ရန်ကုန်တိုင်းအစိုးရ ရောင်းချမည့် အိမ်ရာ ဝယ်ယူခွင့်ရရေး လွှတ်တော် ကိုယ်စားလှယ် ထောက်ခံချက်တောင်းစေခြင်းကို ကိုယ်စားလှယ်များ ဝေဖန်

ရန်ကုန်တိုင်းအတွင်းရှိ တန်ဖိုးမျှတအိမ်ရာစီမံကိန်းတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ရောင်းချမည့် အိမ် ရာများ ဝယ်ယူနိုင်ရန် သက်ဆိုင် ရာမြို့နယ် လွှတ်တော်ကိုယ်စား လှယ်များကို ထောက်ခံခိုင်းခြင်း သည် အစိုးရအနေဖြင့် မလုပ်သင့် သည့်အလုပ်ကို လုပ်ခိုင်းခြင်းဖြစ် ကြောင်း ဒဂုံမြို့နယ် တိုင်းဒေသ ကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ဝေဖန်ပြော ကြားသည်။

 ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ရောင်းချမည့် အိမ် ရာစီမံကိန်းများကို ဝယ်ယူခွင့် လျှောက်ထားသူများ အနေဖြင့် အိမ် (သို့မဟုတ်) မြေပိုင်ဆိုင်မှုမရှိကြောင်း လက်ရှိနေထိုင်သည့် မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ထောက်ခံ ချက်ပါရှိရမည်ဟု အိမ်ရာဝယ် ယူခွင့်လျှောက်လွှာများတွင် ဖော် ပြသည်။


‘‘မဲဆန္ဒရှင် ပြည်သူတွေရဲ့ ထောက်ခံချက်နဲ့ ကိုယ်စားလှယ် ဖြစ်လာတာ၊ ကိုယ့်ဆီ မဲဆန္ဒရှင် ပြည်သူက ထောက်ခံချက် လာ တောင်းတော့ ကိုယ်စားလှယ် ဘက်က စဉ်းစားကြည့်၊ ဘယ်လို လုပ်ရမလဲ၊ ထောက်ခံချက်မပေး ဘူးဆို ဘယ်လိုဖြစ်သွားမလဲ။ သို့ လောသို့လောတွေက အများကြီး ပေါ့။ ထောက်ခံစာလာရင် ဆုပ် လည်းစူး စားလည်းရူး၊ မထောက် ခံရင် ပြည်သူက ကိုယ်စားလှယ် ကို ရွံသွားဦးမယ်လေ။ ပြောချင် တဲ့ အနှစ်သာရကတော့ အစိုးရနဲ့ လွှတ်တော်၊ လွှတ်တော်နဲ့ အစိုးရ မလုပ်သင့်သော အလုပ်ကို လုပ်ချလိုက်တာပဲလို့ ပြောချင်ပါ တယ်’’ဟု ဦးကျော်ဇေယျက ဆို သည်။

အဆိုပါလျှောက်လွှာများ ကို ကိုယ်စားလှယ်က ထောက်ခံပေးရန် မသိမီကတည်းက လျှောက် လွှာများ လာရောက်လျှောက်ထားကြောင်း ၎င်းကဆိုသည်။

အဆိုပါ လျှောက်လွှာများကို ထောက်ခံရန် လွှတ်တော်ကိုယ် စားလှယ်များ စောဒကတက်ရာ မှ ဖေဖော်ဝါရီ ၂၆ ရက်တွင် ရပ်ကွက်၊ မြို့နယ် အုပ်ချုပ်ရေးမှူး များ၏ ထောက်ခံချက်လက်မှတ်ပါလျှင် ကိုယ်စားလှယ်က လက်မှတ်ထိုးပေးနိုင်ကြောင်း လွှတ် တော်ဥက္ကဋ္ဌထံမှ အမိန့်ညွှန်ကြား စာ တရားဝင်ထွက်လာခြင်းဖြစ် သည်။

‘‘ပထမတော့ အငြင်းပွား ဖွယ်ဖြစ်တာလေ။ ကိုယ်တို့ ကိုယ် စားလှယ်တွေမသိဘူး။ အငြိမ်း စား ပင်စင်စားတွေ သာမန်ပြည် သူတွေကို ဖောင်တွေလွှတ်လိုက် ပြီးတော့ လာထောက်ခံခိုင်းတော့ မှ သိတယ်။ မသိတဲ့အတွက် Complain လုပ်တာပေါ့။ အစိုးရ အနေနဲ့ အုပ်ချုပ်ရေးပိုင်းက လူ တွေအနေနဲ့ ဒီလိုမျိုး ထည့်သွင်း ပြီးတော့ ပါဝင်ခိုင်းမယ်ဆို လွှတ် တော်ဥက္ကဋ္ဌကြီးဆီကို ညွှန်ကြား ချက်တစ်စုံတစ်ရာပေးဖို့လိုတယ်။  အဲဒီလိုပြောလိုက်တဲ့အခါ ညွှန် ကြားချက်ပေးတယ်’’ဟု ပန်းဘဲ တန်းမြို့နယ် လွှတ်တော်ကိုယ် စားလှယ် ဦးသန်းနိုင်ဦးက ပြော ကြားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ တရားဝင် လုပ်ထုံးလုပ်နည်းများ နှင့်အညီ လွှတ်တော်သို့ အသိပေး ပြီးမှ ဆောင်ရွက်ပါက ပိုမိုသင့် လျော်ကြောင်း ၎င်းက ပြောကြား သည်။

