ရေစကြိုမီး အိမ်တစ်ရာကျော်ဆုံးရှုံး၊ လူတစ်ထောင်ခန့် အိုးမဲ့အိမ်မဲ့ဖြစ်

မတ်လ ၃ရက် ညက သစ်တောကြီးကျေးရွာတွင် မီးလောင်ကျွမ်းနေစဉ် (ဓာတ်ပုံ − ဦးဗိတ် FB)

မီးဖိုမီးကြွင်းမီးကျန်မှ တစ်ဆင့် လူနေအိမ် ၁၅၄ လုံးအထိ မီးလောင်ဆုံးရှုံးခဲ့သည့် ရေစကြိုမီး ဘေးသင့်ပြည်သူများအတွက် အ စိုးရက တစ်အိမ်တစ်သိန်းနှုန်းအပြင်   တစ်ပတ်စာဆန်ဖိုးပါ ထောက်ပံ့ မည်ဖြစ်သည်။

မီးဘေးသင့်သူများအတွက် မကွေးတိုင်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီး ဌာနက တစ်အိမ်လျှင် ကျပ်တစ် သိန်းနှုန်းဖြင့် ကျပ် ၁၅၄ သိန်း၊ လူ တစ်ဦးအတွက် တစ်ပတ်စာ ဆန် ဖိုး ကျပ် ၂,၁၀၀ ကူညီထောက်ပံ့မည်ဟု တိုင်းညွှန်ကြားရေးမှူး ဦးမြင့်စိုးက ပြောသည်။

သစ်ကြီးတောကျေးရွာနေ ဦးပေါ်ဦး၏ ထန်းလက်မိုး၊ ထန်း လက်ကာမြေစိုက်နေအိမ်တွင် မတ်လ ၃ရက် ည ၈ နာရီခွဲခန့်က မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့်  အိမ်အကာသို့ မီးကူးစက်လောင်ကျွမ်းခြင်းကြောင့် လူဦးရေ ၈၉၃ ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြောင်း ရေစကြိုမီးသတ်တာဝန်ရှိသူတစ်ဦးက ပြောသည်။

 အဆိုပါမီးလောင်ကျွမ်းမှုကို မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းရှိ မြို့နယ်မီးသတ်နှင့် မီးသတ်ဌာနခွဲများ၊ အရန်မီးသတ်တပ်ဖွဲ့များက မီးငြှိမ်းသတ်ယာဉ်နှင့် ရေသယ်ယာဉ် ၂၅ စီးဖြင့် ငြှိမ်းသတ်ခဲ့ရာ ည ၉ နာရီ မိနစ် ၃၀ တွင် မီးထိန်းနိုင်ခဲ့ပြီး၊ နံနက် ၂နာရီကျော်၌ လုံးဝမီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း မြို့နယ်မီးသတ်တာဝန်ရှိသူက   ပြောသည်။

‘‘ရွာကိုအနီးဆုံးမီးသတ်က မီးသတ်ကားမောင်းမယ်ဆိုရင် တောင် ရွာကိုရောက်ဖို့ ၁၅ မိနစ် လောက်မောင်းရတယ်။ ရွာက အိမ်တွေကလည်း သက်ငယ်မိုး၊ ထရံကာတွေက များတယ်။ နောက်ပြီး နွားစာတို့လို မီးလောင်လွယ် တဲ့ ပစ္စည်းတွေကလည်းရှိတော့ မီးလောင်လွယ်တယ်။ ဘယ်သူမှ ဘာပစ္စည်းမှမရလိုက်ကြဘူး။ အကုန်ဆုံးရှုံးတာပဲ’’ဟု မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ရေစကြိုမြို့နယ် အမှတ် (၂) မဲဆန္ဒနယ် ဦးမင်းဟန်ကဆိုသည်။ 

