ဘုရားဖူးယာဉ်တစ်စီး အရှိန်လွန်ပြီး လမ်းဘေးသစ်ပင်ဝင်တိုက်၍ ခရီးသည် ၂၀ ကျော် ဒဏ်ရာရ

ဘုရားဖူးပြန်လာသည့် ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသစ်ပင်ကို ၀င်တိုက်ခဲ့သဖြင့် ခရီးသည် ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိမှု မကွေးတိုင်း အောင်လံမြို့နယ်တွင် မတ်လ ၅ ရက် ညနေက ဖြစ်ပွားခဲ့သည်။

 အောင်လံမြို့နယ် မြောက် ဘက် ဘုရားတောင်ဗွေကျေးရွာ အနီးတွင် ဖြစ်ပွားခဲ့ပြီး အောင်လံမြို့မှ တောင်တွင်းကြီးမြို့နယ် (တောင်မှ မြောက်သို့) မောင်းနှင် လာသည့် အဆိုပါ ဘုရားဖူးယာဉ် သည် ယင်းကျေးရွာအရောက် အရှိန်မထိန်းနိုင်ဖြစ်ကာ လမ်းဘေးရှိကျွန်းပင်ကို ၀င်တိုက်မိခဲ့သည်။  ‘‘ကားတိုက်မိတယ် ကြား ကြားချင်း အရင်ရောက်သွားခဲ့ပါ တယ်။ သစ်ပင်ကိုတိုက်မိလို့ ကားက ခေါင်းပိုင်းတစ်ခုလုံး ကြေသွား တယ်။ ခရီးသည်တွေကို ပြတင်း ပေါက်တွေက ခက်ခက်ခဲခဲ ထုတ် ခဲ့ရတယ်’’ဟု အောင်လံမြို့နယ် မေတ္တာမွန် ကူညီရေးအသင်းမှ ကိုလှဦးက ပြောသည်။

 သရက်မြို့မှ တောင်တွင်းကြီးမြို့နယ် ပန်းတောကျေးရွာမှ ဘုရားဖူးခရီးသည် ၃၀ ကျော်ကို တင်ဆောင်လာပြီး ကျိုက်ထီးရိုး၊ ချောင်းသာဘုရားဖူးခရီးမှ အပြန်တွင် ယခုကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း အောင်လံ မြို့မရဲတပ်ဖွဲ့ စခန်းမှတာဝန်ရှိသူတစ်ဦးက ပြောသည်။ အသက်(၂၉)နှစ်ရှိ ယာဉ်မောင်းကို အောင်လံ မြို့မရဲတပ်ဖွဲ့စခန်းက ရာဇသတ်ကြီးပုဒ်မ ၃၃၇၊ ၃၃၈ ဖြင့် အမှုဖွင့် ဖမ်းဆီးထားပြီး ခရီးသည် ၃၀ ဦးအနက်၂၀ ဦး ထိခိုက်ဒဏ်ရာများ ရရှိသောကြောင့် အောင်လံပြည်သူ့ဆေးရုံတွင် တင်ပို့ကုသပေးနေကြောင်း ၎င်းကပြောသည်။

ကျန်ခရီးသည်များကို နေ ရပ်သို့ ပြန်လည်ပို့ဆောင်ပေးမည် ဖြစ်ပြီး ဒဏ်ရာရရှိသူများအနက် နှစ်ဦး စိုးရိမ်ရကြောင်း အကူအညီပေးနေသည့် အောင်လံမြို့ခံလူမှုကူညီရေးအသင်းမှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

Top News