မီးလင်းချိုင်ဟု ခေါ်ပါ

မီးလောင်ချိုင်ကျေးရွာအနီး ပင်လယ်ပြင်တွင် ရေလုပ်ငန်းလုပ်ကိုင်နေကြသူများ (ဓာတ်ပုံ - သက်ဆွေ)

အသက်(၃၀)အရွယ် မီးလောင်ချိုင်ရွာသား တက်မကိုင်ကြီး ကိုကျော်စွာထွန်း တစ်ယောက် အိမ်နှင့်မလှမ်းမကမ်းမှ နေ၍ နေ၀င်လုဆဲဆဲ ပင်လယ်ပြင်ကြီးအား လှမ်း၍ကြည့်နေသည်။ သာမန်အနေဖြင့် ကြည့်ပါက ရေပေါ်တွင် ထိုးထိုးထောင်ထောင် ထွက်နေသည့် ကျောက်စိုင်ကျောက်သားများ၊ ခပ်ဝေးဝေးမှ လက်သဲခွံခန့်သာ မြင်ရသော ပင်လယ်ငါးဖမ်းလှေများကိုသာ တွေ့မြင်ရနိုင်သည်။

သို့သော် ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်လာသည့် အတွေ့အကြုံ အရ တက်မကိုင်ကြီး၏ အမြင်တွင် ပင်လယ်ရေမျက်နှာပြင်၌ အုပ်စုလိုက် ကူးခတ်နေသည့် ငါးများ၊ ယင်းတို့၏ အရွယ်အစား၊ အမျိုး အစား၊ ထွက်ရှိမည့် ပိဿာချိန်ကို သူ့အနေဖြင့် ခန့်မှန်းပြောဆိုနိုင် သည်အထိ ကျွမ်းကျင်သည်။ ထိုငါးများကို မြင်သည်နှင့် သူ၏ ငါးဖမ်းအဖွဲ့ကိုခေါ်ကာ အသင့်ပြင်ထားသောလှေဖြင့် ပင်လယ်ပြင်သို့ထွက်ကာ ငါးဖမ်းတော့သည်။ သူတို့တွင် ညအမှောင်ဆိုသည် မရှိ။ လှိုင်းကြမ်းခြင်း၊ လေကြမ်း ခြင်းဆိုသည်လည်း မရှိ။ ချမ်း သည်၊ အေးသည်ဟူ၍လည်း မသိ။ဘ၀ရပ်တည်ရေးအတွက် သူတို့၏ မိတ်ဆွေပင်လယ်ကြီးမှ ခေါ်ဆောင်လာသည့် ငါးများ ဖမ်းမိ ဖို့အရေးသာ အဓိကဖြစ်သည်။

ကိုကျော်စွာထွန်းတို့နေထိုင်ရာ ကမ်းခြေရွာလေးဖြစ်သည့် မီး လောင်ချိုင်ရွာသည် ပုသိမ်မြို့၏ အနောက်မြောက်ဘက်တွင် တည်ရှိသည်။ ပုသိမ်မြို့မှ သဘော့ကန် ကျေးရွာအထိ ကုန်းလမ်းဖြင့် မိုင် ၅၀ ခန့်ခရီးကို ကားဖြင့်သွားပါက ၂ နာရီကြာ သွားရသည်။ သဘော့ ကန်ကျေးရွာမှ မီးလောင်ချိုင်ရွာ သို့ ပင်လယ်ဖြတ်ကျော်ကာ ရေမိုင် ၇ မိုင်ခန့် သွားရသည်။

ကမ်းခြေတစ်လျှောက် အုန်း ပင်များ အစီအရီပေါက်နေသော မီးလောင်ချိုင်ရွာသည် အနောက် ရိုးမနှင့် ဆက်စပ်နေသော တောင် တန်းများနှင့် ပင်လယ်သဲသောင် အကြားတွင် ရွာတည်ထားသည်။ ဒေသခံများသည် ထိုအုန်းခင်းများ အတွင်း နေထိုင်ပြီး၊ လူနေအိမ် ၂၅ လုံးနှင့် မိသားစု ၂၈ စု ၊ လူဦး ရေ ၈၃ ဦးသာရှိသည်။ ပင်လယ်ကိုကျောပေး၍ ဆောက်ထားသည့် နေအိမ်က အများစုဖြစ်သည်။ အဆိုပါကျေးရွာ၌ လက်ရှိတွင် ဘုန်းကြီးကျောင်းတစ်ကျောင်း၊ မူလတန်းကျောင်းတစ်ကျောင်း ရှိ သည်။ နေအိမ်တိုင်းလိုလိုတွင် ညအလင်းရောင်ရရှိရေး  ဆိုလာပြား များ အသုံးပြုနေထိုင်သည်။

