စာမေးပွဲ ဖြေဆိုခွင့်ကတ် မေ့ကျန်သော ကျောင်းသားကို ယာဉ်ထိန်းရဲက ကတ်အား ၁၅မိနစ်အတွင်း ဆိုင်ကယ်ဖြင့်လိုက်ယူပေး

တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ် စာဖြေဆိုသည့်နေ့ မတ်လ ၈ ရက်က ဖြေဆို ခွင့်ကတ်ပြား မေ့ကျန်ခဲ့ကြောင်း ဖြေဆိုခါနီး နာရီဝက်အလိုမှ သိရှိသော အထက(၅) မရမ်းကုန်းစာစစ်ဌာနမှ ကျောင်းသားတစ်ဦး အား ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် တပ်ကြပ်တစ်ဦး က ၁၅ မိနစ်အတွင်း ရှေ့ပြေးဆိုင်ကယ်ဖြင့် ယူပေးခဲ့သည်။

စာစစ်ဌာနမှ သုံးမိုင်ခန့်ဝေးသည့် ၉ မိုင်ရှိနေအိမ်သို့ အငှားကားဖြင့် ပြန်ယူရန် မိခင်နှင့် ထိုကျောင်းသားတို့ တိုင်ပင်နေစဉ် ရဲတပ်ကြပ်ရန်နိုင်စိုးက ကြားသိကာ ယင်းသို့ ကူညီပေးခဲ့ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုရဲမှူးရဲဝင်းစိုးက ဆိုသည်။‘‘အထက(၅)မရမ်းကုန်းစာ စစ်ဌာနမှာ လုံခြုံရေးယူထားရင်း နဲ့ စာစစ်ဌာန တံခါးက ၈နာရီခွဲမှ ဖွင့်တော့ တခြားကျောင်းသားတွေ က ၀င်ကြပြီ။ အဲဒီကလေးက ကတ်မပါလာဘူး။ ကလေးက လည်းမျက်နှာငယ်ငယ်နဲ့ ဟို ကြည့်ဒီကြည့်နဲ့ဖြစ်နေတယ်။ သူ့ အမေက တက္ကစီနဲ့အိမ်ပြန်ယူမယ် ပေါ့။ တက္ကစီနဲ့ဆို သေချာပေါက်  နာရီဝက်နဲ့ မရောက်ဘူး။ အဲဒီမှာ တာဝန်ကျနေတဲ့ တပ်ကြပ်နှစ်ဦး ထဲက တပ်ကြပ်ရန်နိုင်စိုးက ကူညီ ပေးခဲ့တာ။ ၈နာရီ ၄၅ မိနစ်မှာ ကလေးက စာဖြေခန်းထဲဝင် နိုင် သွားတယ်’’ ဟုဒုရဲမှူးရဲဝင်းစိုးက ပြောသည်။

စာစစ်ဌာနမှ ကျောင်းသား ၏ နေအိမ်သို့ သွားရာတွင် အချိန် မီစေရန် လမ်းကြားဖြတ်လမ်းများ အသုံးပြုခဲ့ပြီး ဖြတ်သန်းရာ လမ်း တစ်လျှောက်ရှိ ယာဉ်ထိန်းရဲတပ် ဖွဲ့ဝင်များနှင့် ချိတ်ဆက်ကာ မီး ပွိုင့်များကိုလည်း ခေတ္တအထိန်း အချုပ်ပြုလုပ်ခဲ့ရသည်ဟု ၎င်းက ဆိုသည်။

‘‘အရေးကြုံလာရင် ဘာပဲ ဖြစ်ဖြစ် ကူညီပေးဖို့ တပ်ဖွဲ့ဝင် တွေကိုလည်း ပြောပြထားရတာ ပေါ့။ စာမေးပွဲရက်တွေမှာ ရုတ် တရက်ဒဏ်ရာအနာတရဖြစ်တာ တို့၊ ကျန်းမာရေး မကောင်းလို့  ချက်ချင်း ဆေးရုံလိုက်ပို့ရတာ တို့ တော့ရှိတယ်။ အခုဖြစ်စဉ်မျိုး ကတ်ကျန်ခဲ့လို့ အချိန်မီပြန်ယူပေး နိုင်ခဲ့တာတော့ ဒါပထမဆုံးပါပဲ’’ ဟု ဒုရဲမှူးရဲဝင်းစိုးက ပြောကြားသည်။

မတ်လ ၁၆ရက်ထိကျင်းပ မည့်တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုသူများသည် ဖြေဆိုခွင့် ကတ်ပြားကို နေ့စဉ် ယူရပြီး နောက်ဆုံးဖြေရမည့်ဘာသာရပ်  အပြီး စာမေးပွဲခန်းမှ မထွက်ခွာမီ ကတ်ပြားကို စာမေးပွဲခန်းစောင့် ဆရာ၊ ဆရာမ(လက်ထောက်ကြီး ကြပ်ရေးမှူး)ထံ အပ်နှံရမည်ဟု မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက စည်းကမ်းချက်ထုတ်ထားသည်။  

‘‘အားလုံးကလည်း သူဒီလို လေးလုပ်ပေးတာ သဘောကျကြ တော့ ကျွန်တော်တို့လည်း ၀မ်း သာရပါတယ်။ အပျော်ကူးတာ ပေါ့။ ကလေးလည်းအေးအေးချမ်း ချမ်းနဲ့ စာမေးပွဲဖြေသွားရတယ်။  သူဒီလို ဆုံးဖြတ်ပြီး ကူညီပေး လိုက်တဲ့အတွက်လည်း အကြီး အကဲတစ်ဦးအနေနဲ့တော့ ကျေ နပ်ဝမ်းသာရတာပေါ့’’ ဟု ဒုရဲမှူး ရဲဝင်းစိုးကပြောသည်။

More in News Section

Top News