည် ဖော်ဆောင် မည့် ဒေသခံပြည်သူများ ပါဝင်မှု သည် အရေးကြီးသော အခန်း ကဏ္ဍဖြစ်ပြီး သစ်တောနှင့် ဒေသ ခံကြား လိုအပ်ချက်များကို နိုင်ငံ တကာ အဖွဲ့အစည်းများ၊ ပြည် တွင်း အရပ်ဘက်အဖွဲ့အစည်း များက ညှိနှိုင်းဆောင်ရွက်ပေးရ ကြောင်း မြန်မာနိုင်ငံတွင် အစုအဖွဲ့ပိုင် ဒီရေတောများ လိုက်လံ ထူထောင်ပေးနေသည့် World-view International Foundation စီမံကိန်းမန်နေဂျာ ဦးဝင်းမောင် ကပြောသည်။

 သစ်တောဦးစီးဌာနက ၂၀၃၀ တွင် ဒေသခံအစုအဖွဲ့ပိုင် သစ်တောစိုက်ခင်း ဧက ၂ ဒသမ ၂၇ သန်း တည်ထောင်ရန် လျာ ထား ဆောင်ရွက်နေသော်လည်း ၁၉၉၆ မှ ၂၀၁၇ ဒီဇင်ဘာအထိ အစုအဖွဲ့ပိုင် သစ်တောဧကပေါင်း ငါးသိန်းကျော် (၅၀၀,၆၆၁) သာ ဖော်ဆောင်ထားနိုင်သည်။ ထို့ ကြောင့် ဒေသခံအစုအဖွဲ့ပိုင် သစ်တော နှစ် ၃၀ စီမံကိန်း၌ ကျန် ၁၂ နှစ်အတွင်း သစ်တောဦးစီးဌာန လျာထားချက်အတိုင်း တည်ထောင်ရန် မလွယ်ကူနိုင်ကြောင်း ဒေသခံအစုအဖွဲ့ပိုင် သစ်တောဆောင်ရွက်နေသူများက ပြော သည်။

ထိုသို့ မလွယ်ကူခြင်းမှာ ဒေ သခံများ ပါဝင်မှုအားနည်းခြင်း ကြောင့်ဖြစ်ကြောင်း ၎င်းကပြော သည်။

ဒေသခံအစုအဖွဲ့ပိုင် သစ် တောတည်ထောင်ရာ၌ မြေယာ ပိုင်ဆိုင်မှုကို သစ်တောဌာနသို့ အရင်ဆုံး လျှောက်ထားရပြီး မြေ ယာခွင့်ပြုချက်ရမှသာ စိုက်ပျိုးကြရကြောင်း၊ စိုက်ပျိုးရာတွင် ပျိုးပင်လုံလောက်စွာ မရရှိကြောင်း ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် ဒေသခံအစုအဖွဲ့ပိုင် သစ်တောကွန်ရက်ဥက္ကဋ္ဌ ဦးသိန်း ဦးကပြောသည်။

စိုက်ပျိုးပြုစုထားသော ဧရိ ယာပေါ်တွင် နိုင်ငံတော်လိုအပ် ချက်ကြောင့် စီမံကိန်းတစ်ခုခု ဝင်ရောက်လာပါက သစ်တောဦးစီးဌာနက သစ်ပင်များအတွက်သာ နစ်နာကြေးပေးမည်ဖြစ်ပြီး မြေယာလျော်ကြေးပေးသည့် အချက်များ မပါဝင်ကြောင်း ၎င်းကဆို သည်။

 ‘‘ရပိုင်ခွင့်က နည်းတော့ နောက်ထပ် အစုအဖွဲ့ပိုင်သစ် တော တည်ထောင်မယ့်သူတွေက လက်ရှိ လုပ်နေတဲ့သူတွေကြည့် ပြီး ပါဝင်ဖို့ အားနည်းနေတယ်’’ ဟု ဦးသိန်းဦးကပြောသည်။

ပြည်ခရိုင် ပေါက်ခေါင်းတွင် ဒေသခံအစုအဖွဲ့ပိုင် သစ်တောကို ၂၀၁၄ တွင် ဧက ၇,၀၀၀ ကျော် စတင် ဆောင်ရွက်ခဲ့ပြီး ကျွန်း၊ ယူကလစ်၊ လျှော်ဖြူများ စိုက်ပျိုး ထားကြောင်း၊ ထုတ်ယူအသုံးပြု ခွင့် စီမံချက်ရေးဆွဲရာ၌ တည် ထောင်ပြီး ခုနစ်နှစ်ပြည့်မှသာ ထုတ်ယူသုံးစွဲရမည်ဖြစ်ကြောင်း၊ စီးပွားဖြစ်ထုတ်ယူမှုကို တည် ထောင်ပြီး ၁၀ နှစ်ကျော်မှသာ ထုတ်ယူခွင့် ရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