ပင်လယ်ကမ်းခြေတွင် နေထိုင်သူများဆိုသော်လည်း ဒေသခံအများစုသည် ရွာနှင့်ကပ်လျက် တောင်ပေါ်တွင် တောင်ယာခုတ် ထွင်ရှင်းလင်း၍ နှစ်ရှည်၊ နှစ်တိုနှင့် စားပင်၊ သီးပင်များ စိုက်ပျိုးသည်။ နေအိမ်များတွင်  ကြက်၊ ဘဲ၊၀က်၊ နွား စသည့် တိရစ္ဆာန်များမွေးမြူကြသည်။ လက်ရှိအချိန် အထိ မီးလောင်ချိုင်ရွာမှ ငါးပိ၊ငါးခြောက်ကဲ့သို့သော ပင်လယ်ထွက်ကုန်ပစ္စည်းများ၊ အုန်းသားများနှင့် အုန်းခွံမီးသွေးများ၊ သစ်အမျိုးမျိုး၊ ၀ါးအမျိုးမျိုး၊ ထင်း၊ မီးသွေး စသည့် ထွက်ကုန်များ ထွက်သည်။

‘‘ကျွန်တော်တို့ မမီတဲ့ခေတ်ကပေါ့။ လူကြီးတွေပြန်ပြောလို့ ပြောဖူးတာ။ ဒီချိုင်မှာ လူမနေကြဘူး။ ဒါပေမဲ့ မျှင်ငါးပိလုပ်တဲ့ မျှင်ကောင်တွေက အရမ်းပေါတယ်။ မျှင်ချိန်ကျရင် ရခိုင်ကနေလာပြီး မျှင်ငါးပိလုပ်ကြတယ်။ အဲဒီလို လုပ်တော့ ဒီကမ်းခြေမှာ တဲကလေးတွေထိုးပြီးနေကြတယ်။ လုပ်ကိုင်ပြီးလို့ ပြန်ကြတော့ ဒီတဲတွေ ဘယ်ဖျက်ကြမလဲ။ ကမ်းနဲ့ ကိုက်တစ်ရာ၊ နှစ်ရာလောက်လည်း ရောက်ရော။ အဲဒီတဲတွေအားလုံး သူ့အလိုလို မီးထလောင်သွားတယ်။ ပြောရရင် ဒီနေရာကို သန့်စင်ပစ်လိုက်တဲ့ သဘောပေါ့။ ဒါကိုအစွဲပြုပြီး မီးလောင်ချိုင်လို့ ခေါ်ခဲ့တာ’’ဟု အသက် (၆၃) နှစ်ရှိ ဒေသခံဦးလှသိန်းက မီးလောင်ချိုင်ကျေးရွာအမည်နှင့်ပတ်သက်၍ ပါးစပ်ရာဇ၀င်ကို ရှင်းပြသည်။

 မီးထလောင်သဖြင့် မီးလောင်ချိုင်ဟု အမည်တွင်ခဲ့သည့် ရွာကလေးသည် ယခုတော့ မီးလင်းချိုင်ဖြစ်ဖို့ အကြောင်းဖန်လာ ပြီဖြစ်သည်။ အဘယ်ကြောင့်ဆို သော် သဘာဝဓာတ်ငွေ့အရည် (LNG) ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည့် အကြီးစားစက်ရုံစီမံကိန်းကို မီးလောင်ချိုင်ကျေးရွာ တွင်ပြုလုပ်ရန် အစိုးရက စီစဉ်နေ သောကြောင့် ဖြစ်သည်။

