ချောက်တွင် ကလေးငယ်နှစ်ဦး မီးခြစ်ဆော့ကစားရာမှ မီးလောင်မှုဖြစ်ပွား

ချောက်မြို့နယ် အိုးဘိုရွာ မီးလောင်ပြီး အခြေအနေကို တွေ့ရစဉ် (ဓာတ်ပုံ − ချောက်မြို့နယ်မီးသတ်ဦးစီးဌာန )

မကွေးတိုင်း ချောက်မြို့ နယ် အိုးဘိုကျေးရွာတွင် မတ်လ ၇ ရက် နံနက်က မီးလောင်မှုဖြစ် ပွားပြီး ဆိတ်၊ ကျွဲ၊ နွားစသည့် အိမ်မွေးတိရစ္ဆာန်အကောင် ရှစ်ဆယ် ကျော်မီးလောင်ခံခဲ့ရကြောင်း ချောက်မြို့နယ် မီးသတ်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းကျေးရွာတွင် နေထိုင် သူ အသက် (၄) နှစ်အရွယ် မိန်းကလေးငယ်နှစ်ဦး မီးခြစ်ကို ဆော့ ကစားရာမှ မီးလောင်ကျွမ်းမှုဖြစ် ပွားခဲ့ကြောင်း ချောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။

ချောက်မြို့နယ် ဆားလယ် (စလယ်)ကျေးရွာအုပ်စု အိုးဘို ကျေးရွာတွင် ယင်းနေ့နံနက် ၁၁ နာရီက စတင်လောင်ကျွမ်းခြင်း ဖြစ်ပြီး လူထိခိုက်သေပျောက်မှု မရှိသော်လည်း အိမ်မွေးတိရစ္ဆာန် ဆိတ်အကောင် ၈၀၊ နွားနှစ်ကောင်နှင့် ၀က်သုံးကောင်မီးလောင်ကျွမ်းခံခဲ့ရကြောင်း ချောက်မြို့နယ်တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်းဝင်းက ပြောသည်။ နေအိမ် ၁၈ လုံးနှင့် ဆိုင်ကယ်ငါးစီး၊ စက်ဘီးသုံးစီးအပါအ၀င် ကာလတန်ဖိုးကျပ်သိန်း ၈၀ ကျော် ဆုံးရှုံးခဲ့ရပြီး လူဦးရေတစ်ရာ ကျော်အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း ၎င်းက ပြောသည်။

‘‘ရွာက ၀ိုင်းဝန်းငြှိမ်းသတ်ကြ သလို ချောက်နဲ့ ရေနံချောင်းက မီးသတ်ယာဉ်တွေလည်း ရောက် ပါတယ်။ နေ့လယ် ၁ နာရီခွဲ လောက်မှာ မီးနိုင်သွားပါပြီ။ အပြီးသတ်ငြှိမ်းသတ်တာလောက်ပဲရှိ တော့တယ်’’ဟု ၎င်းက ပြောသည်။အိုးဘိုကျေးရွာသည် အိမ်ခြေ သုံးရာခန့်ရှိပြီး ဆိတ်မွေးမြူရေးခြံပါ  မီးလောင်ကျွမ်းခံခဲ့ရသောကြောင့် တိရစ္ဆာန်သေပျောက်မှုရှိခဲ့ ကြောင်း ချောက်မြို့ဒေသခံ ဦးသန်းတင်က ပြောသည်။

‘‘ရာသီဥတုကလည်း ပူလာ တော့ မီးလောင်ကျွမ်းတဲ့အချိန်မှာ ပူပြီးအနားမကပ်နိုင်လို့ တိရစ္ဆာန်  တွေကို လွှတ်လိုက်ချိန်မရဘူးဖြစ် သွားတာ ခြံထဲတင်လောင်ကျွမ်း ပြီး သေကုန်တာ’’ဟု အိုးဘိုကျေး ရွာဒေသခံတစ်ဦးက ပြောသည်။

အိုးဘိုကျေးရွာသည် ချောက် မြို့နယ်တွင်ရှိသော်လည်း မြို့နယ်အစွန်ကျေးရွာဖြစ်သောကြောင့် ချောက်မြို့နှင့် ဝေးကွာပြီး ရေနံချောင်းမြို့နယ်နှင့် ပိုမိုနီးကပ်သော ကျေးရွာဖြစ်သည်။

မကွေးတိုင်းဒေသကြီး ချောက်မြို့နယ်အတွင်း မတ်လ ၇ ရက် နေ့လယ်ပိုင်းတွင် မီးနှစ်နေရာ လောင်ကျွမ်းမှု ဖြစ်ပွားကြောင်း ဒေသခံများက ပြောသည်။  ဆားလယ်ကျေးရွာအုပ်စု အိုးဘိုကျေးရွာမီးလောင်ကျွမ်းမှုနှင့် မိုလာရဲစခန်းအနီး ရေနံမြေနယ်တွင် တောမီးများလောင်ကျွမ်းခဲ့သည်။

တောမီး လောင်ကျွမ်းရာ နေရာသို့ MOGE မီးသတ်ယာဉ် နှစ်စီး၊ ရေသယ်ယာဉ် နှစ်စီးတို့နှင့် ရေနံမြေလုပ်သားများ စုပေါင်းမီးငြှိမ်းသတ်နိုင်ခဲ့သည်ဟု ဒေသခံများက ပြောကြားသည်။

Top News