လက်ရှိတွင် ဒေသခံအစုအဖွဲ့ပိုင် သစ်တောနှင့်ပတ်သက် သော ဥပဒေမရှိခြင်းကြောင့် အချို့နေရာများ၌ အစုအဖွဲ့ပိုင်သစ်တောများက သစ်ခိုးထုတ်မှုများ ရှိကြောင်း၊ ယင်းတို့ကို သစ်တောဦးစီးဌာနက ဦးဆောင်အရေးယူပေးစေလိုသော်လည်း ဒေသခံ များကသာ တရားလိုလုပ်၍ တရားစွဲရကြောင်း၊ သစ်တောက သက်သေအဖြစ်သာ လိုက်ပါ ဆောင်ရွက်မှုများသည် ဒေသခံ ပြည်သူများအတွက် အခက်အခဲ ဖြစ်ကြောင်း အစုအဖွဲ့ပိုင်သစ် တော လုပ်ဆောင်နေသူများက ဆိုသည်။

၂၀၀၉ တွင် ဒီရေတောအစု အဖွဲ့ပိုင် သစ်တောတည်ထောင် ခဲ့သည့် မင်္ဂလာမြန်မာအဖွဲ့သည် အစုအဖွဲ့ပိုင် ဒီရေတောတစ်သန်း စိုက်ပျိုးခဲ့သော်လည်း ယင်းစိုက်ပျိုးရာ နေရာများသည် သစ်တောဌာနပိုင်မြေ၌ ပါဝင်မှုမရှိကြောင်း၊ သစ်တောဦးစီးဌာနနှင့် အထွေထွေအုပ်ချုပ်ရေးဌာန နှစ်ခုကြား ချိတ်ဆက်မှုမရှိခြင်းကြောင့် ယင်းစိုက်ခင်းများကို စွန့်လွှတ်ခဲ့ရ ကြောင်း မင်္ဂလာမြန်မာ အုပ်ချုပ်မှုဒါရိုက်တာ ဒေါက်တာဖုန်းဝင်းက ပြောသည်။

‘‘တနင်္သာရီမြို့နယ်ထဲမှာ အစုအဖွဲ့ပိုင် သစ်တောဧက ၄,၀၀၀ ကျော်လောက်ရှိတယ်။ အောင်မြင်သင့်သလောက်တော့ မ အောင်မြင်သေးဘူး။ ပြည်သူလူ ထု ထိတွေ့မှုနည်းသေးတယ်’’ဟု တနင်္သာရီမြို့နယ် သစ်တောဦးစီး ဌာန ဦးစီးမှူး ဦးအောင်ကျော်စိုး ကဆိုသည်။

အလားတူ RECOFTC အဖွဲ့ သည် သုံးနှစ်အတွင်း အစုအဖွဲ့ ပိုင် သစ်တောဧကတစ်သိန်း ဖော် ဆောင်ရန် ရည်ရွယ်ထားသော် လည်း လက်ရှိထိ ဧက လေး သောင်းကျော် (၄၇,၀၅၀) သာ ဖော်ဆောင်နိုင်ကြောင်း ယင်းအဖွဲ့ သင်တန်းတာဝန်ခံ ဒေါ်ခင်မိုး ကြည်က ပြောသည်။

‘‘ဒေသခံအစုအဖွဲ့ပိုင် သစ် တောမှာက ဒေသခံတွေ စိတ်ဝင် စားမှရတာ။ သူတို့ပေါ် မူတည် တယ်။ လက်ရှိ လျာထားချက်အရတော့ လျော့နေသေးတယ်’’ဟု ၎င်းကဆိုသည်။

မကွေးတိုင်းဒေသကြီး မြိုင် မြို့နယ်တွင် ဒေသခံအစုအဖွဲ့ပိုင် သစ်တောများ ထူထောင်ထား သော်လည်း ရေရှားပါးသည့် အ ခက်အခဲကို ကူညီနိုင်သူမရှိခြင်းနှင့် အစုအဖွဲ့ပိုင်သစ်တောများသည် နှစ်ရှည်စီမံကိန်းများဖြစ်ခြင်းကြောင့် အစုအဖွဲ့ပိုင် သစ်တောများ၌ ဒေသခံများ ပါဝင်မှု အားနည်းနေကြောင်း မြိုင်မြို့နယ် ဆယ်ပြားကျေးရွာမှ ဦးသိန်းညို က ပြောသည်။

သစ်တောဥပဒေ ခြောက် ချက်တွင် ပြည်သူလူထု ပူးပေါင်း ပါဝင်ခြင်းသည် အချက်တစ်ချက်ဖြစ်ပြီး ယင်းအချက်ကို အထောက် အကူပြုရန် ၁၉၉၅ ၌ ဒေသခံ အစုအဖွဲ့ပိုင်သစ်တော တည်ထောင်ခြင်းဆိုင်ရာ ညွှန်ကြားချက်ကို ထုတ်ပြန်ခဲ့ကာ ဒေသခံများ ပူးပေါင်းပါဝင်သည့် သစ်တောစီမံအုပ်ချုပ်ခွင့်ကို စတင်ဆောင်ရွက် ခဲ့ကြောင်း သစ်တောသုတေသန ဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအိအိဆွေလှိုင်က ပြောသည်။