သစ်ကြီးတောကျေးရွာသည်  တောင်သူလုပ်ငန်းအပြင် အမွှေး တိုင်လိပ်သည့်အလုပ်ကိုလည်း လက်ခစားဖြင့် အိမ်တိုင်းနီးပါး လုပ်ကိုင်ကြောင်း၊ အမွှေးတိုင် လုပ်သည့်ခုံများ မီးလောင်ကျွမ်း၍ စားဝတ်နေရေးအခက်အခဲဖြစ် ပေါ်နေကြောင်း သစ်ကြီးတော ကျေးရွာသူ၊ ကျေးရွာသားများက ပြောသည်။

‘‘ဇွန်းတစ်ချောင်းတောင်မရ လိုက်ဘူး။ လူလွတ်အောင်ပြေး နေရတော့ ဘာတစ်ခုမှမသယ် လိုက်တော့ အမွှေးတိုင်လုပ်တဲ့ခုံ တွေလည်း မီးထဲပါကုန်တာပဲ။ လုပ်စားစရာကိုမရှိတော့ဘူး’’ဟု သစ်ကြီးတောကျေးရွာမှ ဒေါ်ဌေးရှိန်က ပြောသည်။

ပစ္စည်းများသယ်ယူနိုင်ခြင်း မရှိသဖြင့် အ၀တ်အစားများ၊ ချက်ပြုတ်စားသောက်ရန် အိုးခွက်ပန်း ကန်များလိုအပ်နေပြီး လက်တ လောနေထိုင်ရန် အခက်အခဲဖြစ် နေကြောင်း ကျေးရွာသူ၊ ကျေးရွာ သားများက ပြောသည်။

မီးဘေးသင့်သူများအတွက် မြို့နယ်အတွင်းရှိ အလှူရှင်များက လှူဒါန်းပြီး ထမင်းထုပ်များ ပေးပို့နေကာ သက်ဆိုင်သည့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများက စီမံခန့်ခွဲဆောင်ရွက်နေကြောင်း ၎င်းက ပြောသည်။

‘‘စဖြစ်ဖြစ်ချင်းဆိုတော့ လှူ တဲ့ ထမင်းထုပ်တွေဆိုပိုလျှံတောင် နေပါသေးတယ်။ ဒါပေမဲ့ ဒီတစ် ရက်တည်းမဟုတ်တော့ နောက်ရက်တွေမှာ ညှိနှိုင်းပြီးတော့ အလှည့်ကျ ထမင်းထုပ်ကူညီနိုင်ဖို့စီစဉ်နေပါတယ်။ အကူအညီတွေကတော့ အများကြီးလိုအပ်နေဦးမှာပါ’’ဟု ဦးမင်းဟန်က ဆိုသည်။

ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၆၄၀ ခန့်ဖြစ်ပြီး လက်ရှိတွင် မီး ဘေးသင့်ပြည်သူများကို ရွာဘုန်းတော်ကြီးကျောင်းနှင့် ကျေးရွာအထက (ခွဲ)ကျောင်း၌ နေရာချပေးထားကြောင်း မီးသတ်တာဝန်ရှိသူက ပြောသည်။

‘‘ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုးကိုလည်း ထောက်ပံ့သွားပါမယ်။ ခြင်ထောင်တို့၊ ခေါင်းအုံး၊ စောင်၊ ဒန်အိုး၊ ဒန်ခွက်အဲဒီလိုမျိုးအိမ်အသုံးအဆောင်ပစ္စည်းမျိုးတွေကိုလည်း ထောက်ပံ့သွားမယ်’’ဟု ဦးမြင့်စိုးက ပြော သည်။ မီးစတင်လောင်ကျွမ်းသည့် အိမ်ပိုင်ရှင် ဦးပေါ်ဦးကို ရေစကြိုမြို့နယ် မအူနယ်မြေရဲစခန်းက ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူဆောင် နေကြောင်း ရဲစခန်းတာဝန်ရှိသူတစ်ဦးက ပြောသည်။

Top News