LNG မှ လျှပ်စစ်ထုတ်လုပ် ခြင်းဆိုသည်မှာ သဘာဝဓာတ်ငွေ့ များကို ဖိအားပေး၍ အရည်ဖြစ် စေသည်။ ထို့နောက် ပင်လယ်ကူးသင်္ဘောများဖြင့် သယ်ဆောင်ကာ ဓာတ်အားပေးစက်ရုံများတွင် ပြန်လည်၍ ဓာတ်ငွေ့ပြန်ဖြစ်စေ သည်။ ထိုသဘာဝဓာတ်ငွေ့များ လောင်ကျွမ်းသည့်အပူမှ လျှပ်စစ်ထုတ်လုပ်ခြင်းဖြစ်သည်။


မီးလောင်ချိုင်ကျေးရွာရှိ နေအိမ်တစ်လုံးကို တွေ့ရစဉ် (ဓာတ်ပုံ-သက်ဆွေ)

မြန်မာနိုင်ငံတွင် LNG မှ လျှပ်စစ်ထုတ်မည့် စက်ရုံစီမံကိန်းများကို ထားဝယ်ခရိုင်ရှိ ကံပေါက်ဒေသ၊ ဧရာဝတီတိုင်း မီးလောင် ချိုင်၊ ရန်ကုန်တိုင်း အလုံနှင့်တနင်္သာရီတိုင်း ကျွန်းစုမြို့နယ်တို့တွင် ဆောင်ရွက်မည်ဖြစ်သည်။

ယင်းစီမံကိန်း လေးခုအနက် မီးလောင်ချိုင်တွင်ပြုလုပ်မည့် စီမံကိန်းသည် အကြီးဆုံးစီမံကိန်းဖြစ် ပြီး ဓာတ်အားမဂ္ဂါဝပ် ၁,၃၉၀  ထုတ်လုပ်မည်ဖြစ်သည်။ ယင်းစီ မံကိန်းအတွက် တရုတ် Zhefu ကုမ္ပဏီနှင့် ပြည်တွင်းမှ Supreme ကုမ္ပဏီတို့ ပူးပေါင်းလုပ်ကိုင်မည်ဖြစ်ကာ ရင်းနှီးမြှုပ်နှံမှုပမာဏ ကန်ဒေါ်လာ နှစ်ဘီလီယံခွဲရှိသည်။ စီမံကိန်းပထမအဆင့်သည် သုံး နှစ်ဖြစ်ပြီး သုံးနှစ်ခွဲအကြာတွင် မဂ္ဂါဝပ် ၁,၃၉၀ ထုတ်လုပ်နိုင်မည် ဖြစ်သည်။

လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည့် စက်ရုံစီမံကိန်းအတွက် နေရာရွေးချယ်ရာတွင် ကမ်းနှင့် မနီးမဝေးနေရာသည် ပင်လယ်ရေစူး ၁၅ မီတာ(ပေ ၅၀)ရှိခြင်း၊ လူနေကျဲပါးသော နေရာဖြစ်ခြင်း၊ မြို့ ရွာများနှင့် ဝေးသည့်နေရာဖြစ်ခြင်း စသည့် အခြေခံအချက်များဖြင့် ရှာဖွေရွေးချယ်ခဲ့ကြောင်း Supre-me  ကုမ္ပဏီ၏ ပရောဂျက်မန်နေဂျာ ဦးအောင်မျိုးခိုင်ကပြောသည်။

‘‘သတ်မှတ်ထားတဲ့ အချက်အလက်တွေနဲ့ ကိုက်ညီလို့ ဒီမီး လောင်ချိုင် ရွာကိုရွေးလိုက်တာပါ’’ဟု ဦးအောင်မျိုးခိုင်က ပြောသည်။  မီးလောင်ချိုင်ကျေးရွာတွင် လျှပ်စစ်ဓာတ်အားပေး စက်ရုံ ဆောက်ရန် မြေဧရိယာဧက ၈၁၀ အသုံးပြုရန် ကုမ္ပဏီက စီစဉ်ထားသည်။ စက်ရုံအကောင်အထည်ဖော် တည်ဆောက်မည့် နေရာသည် ဒေသခံများနေထိုင်သည့် ရွာတစ်လျှောက်၊ လုပ်ကိုင်စားသောက်နေသည့် တောင်တန်းကြီး နှင့် ငါးဖမ်းနေသော ဧရိယာအများစု ပါဝင်သွားသည်။