‘‘လွှတ်တော်ကိုယ်စားလှယ် တွေ ထောက်ခံပေးမှ ရောင်းမယ် ဆိုတဲ့ သတင်းက အပြင်မှာ အ ရင်ဆုံး ထွက်လာတယ်။ ကျွန် တော်တို့ ဘာမှ မသိရသေးဘူး။ လွှတ်တော်ဥက္ကဋ္ဌကလည်း ဘာမှ သေသေချာချာ မသိရသေးဘူး။ ကျွန်တော်တို့ လွှတ်တော်ဥက္ကဋ္ဌ ဆီမှာ မေးမှထွက်လာတဲ့သတင်း။ နောက်ပိုင်းမှ ဘယ်လိုစီစဉ်ဆောင် ရွက်ရမလဲဆိုတာ ထွက်လာတာ’’ ဟု မင်္ဂလာတောင်ညွန့်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှ ဌေးက ပြောသည်။

အုပ်ချုပ်ရေးမှူးများ၏ ငွေ ကြေးပေးမှ လက်မှတ်ထိုးပေးမည် ဆိုသည့်ကိစ္စကို ကျော်လွှားရန် လွှတ်တော်ကိုယ်စားလှယ်များထံ တိုက်ရိုက်ထောက်ခံချက် တောင်း ဆိုခြင်းဖြစ်ကြောင်း ၎င်းက ပြော သည်။

‘‘ထောက်ခံချက်တောင်းတဲ့ နေရာမှာ အဓိကကြုံတဲ့ပြဿနာ က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ကြုံတဲ့ပြဿနာ။ ပိုက်ဆံတောင်း တယ်ဆိုတဲ့ကိစ္စ။ ကျွန်တော်တို့ က ဒီအဆင့်ကို ကျော်ချင်တယ်။ ဒါပေမဲ့ အခုက ရပ်ကွက်အုပ်ချုပ် ရေးမှူးက ထောက်ခံချက်ပေးရ မယ်ဆိုတဲ့ အဆင့်ကို ပြန်ရောက် တယ်ဆိုတော့ ဒီအဆင့်ကို ပြည် သူက မကျော်နိုင်ဘူး ဖြစ်သွား တယ်’’ဟု ဦးသန်းနိုင်ဦးက ဆို သည်။

တိုင်းအစိုးရအဖွဲ့က ရောင်းချမည့် အိမ်ရာများကို ဝယ်ယူလို သူများအနေဖြင့် အသက်(၃၂)နှစ် ပြည့်ပြီးသည့် မြန်မာနိုင်ငံသားဖြစ်ရမည်ဖြစ်ပြီး အိမ်ထောင်တစ်စု တွင် တစ်ဦးသာ လျှောက်ထားခွင့် ရှိသည်ဟု ဖော်ပြထားသည်။ ဝင် ငွေနည်းပြည်သူ၊ နိုင်ငံ့ဝန်ထမ်း။ ပင်စင်စား၊ ကုမ္ပဏီဝန်ထမ်းများ သို့ရောင်းချမည်ဖြစ်သည်။

အိမ်ရာလျှောက်ထားသူ၏ မိသားစုပျမ်းမျှ လစဉ်ဝင်ငွေ စုစု ပေါင်းသည် ကျပ်သုံးသိန်းမှ ၁၂ သိန်းအထိ ရှိရမည်ဟု ဖော်ပြထားသည်။

 ရန်ကုန်တိုင်းအစိုးရက ရောင်းချမည့် အိမ်ရာများသည် ဒဂုံ မြို့သစ်တောင်ပိုင်းရှိ အင်းဝအိမ် ရာ၊ ကောင်းစံသာအိမ်ရာ၊ ဒဂုံမြို့ သစ် ဆိပ်ကမ်းမြို့နယ်ရှိ ယုဇန အိမ်ရာ အပိုင်း ၁၊ ၂၊ ကနောင် အိမ်ရာ၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ကြီးပွားရေးအိမ်ရာ၊ လှိုင်သာယာ မြို့နယ်ရှိ ရွှေလင်ဗန်းအိမ်ရာ၊ ထီး လှိုင်အိမ်ရာ၊ ရွှေပြည်သာမြို့နယ် ရှိ Shop House များနှင့် မြောက် ဥက္ကလာပမြို့နယ်ရှိ ရွှေပေါက်ကံ အိမ်ရာတို့ဖြစ်သည်။

Top News