ပဲကြီး လှိုင်လှိုင်ပေါ်ချိန် ဈေးကျ၍ တောင်သူများ တွက်ခြေမကိုက်

အောင်လံနယ်အတွင်း ပဲကြီးများခူးဆွတ်နေစဉ် (ဓာတ်ပုံ − လှထွန်း)

ပဲကြီးလှိုင်လှိုင်ပေါ် ချိန် မတ်လတွင် ပဲကြီးဈေးနှုန်း များ ယခင်ဈေးထက် ထက်ဝက်ခန့်အထိ ကျဆင်းပြီး ယခုဈေး ထက် ဆက်လက်ကျဆင်းပါက အရှုံးပေါ်မည်ဖြစ်ကြောင်း အောင် လံမြို့နယ်ရှိ ပဲကြီးစိုက် တောင် သူများက ပြောသည်။

ယခုနှစ်ဆန်းပိုင်းက ပိဿာ နှစ်ဆယ် (တစ်တင်း) လျှင် ကျပ် ၇၀,၀၀၀ ကျော်အထိ ဈေးရှိခဲ့ပြီး ပဲကြီးလှိုင်လှိုင်ပေါ်ချိန် မတ်လ ၈ ရက်တွင်မူ တစ်တင်းလျှင် ကျပ် ၃၅,၀၀၀ ခန့်သာ ဈေးရကြောင်း အောင်လံ မြို့နယ်ရှိ ပဲ၊ နှမ်း၊ သီးနှံပွဲရုံပိုင်ရှင်များက ပြောကြားသည်။

ယခုပေါက်ဈေးထက် ဈေးပို မိုကျဆင်းပါက အရှုံးပေါ်မည်ဖြစ် ကြောင်း အောင်လံမြို့နယ်အောင် မြေကုန်းကျေးရွာမှ တောင်သူ ဦး မင်းနိုင်ဦးက ပြောသည်။

‘‘ပဲကြီးက ဆောင်းသီးနှံဆို တော့ အရင်းကြီးပါတယ်။ စိုက် ပျိုးစရိတ်လည်းပိုကုန်ပါတယ်။ ခူး ဆွတ်ရတဲ့ လုပ်သားခလည်း ဈေးကြီးတော့ အခုသုံးသောင်းကျော် ဈေးထပ်ကျသွားရင်တော့ အရှုံး ပေါ်တော့မှာပါ။ ပဲ၊ နှမ်းသီးနှံဈေး တွေက တောင်သူလက်ထဲမှာရှိ ရင် ဈေးမကောင်းဘူး။ တောင်သူ က ရတဲ့ဈေးနဲ့ ရောင်းပြီးပြီဆိုရော ဈေးကတက်ရော။ အဲဒီလိုဖြစ်ဖြစ် နေတာ’’ ဟု အောင်လံမြို့နယ် သနပ်ကျေးရွာနေ တောင်သူကိုဇော်မင်းက ပြောသည်။

ပဲကြီး တစ်ဧကစိုက်လျှင် ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ လုပ်သားနှင့် ကြိတ်ခွဲခများ အပါ အဝင် ကျပ်ခုနစ်သိန်းကျော် ကုန် ကျပြီး ယင်းကုန်ကျစရိတ်သည် စိုက်ပျိုးသည့်တောင်သူ၏ လုပ် အားခ မပါဝင်သေးကြောင်း ၎င်းက ပြောကြားသည်။ တစ်ဧကစိုက် လျှင် ပဲကြီး တင်းနှစ်ဆယ်ခန့်သာ အများဆုံး ထွက်ကြောင်း ပဲကြီး စိုက်တောင်သူများက ဆိုသည်။

ပဲကြီးသည် (ပြည်တွင်းသုံး) ပြည်တွင်းစားသုံးမှု မြင့်မားသော သီးနှံဖြစ်သောကြောင့် သီးနှံရှား ပါးချိန်တွင် ဈေးမြင့်တက်လေ့ရှိ ပြီး သီးနှံပေါ်ချိန်တွင် ဈေးကျလေ့ ရှိကြောင်း၊ ပြီးခဲ့သည့် ပဲကြီးရှားပါး ချိန်ကာလက ဈေးအဆမတန် မြင့်တက်ခဲ့ကြောင်း အောင်လံ ကုန်သည်အသင်းဥက္ကဋ္ဌ ဦးအောင် မိုးက ပြောသည်။

ယခုနှစ် အောင်လံမြို့နယ် တွင် ဆောင်းသီးနှံအဖြစ် ပဲကြီး စိုက်ဧက နှစ်သောင်းကျော် စိုက် ပျိုးထားကြောင်း မြို့နယ်စိုက်ပျိုး ရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ် ဦးက ပြောသည်။

Top News