မူလက အဆိုပါကျေးရွာတွင် အိမ်ခြေ ၅၀ ကျော်ရှိသည်။ ၂၀၁၃ ခန့်ကစ၍ အချို့ဒေသခံများသည် မိမိတို့ပိုင်ဆိုင်သည့် အုန်းခြံများနှင့် တောင်ယာများကို  ဒေသခံမဟုတ်သူများထံ ရောင်းချကာ ထိုဒေသမှ ပြောင်းရွှေ့သွားခဲ့သည်။

လက်ရှိကျန်နေသော အိမ်ခြေ ၂၅ လုံးသည် ဆွေမျိုးနီးစပ် တောင်သူများ ဖြစ်သည်။  

လွန်ခဲ့ သည့် ၂၀၁၅ ကစ၍ အဆိုပါစီမံကိန်း အကောင်အထည်ဖော်မည်ဟုသိရသည့်အခါ ဒေသအတွင်းရှိ မြေယာများကို ပြင်ပမှ လာရောက်ဝယ်ယူသူများအား လုံးဝမရောင်းရန် အချင်းချင်းညှိနှိုင်း၍ မြေယာများကို ထိန်းသိမ်းခဲ့ကြောင်း ဒေသခံဦးထိန်ဝင်းက အတွေ့အကြုံကို ပြန်ပြောပြသည်။

လက်ရှိတွင် အဆိုပါ ကျေးရွာရှိ တောင်သူများပိုင်ဆိုင်သော လယ်မြေ ၃၅ ဧကရှိသည်။ ထိုလယ်များတွင် လယ်ယာမြေပိုင်ဆိုင်ခွင့် လက်မှတ်ပုံစံ(၇)ကို သက်ဆိုင်ရာက ထုတ်ပေးထားသည်။ ထိုလယ်အားလုံးသည် စီမံကိန်းဧရိ ယာအတွင်း ပါဝင်သည်။ ထို့ပြင် မီးလောင်ချိုင်ကျေးရွာနှင့် ဂျိတ်လတ်ကျေးရွာမှ တောင်သူများပိုင် ဆိုင်သည့် တောင်ယာမြေ ဧက ၅၀၀ ကျော်လည်း စီမံကိန်းဧရိယာအတွင်း ပါဝင်သည်။ အဆိုပါ မြေနှင့်ပတ်သက်၍ ပြဿနာရှိ နေပါသည်။ ဒေသခံများ ပိုင်ဆိုင်သည့်တောင်ယာမြေများနှင့် ပတ်သက်၍ သက်ဆိုင်ရာဌာနက ပိုင် ဆိုင်ကြောင်း အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးထားခြင်း မရှိ သေးပေ။ အဆိုပါ တောင်ယာမြေများတွင် ဒေသခံများသည်  ၁၁ ရက်၊ သီဟိုဠ်ကျွန်း၊ တညင်း စသည့်နှစ် ရှည်ပင်များစိုက်ပျိုးပြီး မာလကာ ကဲ့သို့သော သီးနှံပင်များကိုလည်း စိုက်ပျိုးထားကြသည်။

သို့သော် ပြင်ပမှ လာရောက်ဝယ်ယူထားသူ ခုနစ်ဦးထံတွင် လယ်နှင့် တောင်ယာမြေများအ တွက် ပိုင်ဆိုင်ကြောင်း လက်မှတ် ပုံစံ(၇)များကို သက်ဆိုင်ရာဌာန က ထုတ်ပေးထားကြောင်း ဒေသခံ များက ပြောသည်။ ပြင်ပမှ ၀ယ် ယူထားသူများ၏ မြေယာအားလုံး သည်လည်း စီမံကိန်းဧရိယာအ တွင်း ပါဝင်သည်။

‘‘ရွာကနေ မြို့ကိုသွားဖို့ အ နည်းဆုံးတစ်သိန်းကျော် နှစ်သိန်း ကုန်တယ်။ လုပ်ငန်းရှင်က ငွေ ကြေးပမာဏတွေ အမြောက်အ မြားသုံးစွဲပြီး လုပ်ထားတော့ ပုံစံ (၇)ရတာ။ လုပ်ငန်းရှင်တောင် ရသေးတာ၊ ဒီမြေမှာမွေး၊ ဒီမြေကို ပိုင်ထားတဲ့ သူတွေလည်း ပုံစံ(၇)ရရမယ်ဆိုပြီး ကျွန်တော်တို့လုပ်ခဲ့တယ်။ ဒါပေမဲ့ မရဘူး။ ကျွန်တော်တို့က ငွေကြေးမတတ်နိုင်ဘူးလေ’’ဟု မီးလောင်ချိုင် ဒေသခံတစ်ဦး ဦးရွဲက သူ့အတွေ့အကြုံကို ရှင်းပြသည်။