၁၉၉၅ ဒေသခံအစုအဖွဲ့ပိုင် သစ်တော တည်ထောင်ခြင်းဆိုင် ရာ ညွှန်ကြားချက်၏ ရည်ရွယ် ချက်သည် ဒေသခံပြည်သူများ၏ အခြေခံလိုအပ်ချက်များ ဖြည့် ဆည်းပေးရန်နှင့် ပျက်စီးယိုယွင်း နေသော သဘာဝပတ်ဝန်းကျင် ကို ထိန်းသိမ်းရန်ဖြစ်ကြောင်း ၎င်း ကဆိုသည်။

သို့သော် ပြည်သူလူထု လိုအပ်ချက်များ၊ ဒေသတွင်းလိုအပ် ချက်များ၊ နိုင်ငံတကာလိုအပ်ချက်များ ပြည့်မီရန် ယင်းညွှန်ကြား ချက် ၂၀၁၆ တွင် ပြန်လည်ပြင် ဆင်ခဲ့ကြောင်း ဆိုသည်။
ယင်းပြင်ဆင်ချက်တွင် ကွာ ခြားချက်သည် အခြေခံလူတန်း စားများ လိုအပ်ချက်အပြင် စီးပွား ဖြစ်ပါ ထုတ်လုပ်နိုင်ရန် ခွင့်ပြုပြီး ပြည်သူများ၏ အုပ်ချုပ်လုပ်ကိုင် မှု ထင်ဟပ်စေမည့် အဖွဲ့အစည်း စည်းမျဉ်းစည်းကမ်း ဥပဒေများ ထည့်သွင်းခဲ့ကြောင်း ၎င်းကပြော သည်။

‘‘ဒေသခံ အစုအဖွဲ့ပိုင် သစ် တောက သမားရိုးကျ သစ်တော စီမံအုပ်ချုပ်တဲ့စနစ်မဟုတ်ပါဘူး။ ပြည်သူ့အသံစစ်စစ်ဖြစ်ဖို့ ပြည် သူပါဝင်မှုမရှိဘဲနဲ့ ကျွန်မတို့ ရည် မှန်းထားတဲ့ ရည်ရွယ်ချက်တွေ မရနိုင်ပါဘူး’’ဟု ဒေါ်အိအိဆွေ လှိုင်က ဆိုသည်။

အစုအဖွဲ့ပိုင် သစ်တောများ တွင် ဒေသခံများ ပါဝင်မှုအား ကောင်းရန် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ လွှတ်တော်ကိုယ် စားလှယ်များနှင့် သစ်တောဦးစီး ဌာနတို့ ပူးပေါင်းကွင်းဆင်းကာ ဒေသခံများကို ဟောပြောပွဲများ ပြုလုပ်ပေးရန် လိုအပ်ကြောင်း ဦးသိန်းဦးကပြောသည်။

အစုအဖွဲ့ပိုင် သစ်တောများ အနေဖြင့် ဒေသခံများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ပေးပါက ဒေသခံများ စိတ်ဝင်စားလာနိုင်ကြောင်း အစု အဖွဲ့ပိုင် သစ်တောလုပ်ကိုင်သူ မြိုင်မြို့နယ် ဆယ်ပြားကျေးရွာမှ ဦးသိန်းညိုကပြောသည်။

ဥပမာအားဖြင့် မကွေးတိုင်း တွင် မန်ကျည်းပင်နှင့် ဆီးပင်များ ပေါများသောကြောင့် အဆိုပါ သစ်ပင်များမှ သစ်အချောထည် ပစ္စည်းများ ထုတ်လုပ်သည့် အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ပေးပါက ဒေသခံများ သည် အစုအဖွဲ့ပိုင် သစ်တော တည်ထောင်မှု၌ ပါဝင်လာနိုင် ကြောင်း ၎င်းကဆိုသည်။

ထို့အပြင် အစုအဖွဲ့ပိုင် သစ် တောဖွဲ့စည်းရာတွင် သစ်တော ဌာနပိုင် မြေများ၌သာ တည် ထောင်ခြင်းမပြုဘဲ သစ်တောဌာန နှင့် တိုက်ရိုက်မသက်ဆိုင်သော ဧရိယာများတွင် တည်ထောင်ရန် လိုအပ်ကြောင်း၊ သို့မှသာ သစ် တောထိန်းသိမ်းခြင်း ပီပြင်နိုင် မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ သစ်တောအသင်း အတွင်းရေးမှူး ဦးတင်အေးက ပြောကြား သည်။