လက်ရှိတွင် မြေယာပိုင်ဆိုင် မှုအတွက် သက်ဆိုင်ရာမှ စာရွက် စာတမ်းအထောက်အထား ထုတ် ပေးထားခြင်း မရှိသေးသော်လည်း၊ ဒေသခံအချင်းချင်း ကန် သင်းတင် အမှတ်အသားများ ပြုလုပ်၍ ပိုင်ဆိုင်မှုများ ခွဲထားကြောင်း ဒေသခံများကဆိုသည်။

မြန်မာနိုင်ငံအတွက် လိုအပ် သော လျှပ်စစ်ဓာတ်ထုတ်လုပ်ပေးမည့် စက်ရုံသည် ထိုဒေသ၌ တည် ဆောက်မည်ဖြစ်သဖြင့် ဒေသခံများ ၀မ်းမြောက်ဂုဏ်ယူနေသည်။ သို့သော် ပိုင်ဆိုင်သော မြေယာများနှင့်ပတ်သက်၍  ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ပေးစေလိုကြသည်။ ထို့ပြင် ငယ်စဉ်ကပင် ပင်လယ်လေအထိအတွေ့နှင့် ကြီးပြင်းခဲ့သူများဖြစ်၍ သူတို့နေထိုင်ရန် နေရာချပေးမည့်နေရာသည် ပင်လယ်ထွက်ပေါက်တစ်ခု ဖြစ်စေလိုကြသည်။ ထိုစီမံကိန်းသည် ရှေးနှစ်ပေါင်း အစဉ်အဆက်တည်ရှိနေမည်ဖြစ်သောကြောင့် အစိုးရ၊ ဒေသခံနှင့် ကုမ္ပဏီတို့အကြား တိကျခိုင်မာသော စာချုပ်စာတမ်းများဖြင့်ပြုလုပ်ပေးရန် မျှော်လင့် ကြောင်း ဒေသခံများက ပြောသည်။ မီးလောင်ချိုင်ရွာတွင် အဆိုပါ စက်ရုံတည်ဆောက်မှုနှင့်ပတ်သက်၍ တည်ဆောက်မှုဆိုင်ရာ မြေယာဆန်းစစ်ခြင်းများ၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင် အကျိုးသက်ရောက်မှု (EIA/SIA) လေ့လာဆန်းစစ်ခြင်းများ ဆောင်ရွက်ခဲ့သည်။ ဒေသတွင်း ပေါက်ဖွားရှင်သန်နေသည့် တိရစ္ဆာန်အမျိုးမျိုးတို့၏ သက်ရှင်နေ ထိုင်မှုအတွက် လေထုဆိုင်ရာ စမ်းသပ်မှုများလည်း ဆောင်ရွက်ထားကြောင်း ကုမ္ပဏီ၏မှတ်တမ်း များတွင် ဖော်ပြထားသည်။

စီမံကိန်းအကောင်အထည် ဖော်မည်ဖြစ်၍ မီးလောင်ချိုင်ကျေးရွာရှိ ဒေသခံများနေထိုင်ရန် Supreme ကုမ္ပဏီက စက်ရုံနှင့် လွတ်ကင်းသည့်နေရာတွင် ကျေးရွာတစ်ခုပြန်လည် တည်ဆောက် ပေးရန် စီစဉ်ထားသည်။ ထိုနေရာ တွင် အခြေခံပညာအထက်တန်း ကျောင်း၊ ဆေးရုံ၊ ဈေးနှင့် သင်္ချိုင်းပါ ထည့်သွင်းတည်ဆောက်ပေးရန် စီစဉ်ထားကြောင်း အဆိုပါ ကုမ္ပဏီ၏ မှတ်တမ်းများတွင် ဖော် ပြထားသည်။

‘‘ဒေသခံတွေက စီမံကိန်းဖြစ် ဖို့ အားတက်သရော ပါဝင်နေ တော့ လုပ်ရကိုင်ရတာ အဆင်ပြေပါတယ်။ ကားလမ်းလည်း ဖောက်မှာပါ။ ကျွန်တော်တို့ လမ်းအူ ကြောင်းလည်း မနှစ်ကတည်းက ရှာထားပါပြီ’’ဟု စီမံကိန်းမန်နေဂျာ ဦးအောင်မျိုးခိုင်ကပြောသည်။

လက်ရှိတွင် မီးလောင်ချိုင် ကျေးရွာ၌ LNG ဖြင့် သဘာဝဓာတ် ငွေ့ရည်နှင့် စွန့်ပစ်အပူသုံး လျှပ် စစ်ဓာတ်အားထုတ်လုပ်ရေး ပြည်ထောင်စုအစိုးရက Notice to Proceed အမြန်အဆန် လုပ်ကိုင်နိုင်ရေး ခွင့်ပြုချက်ကို ဇန်န၀ါရီလကုန်ပိုင်းက Supreme ကုမ္ပဏီသို့ ခွင့်ပြုပေးခဲ့သည်။

ကုမ္ပဏီအနေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းအသေးစိတ် ရေးဆွဲနေဆဲဖြစ်ပြီး စက်ရုံကို ၂၀၁၈ နှစ်ကုန်ပိုင်းတွင် စတင်တည်ဆောက်ရန် ရည်ရွယ်ထားသည်။ ထိုစက်ရုံနှင့်အတူ ပင်လယ်အတွင်း တစ်မိုင်ခန့်ရှည်လျား သည့် ပင်လယ်ဆိပ်ခံတံတား၊ မိုင်ဝက်ခန့် ရှည်လျား၍ အမြင့် မီတာ၃၀ ရှိသော လှိုင်းကာတံတိုင်းနှင့်  LNG ဓာတ်ငွေ့ရည်များ ဆိပ်ကမ်းမှတစ်ဆင့် စက်ရုံရှိ ဓာတ်ငွေ့လှောင်ကန်သို့ ပို့လွှတ်ရန် ရေခဲမှတ်အောက်အေးသည့် ပိုက်လိုင်းစနစ်များ ပါဝင်မည်ဖြစ်ကြောင်း ကုမ္ပဏီက ထုတ်ပြန်ထားသည်။

‘‘ပင်လယ်သားက ပင်လယ် လေကို မရှူရတော့တာ ဒုက္ခတစ်မျိုးပေါ့။ တစ်နိုင်ငံလုံး လျှပ်စစ်မီး ရဖို့ မီးအလင်းရောင်ရဖို့ ကျွန်တော်တို့ရဲ့ ပိုင်ဆိုင်မှုတွေ၊ အလုပ်အ ကိုင်တွေကို စွန့်လွှတ်ပြီး ဆောင် ရွက်မှာပါ။ ဒါပေမဲ့ ကျွန်တော်တို့ ရွာလေးကို မီးလင်းချိုင်လို့တော့ ခေါ်ပါ’’ဟု ဒေသခံဦးရွဲက ပြောသည်။

အလားတူ ဒေသခံတစ်ဦး ဖြစ်သော ဦးဆန်းထူးကလည်း ‘‘မီးဆိုတဲ့စကားလုံးကို ကျွန်တော်တို့မလိုလားဘူး။ မီးလောင်ဆိုတော့ ပိုဆိုးတာပေါ့။ အမြဲတမ်းပူလောင်နေတဲ့ သဘောဖြစ်နေတယ်။ ခုက ဒီမီးလောင်ချိုင်ကနေ ပြီးတော့ မြန်မာတစ်နိုင်ငံလုံးကို မီးအလင်းရောင် ပေးနိုင်တော့မယ်။ ဒါကြောင့် မီးလောင်ချိုင်ဆိုတဲ့ စကားလုံးအစား မီးလင်းချိုင်လို့ ပြောင်းခေါ်ပေးပါ။ မူလနာမည်လည်း မပျက်ဘူး။ နိုင်ငံအတွက်လည်း သမိုင်းဝင်မယ့် နာမည်လေးလည်း ဖြစ်တာပေါ့’’ဟု သူ၏ဆန္ဒကို ဖွင့်ဟလေသည်။

Top News